spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မလျော့သောဇွဲနဲ့ ရှည်ကြာလာတဲ့ “နွေဦးတော်လှန်ရေး”

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) )

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ မြန်မာပြည်က လူထုတွေအတွက် အမှောင်ကျခဲ့ရတဲ့ နေ့၊ ကြောက်ခေတ်ကို တဖန်ပြန်လည်ရောက်ရှိသွားရတဲ့ နေ့အဖြစ် လူထုရင်ထဲမှာ ရှင်သန်ကျန်ရစ်နေဦးမဲ့ သမိုင်းဆိုးတဲ့ နေ့ရက်တစ်ခု။

ရွေးကောက်ပွဲရလဒ်ကို မကျေနပ်တာကြောင့် အာဏာကို ထိန်းသိမ်းလိုက်တာ ဖြစ်တယ်လို့ ပြောလာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကနေ လွန်ခဲ့တဲ့ နှစ်နှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အာဏာရပါတီမှ တာဝန်ရှိသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူလူထုတွေမှာတော့ ထောင်ကျသူကျ၊ သေသူသေ၊ ပြန်လွတ်သူလွတ်နဲ့ နှစ် နှစ် ( ရက်ပေါင်း ၇၃၀ ) အထိ ရှည်ကြာလာ ရောက်ရှိလာခဲ့ပြီး ဒီကာလအတွင်း မြောက်များစွာသော ဖြစ်ပျက်မှုတွေဟာလည်း လူထုရင်ထဲ ထာဝစဉ် ရှင်သန်သွားမဲ့ သမိုင်းတစ်ခုအဖြစ် ကျန်ရစ်နေဦးမှာပါ။

ကရင်နီပြည်မှာတော့ နှစ် နှစ်အတွင်း တိုက်ပွဲကြောင့် တောတောင်ထဲ ခက်ထန်ကြမ်းတမ်းစွာ စစ်ဘေးရှောင်ဘဝနဲ့ ရှင်သန်နေရသူ နှစ်သိန်းနီးပါး ကတော့ ဒီနေ့အထိ မလျော့လာပဲ ရှိနေဆဲ၊ ရှိနေမြဲပါ။

ဘေးလွတ်ရာလို့ ယူဆထားကြတဲ့ နေရာတွေမှာ ခက်ခဲကြမ်းတမ်းစွာနဲ့ သွားရောက် ရှင်သန်နေကြပေမယ့် စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း စတဲ့ ရန်ကနေလည်း မလွတ်မြောက်နိုင်ကြပါဘူး။

လူထုအားလုံးပါဝင်တဲ့ “နွေဦးတော်လှန်ရေး” လို့ အမည်တွင်သမုတ်ကြတဲ့ ၂၀၂၁ မှာ ဖြစ်ပေါ်လာတဲ့ ဒီတော်လှန်ရေးဟာ လူထုတွေက အများဆုံး အနစ်နာခံ၊ပေးဆပ်နေကြရတဲ့ တော်လှန်ရေးပါပဲ။

စစ်တပ် အာဏာသိမ်းမှုကို ဖီဆန်ကြတဲ့ ပညာရေးဝန်ထမ်းများအား ၂၀၂၁ ခုနှစ် တွင် တွေ့ရစဉ် ( ဓတ်ပုံ – ကန္တာရဝတီတိုင်း(မ်) )

သို့ပေမယ့်လည်း ဒီလိုအနစ်နာခံပေးဆပ်နေတဲ့ လူထုတွေဟာ တော်လှန်ရေး ၂ နှစ်ကြာတဲ့အချိန်အထိ စိတ်ငယ်အားလျော့သွားတာမျိုးမရှိပဲ အဆုံးထိ တော်လှန်သွားကြဖို့ သူတို့ကိုယ်တိုင် စိတ်အားထက်သန်နေကြတာပါပဲ။ အထူးသဖြင့် အနာဂတ်ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ လူငယ်လူရွယ်တွေက ဒီတော်လှန်ရေးမှာ ကဏ္ဍပေါင်းစုံကနေ ပါဝင်နေကြတာပါ။

လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ကြသူတွေကတော့ မိမိအသက်ကို တော်လှန်ရေးထဲ နစ်မြုပ်ထားကြတာပါပဲ။ အာဏာသိမ်းမှုအပြီး ကရင်နီပြည်မှာ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ အဖြစ် အသီးသီး ဖွဲ့စည်းပေါ်ပေါက်လာကြသလို ယခင်ကတည်းက ရှိနှင့်နေပြီးသား တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေလည်း ရှိနေပါတယ်။

ကရင်နီပြည်မှာတော့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အပါအဝင် မြို့နယ်အသီးသီးမှာလည်း PDF တပ်ဖွဲ့တွေ ဖွဲ့စည်းထားတာ ရှိပါတယ်။ ကရင်နီဒေသခံလူငယ်တွေကနေ ဦးဆောင်ဖွဲ့စည်းထားတဲ့ တော်လှန်ရေးအင်အားစုတွေ ရှိသလို ပြည်နယ်ပြင်ပက လူငယ်တွေကနေ ဦးဆောင်ဖွဲ့စည်းထားတဲ့ တော်လှန်အင်အားစုတွေလည်း ကရင်နီမှာ ရှိနေတာပါ။ အဖွဲ့အသီးသီးကနေလည်း တိုက်ပွဲကြောင့် ဂုဏ်ယူစွာကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်း လူငယ်လေးတွေ ရှိနေပါတယ်။

တချို့သော တော်လှန်ရေးအင်အားစုတွေဟာ လူငယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်သလို အလှူရှင်တွေနဲ့သာ ရပ်တည် တော်လှန်နေတဲ့ လက်နက်ကိုင် အင်အားစုတွေဖြစ်တာကြောင့် တော်လှန်ရေး ရှည်ကြာလာတာနဲ့အမျှ စိန်ခေါ်မှု၊ အခက်အခဲတွေကို ပိုမိုထွေးပွေ့ထားရသူတွေပါ။

ရဲဘော် နေမာ ဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့ တပ်ရင်းတစ်ခုမှာ ပါဝင်တော်လှန်နေသူပါ။ သူဟာ သာမန်လူငယ်လေးတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်မှာ မိမိဒေသ၊ ရပ်ရွာ၊ လူမျိုးကို ကာကွယ်ဖို့အတွက် လက်နက်ကိုင်တော်လှန်ဖို့ ရွေးချယ်ခဲ့သူပါ။

“တော်လှန်ရေးနှစ်နှစ်တွင်းမှာ ပင်ပန်းတယ်၊ ခက်ခဲကြမ်းတမ်းမှန်းသိတယ် ဒီဓမ္မနဲ့ အဓမ္မပွဲမှာ ကျနော်တို့မှမလုပ်ရင် ဘယ်သူလုပ်မှာလဲပေါ့။ ကျနော်ကတော့ ကမ္ဘာကြီးအတွက်မဟုတ်ရင်တောင် အမျိုးသားရေး၊ ကျနော်ဘေးပတ်ဝန်းကျင်အတွက် အသုံးပြုနိုင်တဲ့သူဖြစ်အောင်ကြိုးစားသွားမယ်”

ဒါကတော့ KNDF ရဲ့ ရဲဘော် နေမာ ပြောသွားတဲ့ စကားပါ။

ရဲဘော် နေမာ ဟာ လက်ရှိမှာတော့ ရှည်ကြာလာတဲ့ တော်လှန်ရေးအပေါ် စိတ်ဓာတ်ကျသွားတာမျိုး လုံးဝမရှိပဲ ဂုဏ်ယူစွာ ကျဆုံးသွားခဲ့ရတဲ့ တော်လှန်ရေး ရဲဘော်ရဲဘက်တွေအတွက် သွေးကြွေးဆပ်ပြီး အဆုံးထိ တော်လှန်သွားမယ်လို့ ဆိုပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ ဒီတော်လှန်ရေးကိုတော့ ဘယ်တော့မှ လက်မလျှော့ဘူးလို့ သူ့ရဲ့ ပြင်းပြတဲ့စိတ်ကို ဖော်ပြထားတာပါ။

CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထမ်းတစ်ဦးကတော့ စစ်တပ်က အာဏာသိမ်းလိုက်တာဟာ လူငယ်ထုတွေရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရိုက်ချိုးခံလိုက်ရတာနဲ့ မကွဲပြားပဲ ပညာကိုလည်း ဆုံးခန်းတိုင်အောင် သင်ယူခွင့်တွေ ဆုံးရှုံးလိုက်ရတယ်လို့ ဆိုပါတယ်။

“သူတို့ရဲ့ ရည်မှန်းချက်ကိုလည်း ရိုက်ချိုးခံလိုက်ရသလိုလည်း ဖြစ်သွားတယ်။ အဲ့ဒါကြောင့်မို့လို့ သူတို့အတွက် ဆိုလို့ရှိရင် ဘယ်လိုပြောရမလဲဆို အများကြီးစိုးရိမ်စရာလည်း ရှိတယ်။ ပြီးလို့ရှိရင် သူတို့က အခုဆိုလို့ရှိရင် ပညာရေးက သူတို့အတွက် ဆုံးခန်းမရောက်ပဲနဲ့ တစ်ပိုင်းတစ်စ ဖြစ်သွားတယ်ပေါ့။ သူတို့အတွက် ပန်းတိုင်လည်း မရှိတော့လောက်အောင် ဖြစ်သွားတယ် အဲ့လိုဖြစ်သွားတယ်။” လို့ အသက် ၃၀ ဝန်းကျင်အရွယ်သာ ရှိသေးတဲ့ CDM ပြုလုပ်ရင်း စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စစ်တပ်သာ အာဏာမသိမ်းခဲ့ရင် တိုင်းပြည်ရဲ့ အနာဂါတ်ခေါင်းဆောင်ဖြစ်တဲ့ လူငယ်တွေဟာ သေနတ်ကိုင်ပြီး စစ်တိုက်စရာမလိုပဲ၊ သူတို့လိုချင်တဲ့ အနာဂါတ်ကို အေးချမ်းစွာ ပုံဖော်နေကြမယ့် အချိန်ကာလကောင်းတစ်ခုအဖြစ် ရှိနေလိမ့်မယ်လို့ အဆိုပါ ပညာရေးဝန်ထမ်းက ဆက်ပြောပါတယ်။

အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ မော်ဗျားမာဟာ အာဏာသိမ်းပြီးနောက် သူမ တချိန်က မက်ထားတဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ခေတ္တရပ်နားထားလိုက်ရသူပါ။

သူမ အနေနဲ့ သူမရဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ကျောင်းဆက်တက်တာ၊ သူမ ဆန္ဒရှိတဲ့ အလုပ်တွေကို လုပ်သွားတာတွေ ရနိုင်ပေမယ့် သူမ အနေနဲ့ စစ်အာဏာသိမ်းမှုကို ဖီဆန်တာကြောင့် မိဘနဲ့အတူ စစ်ရှောင်ရင်း စစ်ရှောင်ကလေးငယ်တွေကို သူမ တတ်မြောက်ထားတဲ့ ပညာတွေကို ပြန်လည်သင်ကြားပေးရင်း တော်လှန်ရေးမှာ ပါဝင်နေသူပါ။

“ကိုယ်က စာမသင်ပဲနဲ့ တခြားနေရာကိုရွေ့ပြောင်းပြီးမှ ကိုယ့်ရဲ့ စိတ်ကူးအိမ်မက်ထဲက အရာတွေကို ပြန်ဖော်မယ်ဆိုရင်လည်း ဖြစ်တယ်၊ ရတယ် ဒါပေမယ့် ကိုယ့်ရွာအတွက် ကိုယ့်ရွာက ကလေးတွေအတွက် ကျောင်းတက်ဖို့ ဆရာ၊ ဆရာမတွေက မရှိဘူးပေါ့နော။ အဲ့ဒါကြောင့် သူတို့အတွက်လည်း စဉ်းစားပေးတယ်ပေါ့နော။ အဲ့ကြောင့်မို့လို့ ကျမ အိမ်မက်ကို အကောင်အထည်မဖော်ပဲနဲ့ သူတို့အတွက်ပဲ ကျမ စာသင်ပေးနေတယ်ပေါ့နော။”

