မော်ဦးမြာ / ကန္တာရဝတီတိုင်း(မ်)
ဆယ်ကျော်သက်အရွယ်သာသာ ရှိသေးပေမဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့ ထောက်ပို့ကဏ္ဍမှာ အပြည့်အဝ တာဝန်ယူနေသူတွေကတော့ “မိထော်” နဲ့ သူမ ရဲ့ အစ်မအရင်းဖြစ်သူ “ကိန္နရီ”။
သူမတို့နှစ်ဦးက ထောက်ပို့ကဏ္ဍကို တာဝန်ယူတာချင်းတူနေကြပေမဲ့ သူမတို့ ပါဝင်တာဝန်ထမ်းဆောင်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတော့ မတူညီကြပါဘူး။
မိဘရဲ့ အရိပ်အောက်မှာ ခိုလှုံပြီး ပညာကို လွတ်လပ်စွာနဲ့ ဆုံးခန်းထိတိုင် သင်ယူရမဲ့ “မိထော်နဲ့ ကိန္နရီ” တို့ ညီအစ်မနှစ်ယောက်ဟာ အခုချိန်မှာတော့ အရာအားလုံးကို စွန့်လွှတ်ပြီး စစ်အာဏာရှင်ကို တော်လှန်တဲ့ လက်နက်ကိုင်တော်လှန်ရေး ထောက်ပို့ကဏ္ဍမှာ ပါဝင်လာခဲ့တာ အခုဆိုရင် သုံးနှစ်ဝန်းကျင်အထိ ရှိလာပါပြီ။
သူမတို့နှစ်ဦးဟာ ညီအစ်မရင်းချာတွေဆိုပေမဲ့ ရုပ်ရည်အရလည်းဆင်တူတာ မရှိသလောက်ပါပဲ။ ဒါပေမဲ့ နှစ် ဦးစလုံးကတော့ အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာတော့ ထောက်ပို့ကဏ္ဍကနေ စွမ်းစွမ်းတမံ ထမ်းဆောင်နေကြပါတယ်။ သူမတို့လို ညီအစ်မရင်းချာတွေ လက်နက်ကိုင်တော်လှန်ရေးမှာ ခြေစုံပစ်ဝင်လာကြတယ်ဆိုတာ မရှိသလောက်ရှားပါးနေခြင်းပါဘဲ။
တနှစ်ကျော်လောက်သာ အသက်ကွာခြားကြတဲ့ သူမတို့နှစ်ဦးကတော့ မိဘရဲ့ ထောက်ခံအားပေးမှုနဲ့အတူ တော်လှန်ရေးမှာ အပြည့်အဝပါဝင်တာသာမကဘဲ ပညာရေးကိုလည်း လက်မလွှတ်ဘဲ သင်ယူနေဆဲ ဖြစ်ပါတယ်။
“NUG ကနေလုပ်ထားတဲ့ ကြားကာလပညာရေး ဒီစာမေးပွဲကိုပေါ့နော် ပြန်ဖြေဆိုထားပါတယ်” လို့ ညီအစ်မ နှစ်ယောက်ထဲက အငယ်ဖြစ်သူ မိထော်တယောက် တော်လှန်ရေးမှာ ကျရာကဏ္ဍမှာ ပါဝင်ရင်း ပညာရေးကိုလည်း လက်မလွှတ်ဘဲ သင်ယူနေတာကို ပြောသွားတာပါ။
သူမတို့နှစ်ီဥးဟာ ဂေဘားနဲ့ ကယန်း လူမျိုး မိဘနှစ်ပါးနဲ့အတူ ဇာတိမြို့ဖြစ်တဲ့ ဒီးမော့ဆိုမြို့မှာ နေထိုင်ကြတာပါ။ သူမတို့ရဲ့ ဇာတိမြေဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကရင်နီမှာ ပထမဦးဆုံး တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပြီး၊ ဒီကနေ့အချိန်ထိ စစ်ဇုန်အဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်ပါတယ်။
