spot_imgspot_imgspot_imgspot_img
Wednesday, April 24, 2024
spot_imgspot_imgspot_imgspot_img

မိသားစုရဲ့ သူရဲကောင်းမိခင် ဒေါ်ဖူးမို

ကန္တာရ၀တီတိုင်း(မ်)

“သူ့အဖေက ပြီးခဲ့တဲ့ (၅) လပိုင်းတုန်းက ဆုံးသွားတာလေ။ ဆုံးသွားတာတောင် မသိလိုက်ရဘူး။ မီးရှို့သင်္ဂြိုဟ် ပြီးတဲ့ချိန်ကျမှ သူများပြောပြလာလို့ သိရတာ” လို့

အမျိုးသားဖြစ်သူနဲ့ နောက်ဆုံးအကြိမ် တွေ့ခွင့်တောင်မရခဲ့တာကြောင့် ရင်ကွဲ၀မ်းနည်းစွာ ရင်ဖွင့်လာသူက ဒေါ်ဖူးမို(အမည်လွှဲ)ပါ။

သူတို့လင်မယားနှစ်ယောက် နေထိုင်ရာ ကျေးရွာလေးကတော့ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျေးရွာထဲကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာတွေကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ဒေါ်ဖူးမို တို့ လင်မယားနှစ်ယောက်ဟာ အခဲအခက်အမျိုးမျိုးကြောင့် တယောက်တနေရာစီ စစ်ရှောင်နေကြရပါတယ်။ ဒေါ်ဖူးမိုမှာ သမီးငယ်နှစ်ယောက်ရှိပြီး အသက် ၈၀ ကျော်အရွယ် အမေအိုဖြစ်သူ ကိုလည်း ပြုစုစောင့်ရှောက်နေကြရတာပါ။

၂၀၂၃ မေလပိုင်းမှာတော့ ယောကျာ်းဖြစ်သူဟာ စစ်ရှောင်စခန်းကနေထွက်သွားပြီး တောထဲတနေရာမှာ မျက်စိလည် လမ်းမှားခဲ့တာပါ။ စစ်ရှောင်စခန်းကို ပြန်ရောက်မလာလို့ စစ်ရှောင်စခန်းမှာ နေထိုင်ကြတဲ့ ဆွေမျိုးသားချင်းတွေ အိမ်နီးနားချင်းတွေက လိုက်လံ ရှာဖွေကြပါတော့တယ်။ ဒါပေမဲ့ ရှာမတွေ့ခဲ့ပါဘူး။ ဒီလိုနဲ့ (၃)ရက်မြောက်နေ့မှာတော့ စစ်ရှောင်စခန်းလုံးကျွတ် ရှာဖွေကြတဲ့ အချိန်မှာဘဲ တောထဲတနေရာမှာ အပုတ်နံ့တောင် ထွက်နေပြီဖြစ်တဲ့ အမျိုးသားဖြစ်သူရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာပါ။

အမျိုးသားဖြစ်သူရဲ့ နောက်ဆုံးခရီးကို မပို့ဆောင်နိုင်ခဲ့တဲ့အပြင် ဘယ်လိုဘယ်ပုံစံနဲ့ သေဆုံးနေခဲ့လည်း ဆိုတာကိုတောင် မှတ်တမ်းတွေ မထားရှိပေးနိုင်ခဲ့ပါဘူးလို့ ဒေါ်ဖူးမိုက ဆိုပါတယ်။

“ဓာတ်ပုံမှတ်တမ်းတွေ ဘာတွေလည်း မရိုက်လာပေးကြတော့။ဘယ်လိုပုံစံနဲသေနေလည်း မတွေ့ရတော့ဘူး” လို့ ဒေါ်ဖူးမို ကပြောပါတယ်။

သူ့ရဲ့ အမျိုးသား အခုလို ဖြစ်နေတဲ့ အချိန်မှာ ဒေါ်ဖူးမိုနဲ့ သူရဲ့သမီးတွေကတော့ တခြား တနေရာဆီမှာ စစ်ရှောင်နေကြတာပါ။

အလောင်းကို တွေ့ရှိတဲ့ ရွာသားတွေရဲ့ ပြောပြချက်အရ ကျန်ရှိနေတဲ့ သူ့အမျိုးသားရဲ့ရုပ်အလောင်းဟာ ပုတ်ပွနေပြီး သယ်ယူလို့ အဆင်မပြေတော့တာကြောင့် အဆိုပါနေရာမှာတင် မီးရှို့ သင်္ဂြိုလ် ပေးခဲ့ကြတယ်လို့ ဆိုထားပါတယ်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် သူရဲ့အမျိုးသား နောက်ဆုံးခရီးကိုတောင် ဒေါ်ဖူးမိုက ပို့ဆောင်ခွင့် မရခဲ့ပါဘူး။

