spot_img
Tuesday, March 5, 2024
spot_imgspot_img

“မလုံခြုံတဲ့ အခြေအနေကိုအန်တုရင်း ပညာရေးအတွက် ရှေ့ဆက်နေကြတဲ့ ကရင်နီအမျိုးသမီးငယ်များ ”

Author

Date

Category

ဝါးနဲ့ ဆောက်လုပ်ထားတဲ့ ယာယီအိမ်လေးထဲ အမျိုးသမီးငယ်နှစ်ယောက် ကျောင်းသွားဖို့အတွက် ဗျာများနေပါတယ်။

အကာမရှိဖြစ်နေတဲ့ တဲအိမ်လေးဟာ လက်ရှိမှာတော့ သူတို့ရဲ့ တခုတည်းသော မှီခိုရာအိမ်ဖြစ်နေပါတယ်။ မောင်နှမတွေဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ ကျောင်းနေအရွယ် ဆယ်ကျော်သက်အမျိုးသမီးငယ်လေးတွေ ဖြစ်ကြပါတယ်။

ဝဝပြည့်ပြည့်၊ အသားဖြူဖြူနဲ့ မိန်းကလေးငယ်တဦး ကတော့ မော်ထွားမယ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ သူနေထိုင်တဲ့ ထိုင်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းမှာ Grade – 8 (၈တန်း) ကို တက်ရောက်နေတာပါ။
ထွားမယ်ဦးလိုပဲ အဲဒီစစ်ရှောင်စခန်းမှာ နေထိုင်သူ တထောင်ကျော်ရှိနေပါတယ်။ အဲဒီအထဲ အသက် ၁၀နှစ်ကျော်ကနေ ၁၈နှစ်အထိ ဆယ်ကျော်သက်လူငယ် ၃၀၀ ကျော်ရှိပါတယ်။

ထွားမယ်ဦးဟာ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးဇာတိက ဖြစ်ပြီးတော့ မွေးချင်းညီအစ်မ ၆ ဦးအနက် သူမဟာ လေးယောက်မြောက်ပါ။ အိုးအိမ်ကိုစွန့်ခွာပြီး စစ်ဘေးရှောင်တာ နှစ်နှစ်ကျော်ရှိသွားပြီဖြစ်ပြီး၊ အိမ်နဲ့ စစ်ရှောင်စခန်းမှာ နေထိုင်ချိန် သူမခံစားရတဲ့ ကွာခြားချက်ကို အခုလိုပြောပြပါတယ်။

“ကြောက်ရွံ့စိတ်တွေလည်းဖြစ်ဖူးတယ်။ တခုခုဖြစ်နေတဲ့အချိန်မှာလည်း တယောက်မှလည်း ထုတ်မဖော်ရဲဘူး၊ အဲဒီလိုလေ၊ ဆိုတော့ ကိုယ့်ဟာကိုယ်ပဲ ကြိတ်ပြီးတော့ ခံစားအဲဒီလိုမျိုးပေါ့။ တနေရာရာကို သွားလာတဲ့အချိန်မှာဆိုလည်း အဲဒီလိုမျိုး စိတ်ဖြစ်တာပိုများတယ်။” လို့ သူမက ပြောပါတယ်။

ထိုင်း-ကရင်နီ နယ်စပ်တခုမှ တွေ့ရသော ကလေးငယ်များ

သူမ လတ်တလော စစ်ရှောင်စခန်းမှာ မိသားစုတွေနဲ့အတူနေထိုင်နေပေမဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ ပတ်ဝန်းကျင်ဟုတ်မနေခဲ့ပါဘူး။

ဒီလိုမျိုးခံစားမှုတွေကြောင့် စစ်ရှောင်စခန်းရဲ့ အပြင်ဘက်တွေကို မထွက်ဖြစ်တာရှိသလို မဖြစ်မနေသွားရမဲ့ အချိန်မျိုးတွေမှာ သူငယ်ချင်း သို့မဟုတ် မိသားစုဝင်တွေနဲ့ အတူသွားဖြစ်တယ်လို့ သူကပြောပါတယ်။