အငယ်လေး မိထော်ဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် ၁ မှာ ထောက်ပို့အဖြစ် တာဝန်ထမ်းဆောင်နေပြီး ကိန္နရီကတော့ ပအို့ဝ်အမျိုးသားကာကွယ်ရေးတပ် PNDF အမှတ် ၁၁ ရဲ့ ထောက်ပို့အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
မိထော်တို့ ညီအစ်မနှစ်ဦးရဲ့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်လာရခြင်းက အင်မတန် ရိုးရှင်းပါတယ်။ စစ်အာဏာရှင်ကို လုံးဝ လက်မခံနိုင်တာကြောင့်ပါ။
စစ်အာဏာရှင်စနစ်ကို မလိုလားတာကြောင့် စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာတင် တနိုင်ငံလုံးသော လူထုတွေက လမ်းပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ မိထော်တို့ ညီအစ်မဟာ လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူတွေပါ။
ဒါတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြပွဲအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားတွေလည်း ရှိလာခဲ့ပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ အရပ်သားတွေလည်း မြောက်များစွာ ရှိလာခဲ့ပါတယ်။ အထူးသဖြင့် မိထော်နဲ့ ကိန္နရီ တို့လို လူငယ်လေးတွေဟာ စစ်အာဏာရှင်ရဲ့ မျက်စိဒေါက်ထောက် စောင့်ကြည့်ခံရပြီး ဖမ်းဆီးခံရတဲ့အထဲ အများစုဖြစ်နေတာပါ။
ဒါတွေကြောင့် မိထော်တို့ ညီအစ်မနှစ်ဦးဟာ အကြမ်းဖက်မှုကို သုံးလာတဲ့ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်လာကြတဲ့ လူငယ်တွေနဲ့အတူ သူမတို့လည်း ဒီလမ်းစဉ်ကို ရွေးချယ်လာခဲ့ကြတာပါ။ အခုချိန်မှာတော့ သူမတို့ နှစ်ဦးလုံးက အကျွမ်းကျင်ဆုံးဖြစ်တဲ့ ထောက်ပို့ကဏ္ဍ ကို နေ့မနားညမအား ထမ်းဆောင်နေကြပါတယ်။
အစ်မဖြစ်သူ ကိန္နရီကတော့ တိုက်ခိုက်ရေးမှာပါဝင်ချင်ပေမဲ့ အမျိုးသမီးဖြစ်တာကြောင့် တိုက်ခိုက်ရေးကို ထဲထဲဝင်ဝင် ပါဝင်နိုင်ဖို့ အခက်အခဲရှိမှာကို တွေးပြီး သူမအနေနဲ့ ပိုပြီးလုပ်ဆောင်နိုင်မဲ့ ထောက်ပို့ကဏ္ဍကိုဘဲ ရွေးချယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်လည်း ကျနော့်တပ်ရင်းမှာ ထောက်ပို့တာဝန် ယူထားပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော့်မှာ အမှန်တိုင်း ဖြစ်ချင်တာကတော့ တိုက်ခိုက်ရေးပိုင်းမှာ ဝင်ကူချင်ပေမဲ့ ကျနော်တို့လို မိန်းမသားတယောက်အနေနဲ့ခါကျတော့ ဖြစ်ဖို့ အရမ်းခဲယဉ်းတယ်ပေါ့နော်။ အဲ့ကြောင့် ကျနော်လည်း တတ်နိုင်တယ်၊ လုပ်ချင်တဲ့ ဒီထောက်ပို့ပိုင်းကို တာဝန်ယူထားခြင်း ဖြစ်တယ်ပေါ့နော်။” လို့ ကိန္နရီတယောက် သူမ ထောက်ပို့ကဏ္ဍကိုဘဲ ပြည့်ပြည့်ဝဝ ရွေးချယ်လိုက်ရခြင်းကို ပြောပြပါတယ်။