ဒေါ်ဖူးမိုတို့ လင်မယားဟာ အရင်စစ်တပ်အာဏာမသိမ်းခင်ကတည်းက စား၀တ်နေရေး ကြပ်တည်းပြီး လက်လုပ်လက်စားဘ၀နဲ့ ဘ၀ကိုခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသူတွေပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သူတို့ရဲ့ စား၀တ်နေရေးဟာ ပိုမိုခက်ခဲ ကြမ်းတမ်းလာပါတော့တယ်။ ဒီကြားထဲ အမျိုးသားကိုပါ ထပ်ပြီး ဆုံးရှုံးလိုက်ရတဲ့ ဒေါ်ဖူးမို တယောက်ကတော့ ဘ၀ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေကို ဆက်လက်ရင်ဆိုင်နေရပါတယ်။

သူ ပြုစုစောင့်ရှောက်နေရတဲ့ အသက် (၈၀)အရွယ် သူရဲ့အမေအို တယောက်ကတော့ လမ်းမလျှောက်နိုင်တာ တနှစ်နီးပါးလောက်ရှိနေပါပြီ။ သူ့ရဲ့ ကိစ္စအ၀၀ကိုတော့ တဲစုတ်ကလေးတလုံးရဲ့ အခန်းကျဉ်းငယ်လေးထဲမှာပဲ ဖြေရှင်းနေရတာပါ။

“သူ့မှာ သားကြီး နှစ်ယောက်ရှိသေးတယ်။ ဒါပေမဲ့ အမေကို ကြည့်ကူတာမျိုးတွေ မရှိဘူး” လို့ အစ်ကို တွေဖြစ်သူတွေအကြောင်းကို ဒေါ်ဖူးမို ကပြောပြပါတယ်။

အမေအို တယောက်ကို ပြုစုစောင့်ရှောက်နေရတဲ့အပြင် မိသားစုရဲ့ စား၀တ်နေရေးကိုလည်း တာ၀န်ယူရပါသေးတယ်။

ဝင်ငွေရလုပ်ငန်းတွေလည်းမရှိနေတာကြောင့် အလှူရှင်ကို မျှော်ကိုးနေရတဲ့အပြင် ဒေါ်ဖူးမိုဟာ ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင်ပြီး မိသားစုရဲ့၀မ်းစာကို ခက်ခက်ခဲခဲနဲ့ ရင်ဆိုင် ဖြေရှင်းနေရတာပါ။

ဒေါ်ဖူးမိုတို့ မိသားစု စားဝတ်နေရေး ပြေလည်စေဖို့ အတွက် အသိဒေသခံတယောက်က တောင်ယာစပါးခင်း တနေရာစာကို လုပ်ကိုင်ခွင့်ပေးထားပါတယ်။ အဲဒီတောင်ယာစပါးခင်းနေရာကို ရောက်ဖို့ ခြေလျင်နဲ့ ၅ နာရီကြာအောင် လမ်းလျှောက်ရပါတယ်။

“စပါးခင်းလေး နည်းနည်းစိုက်တယ်။ ၃ပုံးအိတ်နဲ့ ၂၂ အိတ်တော့ရတယ်ပေါ့နော်။ အဝေးကြီး သွားရတော့ သွားအိပ်ရတယ်။ ဒါနဲ့ သမီးကြီးကိုတော့ သူ့အဖွားကို စောင့်ရှောက်ဖို့အတွက် ထားခဲ့ရတယ်” လို့ ဒေါ်ဖူးမိုကပြောပါတယ်။

ဆိုင်ကယ်တွေ ကားတွေ မရှိတဲ့ ဒေါ်ဖူးမိုအတွက် အဆိုပါ ခရီးဟာ တော်တော်လေး ခက်ခဲပင်ပန်းလှပါတယ်။ တောင်ယာခင်းကနေရလာတဲ့ စပါးအိတ်ကို အိမ်ကို သယ်ယူဖို့ အဆင်မပြေသေးတာကြောင့် ၎င်းနေရာမှာပဲ ထားခဲ့ရပါတယ်။