သူမလိုပဲ အဲ့ဒီစစ်ရှောင်စခန်းမှာနေထိုင်တဲ့ နောက်ထပ်အမျိုးသမီးငယ်တဦးဖြစ်တဲ့ မော်ဖားမယ်ကလည်း တဲအိမ်လေးထဲမှာ အမျိုးသမီးတယောက်ထဲ မအိပ်ရဲလို့ သူငယ်ချင်းအိမ် အိပ်ရတဲ့ရက်တွေရှိဖူးတယ်လို့ ဆိုပါတယ်။

“အိမ်မှာတယောက်ထဲ နေတဲ့အချိန်ရှိတယ်။ ဒါပေမဲ့ ညဖက်တော့ သူငယ်ချင်းတွေကို ခေါ်အိပ်တယ်။ သို့မဟုတ်ရင် သူတို့နဲ့အတူ သွားအိပ်တယ်။” လို့ မော်ဖားမယ်က ပြောပါတယ်။

သူမမှာ မွေးချင်းမောင်နှမ ငါးယောက်ရှိပေမဲ့ မိန်းကလေးတဦးတည်းဖြစ်နေပါတယ်။ ဝါးနဲ့ဆောက်ထားပြီး မိုးကာအမိုးနဲ့ အလျား ၇ ပေ အနံ ၅ ပေလောက်ရှိတဲ့ စစ်ရှောင်အိမ်လေးထဲ နေထိုင်နေတာပါ။ မိသားစုများတဲ့မော်ဖားမယ်တို့ဟာ လူတယောက်ကို ကျောတခင်းစာနေရာပဲ ရှိနေတဲ့ တဲအိမ်လေးထဲ မိသားစုဝင်အားလုံး တန်းစီပြီး အိပ်ရတာပါ။

ဒါကြောင့် မိခင်ဖြစ်သူ တခြားစစ်ရှောင်စခန်းကို သွားအိပ်ချိန်တွေမှာ မိန်းကလေးတယောက်ထဲဖြစ်တဲ့အတွက်၊ ကိုယ်ပိုင်အခန်းရှိမနေတဲ့ မော်ဖားမယ်ကတော့ သူငယ်ချင်းအိမ်မှာ သွားအိပ်စက်ရတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာလည်း မိသားစုဝင်ပိုနည်းပြီး မိန်းကလေးသူငယ်ချင်းရှိတဲ့ အိမ်ကို ရွေးချယ်ပြီး အိပ်တယ်လို့ သူမက ပြောပါတယ်။

ကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာနေထိုင်သူတွေဟာ စစ်ကောင်စီဘက်က လေကြောင်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် မကြာခဏ ပြောင်းရွေ့စစ်ရှောင်တာမျိုးတွေရှိနေပါတယ်။

မော်ထွားမယ်ဦး နေထိုင်နေတဲ့ နယ်စပ်-စစ်ရှောင်စခန်းမှာလည်း စစ်ကောင်စီက ၂၀၂၃ခုနှစ် ဇွန်လှိုင်လ ၁၁ ရက်နေ့ ညသန်းခေါင်ယံအချိန် လေယာဥ်နဲ့ ဗုံးလာကြဲခဲ့ဖူးပါတယ်။

မော်ထွားမယ်ဦးကတော့ စစ်ရှောင်စခန်း ၃ခုလောက်ကို စစ်ရှောင်ခဲ့ဖူးသူဖြစ်ပါတယ်။ သူမနေထိုင်တဲ့ ကျေးရွာမှာ တိုက်ပွဲ စတင်ဖြစ်ပွားချိန်ကစပြီး မိသားစုနဲ့အတူ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရတာပါ။ ကျေးရွာတွေနဲ့ နီးစပ်တဲ့ စစ်ရှောင်စခန်းတွေမှာ စစ်ဘေးရှောင်နေခဲ့ပေမဲ့ လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲမှုတွေကြောင့် စာသင်ကျောင်းတွေ မကြာခဏပိတ်ထားနေရပါတယ်။

ဒါကြောင့် တိုက်ပွဲအဖြစ်နည်းပြီး ပညာရေးကောင်းမွန်စွာ သင်ယူနိုင်မယ်လို့ သူတို့ မျှော်လင့်ထားတဲ့ နယ်စပ်စစ်ရှောင်စခန်းကို လာရောက်နေထိုင်ဖို့ ရွေးချယ်ခဲ့ကြတာလို့ ဆိုပါတယ်။