ဒါကတော့ ပညာအလင်းနဲ့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အမျိုးသမီးငယ်လေး မော်ဗျားမာ ရဲ့ ပြောစကားပါ။

တော်လှန်ရေး အောင်မြင်သွားတဲ့ တနေ့နေ့ကျရင်တော့ မော်ဗျားမာ ဟာ သူမရဲ့ အိမ်မက်တွေကို အလှပဆုံး အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်တာကြောင့် လက်ရှိကာလမှာ စိတ်ကို နစ်ပြီး တော်လှန်ရေးမှာအရေးပါတဲ့ ပညာရေးကဏ္ဍကနေ ပါဝင်တော်လှန်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းမှု စတင်ကတည်းက ဖီဆန်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ဖြိုခွင့်တာတွေဟာ နိုင်ငံအနှံ့ဖြစ်ပွားခဲ့တာကြောင့် လက်နက်ကိုင်တော်လှန်ရတဲ့ အနေအထားကို ရောက်ရှိသွားကြရတာလည်း ဖြစ်ပါတယ်။

မြောက်များစွာသော လူငယ်တွေက လက်နက်ကိုင်တော်လှန်မှာကို အာဏာသိမ်းစစ်တပ်က ထင်မှတ်ထားပုံ မပေါ်။ လူငယ်တွေရဲ့ ပြင်းပြတဲ့ တော်လှန်လိုစိတ်ကို စစ်တပ်က မချေမှုန်းပစ်နိုင်တာကြောင့် လူငယ်တွေကို သံသယစိတ်နဲ့ ပစ်မှတ်ထား ဖမ်းဆီးမှုတွေကိုလည်း ပြုလုပ်နေဆဲပါ။

KNDF တပ်ဖွဲ့ဝင် ရဲဘော် နေမာ

စစ်တပ် အာဏာသိမ်းပြီး နှစ်နှစ်အကြာ ( ရက်ပေါင်း ၇၃၀ ) အတွင်း မြန်မာနိုင်ငံမှာ သတ်ဖြတ်ခံရသူ ၂၉၄၀ ဦး၊ ဖမ်းဆီးခံထားရဆဲ ဖြစ်သူ ၁၃၇၆၃ ဦး တို့ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

အဲဒီလူတွေထဲမှာ အများစုဟာ လူငယ်တွေ ဖြစ်ကြတယ်လို့လည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

လူငယ်ထုတွေဟာ ပေးဆပ်မှုတွေအပေါ် လက်လျော့သွားမယ်လို့ စစ်ခေါင်းဆောင်တွေတော့ ထင်မြင်နေပုံ ရပါတယ်။ သို့ပေမယ့် စစ်အာဏာရှင်ကို ဖီဆန်နေတဲ့ လူငယ်ထုတွေကတော့ အဲဒီလိုမဟုတ်။ ပေးဆပ်ရမှုတွေအတွက် အဆုံးထိတော်လှန်ဖို့ ပိုပြီး စိတ်ဓာတ်ပြင်းပြနေခြင်းပါပဲ။ …….

လူငယ်ထုတွေရဲ့ ပြင်းပြလှတဲ့ တော်လှန်စိတ်ဓာတ်ကို ကိုယ်စားပြု ဖော်ပြလာတဲ့ ရဲဘော် နေမာ ရဲ့ ရင်တွင်းဖြစ်စကားကတော့ “စိတ်ဓာတ်မကျပါဘူး။ အသက်ပေးဆပ်သွားတဲ့ရဲဘော် ခြေလက်အင်္ဂါ ဆုံးရှုံးသွားတဲ့ ရဲဘော်တွေအတွက် သွေးကြွေးပြန်ဆပ်ရမယ်လေ။ အဆုံးထိ တိုက်သွားမှာပါ။ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။”……

spot_img
spot_img