လက်နက်ကိုင်တော်လှန်ရေးမှာမှ မဟုတ် တခြားသောကဏ္ဍအသီးသီးမှာ မိထော်တို့ ညီအစ်မလို ထောက်ပို့တာဝန်ထမ်းဆောင်သူတွေက မရှိမဖြစ်လိုအပ်တဲ့ သူတွေပါ။ ထောက်ပို့အားကောင်းမှသာ ရှေ့တန်းစစ်မြေပြင်မှာအပြင် တခြားလိုအပ်တဲ့နေရာအသီးသီးမှာ အားကောင်းကောင်းနဲ့ ရှေ့ဆက်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
မိထော်တို့ ညီအစ်မဟာ သုံး၊ လေး လ မှ တကြိမ်လောက်ဘဲ ဆုံနိုင်ကြပါတယ်။ မတည့်အတူနေညီအစ်မတွေ ဖြစ်ခဲ့ကြပေမဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့ တော်လှန်ရေးကာလအတွင်းမှာ တာဝန်ကိုယ်စီနဲ့ ဝေးကွာသွားကြရတာမို့ မတွေ့ဖြစ်ကြတဲ့နေ့တွေမှာ တဦးနဲ့တဦး စိတ်ပူတာရှိသလို၊ သတိယလွမ်းဆွတ်ကြတယ်လို့ နှစ်ဦးလုံးက ပြောပါတယ်။ တွေ့ဖြစ်ကြတဲ့အခါမှာတော့ သူ့အလုပ်၊ ကိုယ့်အလုပ်တွေရဲ့ အခြေအနေတွေကို ရင်ဖွင့်ပြောဆိုကြပြီး မိသားစုအခြေအနေတွေကိုလည်း ပြောလေ့ရှိကြတယ်လို့ ဆိုပါတယ်။
“ညီအစ်မနှစ်ယောက်ကတော့ တည့်ကိုးမတည့်ကြဘူးပေါ့နော်။ အိမ်မှာနေကတည်းက တည့်ကိုး မတည့်ကြဘူး။ ဒါပေမဲ့ ဒီတော်လှန်ရေးမှာခါကျတော့ အမြင်ချင်းတူတော့ ဒီတော်လှန်ရေး လမ်းစဉ်ပေါ့ တူတူလျှောက်လို့ ရတာပေါ့နော်။” လို့ အမ ဖြစ်သူ ကိန္နရီက ပြောနေစဉ်မှာဘဲ မိထော်လေးကလည်း ရယ်လျှက်…….“တည့်တော့ မတည့်ကြဘူးပေါ့နော်။ ဒါပေမဲ့ ဝေးဝေးနေမှ တခါတွေ့ရတော့ တခါတလေတော့လည်း လွမ်းတယ်ပေါ့နော်။” လို့ သူမတို့ ညီအစ်မရဲ့ ဖြစ်စဉ်လေးကို ပြောပြနေကြတာပါ။
အခြေအနေအမျိုးမျိုးကြောင့် ပုံမှန်ဆက်သွယ်နိုင်ဖို့ ခက်ခဲတဲ့အတွက် စစ်ဘေးတိမ်းရှောင်နေကြရတဲ့ မိဘတွေနဲ့ အဆက်အသွယ်တွေ ရှိနေပေမဲ့လို့ ပုံမှန်တော့ မဆက်သွယ်နိုင်ဘူးလို့ သိရပါတယ်။
ကိန္နရီကတော့ ဘယ်အဖွဲ့အစည်းဖြစ်စေ စစ်အာဏာရှင်ကို တော်လှန်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ရရှိဖို့ ဦးတည်နေကြတာ ဖြစ်တဲ့အတွက် မိမိနဲ့ လူမျိုးချင်းတွေ မတူညီတဲ့ ပအို့ဝ်အမျိုးသားကာကွယ်ရေးတပ်မှာ တာဝန်ထမ်းဆောင်ဖြစ်တဲ့ အကြောင်းကို ပြောပြပါတယ်။