ထိုင်း – ကရင်နီနယ်စပ်တွင် တွေ့ရသော စစ်ရှောင်စခန်းတခု

သူမ လက်ရှိနေထိုင်တဲ့ စစ်ရှောင်စခန်းမှာ အမျိုးသမီးအရေးဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတချို့ကနေ လိုအပ်တဲ့ အမျိုးသမီးအသုံးအဆောင် ပစ္စည်းထောက်ပံ့ပေးပါတယ်။

သူမလိုပဲ အသက် ၂၀အရွယ် မော်ဘူးမာကလည်း စစ်ရှောင်စခန်းတော်တော်များများကို ပြောင်းရွေ့စစ်ရှောင်ဖူးသူပါ။ ဒီလိုပြောင်းရွေ့ရင်း သူရင်ဆိုင်ရတဲ့ စိတ်မလုံခြုံမှုတွေကို အခုလို ပြောပြထားပါတယ်။

“ကျမတို့က တောတောင်တွေအကြားထဲမှာ သွားရတဲ့အတွက်ကြောင့်မလို့ ရေချိုးတဲ့အချိန်မှာ ဆိုလို့ရှိရင် ချောင်းထဲမှာ ချိုးတဲ့အချိန်မျိုးမှာဆိုလို့ရှိရင် ကျမတို့အတွက် စိတ်မလုံခြုံမှုတွေ မရှိဘူးပေါ့နော။ ပြီးတော့ကျမတို့နေထိုင်တဲ့ စစ်ရှောင်အိမ်လေးက သေးငယ်တဲ့အတွက်ကြောင့်မလို့ နေရထိုင်ရတာ အဆင်မပြေဘူးပေါ့နော။ “ လို့သူမကပြောပါတယ်။

သူမစစ်ရှောင်ခဲ့တဲ့စခန်းတွေဟာ တောတောင်ထဲမှာဖြစ်ပြီး မတူညီတဲ့ နေရာဒေသတွေက လူပေါင်းစုံတွေကြားမှာ အများနည်းတူ ရေးချိုးတာတွေ၊ အိမ်သာတွေကို အသုံးပြုတာတွေ ပြုလုပ်ခဲ့ရပါတယ်။ အဲဒီလိုအကြောင်းအရင်းက သူမကို စိတ်မလုံခြုံမှု ဖြစ်ပေါ်စေပြီး အမျိုးသမီးအတွက် သီးသန့်နေရာ ထားရှိပေးသင့်တယ်လို့ သူမက ပြောပါတယ်။

သူမဟာ ဒီးမော့ဆိုမြို့က ကျေးရွာတရွာမှာ နေထိုင်ခဲ့ပြီး၊ လက်ရှိမှာတော့ သူမရဲ့ ကျေးရွာအနီးအနားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့သလို လက်နက်ကြီးမကြာခဏ ကျရောက်တဲ့အတွက် စစ်ရှောင်နေရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမရဲ့ ပညာရေးကို ဆက်လက်သင်ကြားနိုင်ဖို့ ခင်မင်ရင်းနှီးသူတွေနဲ့အတူ ဝေးကွာလှတဲ့ ထိုင်း-မြန်မာနယ်စပ်တနေရာကို ရောက်ရှိနေတာဖြစ်ပါတယ်။