လူမရှိတဲ့ တောင်ယာခင်းထဲက ဒေါ်ဖူးမိုရဲ့ စပါးအိတ် ၂၂ အိတ်ထဲက ၂ အိတ်အခိုးခံလိုက်ရပါသေးတယ်။

“ပျောက်ပါစေတော့လေ။ လှူတယ်လို့ပဲ သဘောထားလိုက်ပါ” ဒေါ်ဖူးမိုရဲ့ အမေအိုကဒေါ်ဖူးမိုကို နှစ်သိမ့်ပေးနေရှာပါတယ်။

တရက်လုပ် တရက်စားဘ၀နဲ့ ဘ၀ကို ကြမ်းကြမ်းတမ်းတမ်းရင်ဆိုင်နေရတဲ့ ဒေါ်ဖူးမိုမှာ နောက်ထပ်ပူပန်စရာ ရှိနေပါသေးတယ်။ သူ့ကလေးနှစ်ယောက်ရဲ့ အနာဂတ်ကိုတွေးရင်း ပူပန်သောကတွေနဲ့ နေ့စဥ်ညတိုင်းကို ဖြတ်သန်းနေရတာပါ။

ဒေါ်ဖူးမိုရဲ့ အခက်အခဲတွေကို ကူထမ်းနေပြီဖြစ်တဲ့ သမီးကြီးဖြစ်သူမှာတော့ စတုတ္ထတန်းနဲ့ ပညာရေးကို ရပ်တန့်ခဲ့ရပါတယ်။

အသက် ၁၃ နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ သမီးကြီးဖြစ်သူဟာ အဖွားအိုရဲ့ ဝေယျာဝိစ္စတွေကို နေ့စဉ် တာဝန်ယူ ပြုစုစောင့်ရှောက်ပေးနိုင်နေပါပြီ။

ယခုအချိန်ထိ ပညာရေးကို ဆက်လက်လေ့လာဖို့ အခွင့်မသာတော့လို့ အမေနဲ့အတူ သူ့ရဲ့အဖွားကို ပြုစုစောင့်ရှောက်နေရတာပါ။

သမီး မိန်းခလေး နှစ်ယောက်မွေးထာတဲ့ ဒေါ်ဖူးမိုမှာတော့ မတည်ငြိမ်၊မအေးချမ်းသေးတဲ့ ရပ်ရွာ ၊ နိုင်ငံရေးအခြေအနေတွေအကြားမှာ  သူတို့ရဲ့ အနာဂတ်လေးတွေအတွက် အမြဲတမ်းတွေးပူပြီး ရင်ထိပ်တလန့်လန့် ဖြစ်နေရတာပါ။

သမီးကြီးဖြစ်သူမှာတော့ ဒေါ်ဖူးမိုရဲ့ အခက်ခဲကို ကူထမ်းရင်း ပညာရေးကို ဆက်လက်မသင်ယူနိုင်တော့ပေမဲ့ သမီးငယ်လေးရဲ့ ပညာရေးကိုတော့ ရှေ့ဆက်ခိုင်းချင်တယ်လို့ ဆိုပါတယ်။

“ပညာတတ်စေချင်တယ်။ ကျမကိုယ်တိုင်က ပညာမတတ်တော့ သူ့တို့ကို ပညာတတ်စေချင်တယ်” လို့ ဒေါ်ဖူးမို ကပြောပါတယ်။

မိသားစုရဲ့ အခက်အခဲတွေကို တဖက်တလှမ်းက ကူထမ်းနေပြီဖြစ်တဲ့ သမီးကြီးကို ပညာဆက်မသင်ပေးနိုင်သေးတာကြောင့် စိတ်မကောင်းဖြစ်ပေမဲ့ သမီးငယ်လေးကို ပညာသင်ကြားခွင့်ရစေဖို့ ဆွေးမျိုးနီးစပ်သူတွေနဲ့ ရပ်ဝေးက စာသင်ကျောင်းတခုကို ပို့ဆောင်ထားရပါတယ်။

ဒါကြောင့်လည်း ယခုအချိန်မှာ ဒေါ်ဖူးမိုဟာ သမီးငယ်ကို လွမ်းရင်း သမီးကြီးနဲ့အတူ အမေအိုကို ပြုစုစောင့်ရှောက်ရင်း ဘ၀ကို ခက်ခက်ခဲခဲနဲ့ ရင်ဆိုင်ကျော်ဖြတ်နေရဆဲပါ…..

spot_img
spot_img