“ကျနော် ရောက်နေတဲ့ ပအိုဝ့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဟာဆိုရင်လည်း ပအိုဝ့်အမျိုးသားရေးကို အခြေခံထားတဲ့ အဖွဲ့ မဟုတ်ဘူးပေါ့နော်။ ကျနော်တို့မှာခါကျတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်တယ်။ ခွဲခြားထားတာ မရှိဘူးပေါ့နော်။” လို့ ကိန္နရီ က သူမ PNDF မှာ တာဝန်ထမ်းဆောင်နေပုံကို ပြောပြတာ ဖြစ်ပါတယ်။
“လမ်းချင်းတူတော့ လူချင်းတွေ့တယ် “လို့ ဆိုသလိုဘဲ စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ လူငယ်တွေဟာ ကျရာကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်ရင်း မိသားစုဝင်တွေနဲ့ ကွဲကွာရ၊ မိထော်တို့ ညီအစ်မရင်းချာတွေလို ကံကောင်းမှသာ သုံး – လေး လတခါ တွေ့ဆုံကြရပါတယ်။ မိထော်တို့ ညီအစ်မကတော့ အဖွဲ့ချင်းမတူပေမဲ့ တူညီတဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေသူတွေပါ။
မိထော်တို့ ညီအစ်မကတော့ အဆုံးထိ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး တော်လှန်ရေးအောင်မြင်ဖို့အတွက် စည်းလုံးညီညွတ်မှုက အရေးပါတယ်လို့ ပြောဆိုသွားပါတယ်။
“တော်လှန်ရေးက ဘယ်ချိန်အောင်မှာဆိုတော့ ကျနော်တယောက် အနေနဲ့ကတော့ ကျနော်တို့ အားလုံး တပေါင်းတစည်းတည်း၊ တစုတစည်းရှိတဲ့ချိန်ကြရင် ဒီတော်လှန်ရေးက အောင်မယ်လို့ ကျနော်ကတော့ မြင်တယ်ပေါ့နော်။ ဒါကတော့ အချိန်တခု လိုတယ်ပေါ့နော်။ ဒါမဲ့ ဘယ်လိုဘဲ ဖြစ်လာဖြစ်လာ တော်လှန်ရေး မအောင်မချင်း ကျနော်တို့ တိုက်သွားမှာ ပေါ့နော်။ ဘယ်ချိန်အောင်မလဲ မသေချာပေမဲ့ အောင်တဲ့ထိ ကျနော်တို့ အောင်မဲ့ချိန်ထိ တိုက်သွားမှာပါ။” လို့ မိထော်က ပြောသွားတာပါ။
တော်လှန်ရေးကာလစတင်ချိန်ကတည်း ဒီကနေ့အထိ မိသားစုနဲ့ တွေ့ခွင့်မရသေးတဲ့ လူငယ်လေးတွေလည်း ဒုနဲ့ဒေးပါ။ မိထော်တို့ ညီအစ်မလိုဘဲ အနေဝေးရပေမဲ့ လျှောက်လှမ်းနေတဲ့ လမ်းချင်းတူညီကြတဲ့ သူတို့တတွေဟာ တနေ့မှာ အတူတကွ ပြန်လည်ဆုံစည်းနိုင်ကြဖို့အတွက် လက်မလျော့မဲ့လူငယ်တွေ၊ အရှုံးမပေးတဲ့ လူငယ်တွေဟာ သူတို့ ရည်မှန်းထားတဲ့၊ သူတို့လိုချင်တဲ့ တိုင်းပြည်ဖက်ဒရယ်ဒီမိုကရေစီ ရရှိမဲ့ပန်းတိုင်ဆီကို အခက်အခဲ၊ စိန်ခေါ်မှုတွေ အလုံးစုံကို မမှုဘဲ အဆုံးထိ ရှေ့ဆက်လျှောက်လှမ်းကြဦးမှာဖြစ်ပါတယ်……။