“ကျမ အရင်က နေထိုင်ခဲ့ရတဲ့ အိမ်လေးဟာဆိုရင် ကိုယ်ပိုင်အခန်းလေး တယောက်တခန်းလေး နေထိုင်ကြပြီးတော့မှ စိတ်လုံခြုံမှုပေးတဲ့ အိမ်မျိုးဖြစ်တယ်။ တယောက်ကဝမ်းနည်းရင် တယောက် motivation(အားပေးတာ) ပေးပြီးတော့မှ အပြန်အလှန် မှီခိုကြတယ်။ အပြန်အလှန် respect(လေးစားမှု) ထားကြတယ်။ မို့မိုပါ့ပါတို့နဲ့ဆိုရင်လည်း အရမ်း close (နီးစပ်မှု)ဖြစ်တယ်။ တခုခုခံစားနေရတဲ့ အချိန်တွေမှာဆိုရင်လည်း သူတို့ကို ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းလို သဘောထားပြီးတော့မှ ရင်ဖွင့်ပြီး ပြောလေ့ရှိတယ်ပေါ့နော။” လို့ မော်ဘူးမာက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ရှောင်တွေဟာ လုံခြုံတဲ့အိမ်ထဲခိုလှုံခွင့်မရနေပါဘူး။ ယာယီတဲအိမ်ထဲ တံခါးမရှိ အကာမရှိနဲ့ အိပ်စက်နားခိုနေကြရတာပါ။ လက်ရှိမော်ထွားမယ်ဦးထိုင်တဲ့ စစ်ရှောင်စခန်းမှာတော့ သူမတို့မိသားစုနေထိုင်တဲ့ တဲအိမ်တလုံးနဲ့ တခြားမိသားစုနေထိုင်တဲ့ တဲအိမ်တလုံးဟာ ခြေလှမ်း ၁၀ လှမ်းလောက်တောင် ဝေးမနေခဲ့ပါဘူး။
အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့ကစပြီး လက်ရှိ ၂၀၂၃ ခုနှစ်ကုန်အထိ စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေပါတယ်။

ဒီနယ်စပ်ကိုရောက်တဲ့ အမျိုးသမီးငယ်တချို့ကတော့ ပညာရေးအဆက်မပြတ်ဖို့အတွက် ရောက်လာကြသူတွေရှိနေပါတယ်။ နယ်စပ်ဒေသမှာ ယခင်က လက်နက်ကြီးကျရောက်မှုမရှိခဲ့တဲ့အတွက် ပညာရေးကို ပြီးမြောက်အောင် သင်ယူနိုင်မယ်လို့ မျှော်လင့်ခဲ့တယ်လို့ ဆိုကြပါတယ်။

အဲဒါကြောင့် မိသားစုမပါရင်တောင် ခင်မင်ရင်းနှီးတဲ့ အသိမိသားစု သူငယ်ချင်း သို့မဟုတ် ဆွေမျိုးသားချင်းတွေနဲ့အတူ နယ်စပ်က စစ်ရှောင်စခန်းကို ရောက်လာကြတဲ့ အမျိုးသမီးငယ်တချို့ရှိနေပါတယ်။ အဲဒီအထဲ ရှားတောမြို့နယ်က မိမိ ဆိုသူလည်းပါဝင်ပါတယ်။ မိသားစုနဲ့အတူနေချင်ပေမယ့် ပညာရေးအတွက် အဝေးကို နေထိုင်နေရတယ်လို့ ဆိုပါတယ်။

“မိသားစုနားနေချင်တယ်။ ဒါပေမဲ့ ကျောင်းလည်းတက်ချင်တယ်။” လို့ မိမိက ဆိုပါတယ်။ သူမ မိသားစုနေထိုင်တဲ့စစ်ရှောင်စခန်းမှာ မူလတန်းအတွက်သာ တက်ရောက်ဖို့ရှိနေခဲ့ပြီး အလယ်တန်းနဲ့ အထက်တန်းအတွက် မဖွင့်လှစ်နိုင်သေးပါဘူး။

သူမဟာ Grade 7 ကျောင်းသူလေးဖြစ်ပြီး နယ်စပ်ကိုရောက်တာ နှစ်နှစ်ရှိပြီဖြစ်ပါတယ်။ သူမရဲ့ အနာဂတ်ရည်မှန်းချက်ကလည်း အင်ဂျင်နီယာဖြစ်ချင်တာပါ။

ကရင်နီပြည်အစိုးရ ပညာရေးဝန်ကြီးဌာနရဲ့ Karenni Education Department ( KnED ) သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားပေးနေတဲ့အထဲ မော်ထွားမယ်ဦးနေထိုင်တဲ့ နယ်စပ်စစ်ရှောင်စခန်းလည်း ပါဝင်ပါတယ်။ အဲဒီကျောင်းပြီးနောက်မှာ နယ်စပ်ဒေသမှာပဲ အဆင့်မြင့် ပညာရေးကို ဆက်လက်တက်လှမ်းနိုင်ဖို့ ရည်ရွယ်ထားသူပါ။

ကရင်နီပြည်မှာ စစ်ရှောင် နှစ်သိန်း ရှစ်သောင်း နှစ်ထောင်ကျော်ရှိနေတယ်လို့ စစ်ရှောင်လူဦးရေစာရင်းကို ကောက်ယူနေတဲ့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က ယခုနှစ် ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ရှောင်စခန်းက လူဦးရေအများစုဟာ အမျိုးသမီးတွေဖြစ်ကြပြီး၊ သူတို့တွေဟာစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံနေရတယ်လို့ ကရင်နီအမျိုသမီးအစည်းအရုံး KNWO ရဲ့ အတွင်းရေးမှူး – ၂ မော်ဖရေမြာက ပြောပါတယ်။

ကရင်နီပြည်မှာ အရင်အခြေအနေကတည်းက ကျား/မ အခြေပြုအကြမ်းဖက်မှုတွေရှိခဲ့ရာကနေ အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုများလာတယ်လို့လည်းဆိုပါတယ်။

“ ဒီလိုမျိုး အာဏာသိမ်းမှု ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ဆိုလို့ရှိရင် ဒီ GBV အကြမ်းဖက်မှုအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဒီအမျိုးသမီးကြီးတွေ ကလေးငယ်တွေ ကိုယ်ဝန်သည်တွေက သူတို့ရဲ့ အခွင့်အရေးတွေကို အများကြီးဆုံးရှုံးတာမျိုးတွေရှိသလို၊ တဖက်မှာဆိုလို့ရှိရင်လည်း စစ်ကောင်စီကပေးတဲ့ စစ်ရာဇဝတ်မှုတို့ကြောင့် သူတို့ရဲ့ နေ့စဥ်ရက်ဆက်ဖြတ်သန်းနေရတဲ့ ဘဝတွေကိုလည်း သူတို့ရင်ဆိုင် အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပေါ့နော။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလိုပုံစံမျိုးဆိုလို့ရှိရင် အယောက်တိုင်းအမျိုးသမီးတွေ ခံရတဲ့ အနေအထားမျိုးမှာ ရှိတယ်ပေါ့နော။ “ လို့ မော်ဖရေမြာ က ပြောပါတယ်။

၂၀၂၃ခုနှစ် တစ်နှစ်တည်းမှာလည်း သူတို့ အဖွဲ့ဆီကို လာတိုင်ကြားတဲ့ အမျိုးသမီးအကြမ်းဖက်ခံရတဲ့အမှုပေါင်း ၆၀ ကျော်အထိရှိနေတယ်။ ကျား/မ ခွဲခြားဆက်ဆံမှုတွေကို ပယ်ဖျက်ပြီးတော့မှ ကောင်းမွန်တဲ့အတွေးအမြင်တွေကို ဖော်ဆောင်နိုင်ဖို့လည်း တောင်းဆိုထားပါတယ်။

လက်ရှိ KYWO ထံ လာရောက်တိုင်ကြားတဲ့အမှုတွေထဲ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုက အများဆုံးဖြစ်နေပါတယ်။ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေက ဒုတိယအများဆုံးဖြစ်တယ်လို့ မော်ဖရေမြာက ဆက်ပြောပြထားပါတယ်။

“အဓိကကတော့ တောထဲမှာ ခိုလှုံတာဖြစ်တဲ့အတွက် မီးမရှိတာကြောင့် ညအချိန်အိမ်သာထသွားတာ မလုံမခြုံတာ။ စခန်းအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူရန်ကြောက်တာ လုံခြုံတဲ့ အိမ်မဟုတ်တဲ့အတွက် အချိန်မရွေးမိုးရွာလို့ ထရတာတွေ။ လေတွေအရမ်းတိုက်ရင် သစ်ပင်လဲပြီး အိပ်မောကြနေချိန် အပင်ကျထိမှာတွေ၊ အထူးသဖြင့် စစ်ကောင်စီရဲ့ ပစ်မှတ်တွေခံရတဲ့အတွက် လေယာဥ်လာကြဲ လက်နက်ကြီးကျလာမှာတွေ၊ စိုးရိမ်ကြောက်ရွံ့မှုဖြစ်တဲ့အတွက် အိပ်ရေးမဝတဲ့အတွက် ကယောင်ကခြားဖြစ်ပြီး စိတ်ဒဏ်ရာနောက်ဆုံးတွဲခံစားရတာတွေ၊ ကျန်းမာရေးနောက်ဆက်တွဲခံစားတာတွေ ရှိလာတာပေါ့နော။“ လို့ မော်ဖရေမြာက ဆက်ပြောပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးအကြမ်းဖက်ခံရတဲ့ဖြစ်စဥ် ပိုများလာနေပြီး၊ ကျူးလွန်သူတွေဘက်က အခွင့်အရေးပိုယူ လာကြတယ်လို့ သူက ဆက်ပြောပါတယ်။ အများစုဟာ စစ်ရှောင်စခန်းတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဖွဲ့အစည်းတွေထံမတိုင်ကြားရဲဘဲ တိုးတိုးတိတ်တိတ်ဖြေရှင်းကြတဲ့ ဖြစ်စဥ်တွေလည်း ရှိနေတယ်လို့ သူမက ဆက်ပြောပါတယ်။

စစ်ရှောင်စခန်းမှာ နေထိုင်ရင်း အသက် ၂၀ ကျော်အရွယ်သမီးလေးအတွက် စိုးရိမ်မကင်းဖြစ်နေရသူကတော့ ဦးယိုဟာ ဖြစ်ပါတယ်။ သူကတော့ လွိုင်ကော်ဇာတိကဖြစ်ပြီး အိုးအိမ်စွန့်ခွာ စစ်ရှောင်တာ နှစ်နှစ်ကျော်ရှိနေပါပြီ။ စစ်ရှောင်စခန်းမှာနေထိုင်ရတဲ့အတွက် သမီးဖြစ်သူအတွက် ယခင်ကထက် ပိုစိတ်ပူတယ်လို့ ဆိုပါတယ်။ စစ်ရှောင်အိမ်တခုတည်းမှာ အတူနေထိုင်တယ်ဆိုပေမဲ့ တစုံတခုဖြစ်မှာကို တွေးပူနေဆဲပါ။

“စိုးရိမ်တာကတော့ စိုးရိမ်တယ်။ သူတို့ တနေရာမှာပဲနေတာလား။ ဒါမှမဟုတ် တခြားနေရာတွေကို လျှောက်သွားနေတာလား။ ညအချိန်တွေမှာ သူငယ်ချင်းတွေနဲ့ လျှောက်သွားနေမလား အဲဒီလိုမျိုးတွေပေါ့နော။” လို့ ဦးယိုဟာက ဆိုပါတယ်။

သူ့ရဲ့ သမီးဖြစ်သူကိုလည်း မည်သည့်အခြေအနေမျိုးတွင်မဆို ယုံကြည်ရတဲ့ အပေါင်းအဖော်သို့မဟုတ် မိသားစုဝင်တစ်ဦးဦး ပါမှသာ အပြင်ထွက်ခွင့်ပြုလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီလို အမျိုးသမီးငယ်တွေအတွက် အကန့်အသတ်တွေကြားက မော်ထွားမယ်ဦးဟာ အနာဂတ်မှာ ဆရာဝန်ကြီးဖြစ်ချင်ပြီး လိုအပ်နေသူတွေကို ကုသပေးချင်နေသူပါ။

ဒါ့အပြင်လက်ရှိမှာလည်း စစ်ရှောင်စခန်းမှာ နေထိုင်တဲ့သူတွေကို အသိပညာပေးမျှဝေတာ ပိုမိုလုပ်ဆောင်ပေးစေလိုသူပါ။

“ရှိတဲ့လူငယ်တွေကိုလေ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲ။ ဘယ်လိုလုံခြုံအောင် သွားလာရမလဲ ဆိုတဲ့ဟာကို မျှဝေပေးစေချင်တယ်။”

လက်ရှိအခြေအနေက သူတို့ကို လုံခြုံတဲ့ ပတ်ဝန်းကျင် ဖြစ်မနေသေးတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို ကြုံနေရသေးတာဖြစ်ပါတယ်။

အမျိုးသမီးပျိုတွေအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေအတွက် အသိပညာပေးအပြင်၊ ယုံကြည်အားကိုးရတဲ့အစိုးရ တရပ်ရှိနေဖို့အတွက်ကိုလည်း မော်ဘူးမာက မျှော်လင့်နေပါတယ်။

spot_img
spot_img

Recent posts