spot_img
Saturday, June 10, 2023
spot_imgspot_imgspot_imgspot_img

မိုင်းဆွဲတိုက်ခိုက်မှု ရက်ပေါင်း (၃၀၅) ရက်အတွင်း စစ်ကောင်စီတပ်သား (၁၁၈၈) ဦး သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီ အာဏာသိမ်းပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ခုနှစ် ဧပြီလ ၁၈ ရက်နေ့အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုင်းဆွဲတိုက်ခိုက်ခံရမှုရက်ပေါင်း (၃၀၅)ရက်အတွင်း စစ်ကောင်စီတပ်သား (၁၁၈၈)ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့မှ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်‌ရေး BNI-Myanmar Peace Monitor (MPM) ရဲ့ မေလ ၁၀ ရက်နေ့ ထုတ်ပြန်ထားတဲ့ မှတ်တမ်းအရ သိရပါတယ်။

MPM အနေနဲ့ မိုင်းဆွဲတိုက်ခိုက်မှု အခြေအနေကို ကောက်ယူမှတ်တမ်းပြုစုရာမှာ မြို့နယ်အလိုက် ရက်ဖြင့်သာ မှတ်တမ်းတင်ထားတဲ့အတွက် အကြိမ်ရေအားဖြင့် ယခုထက် ပိုမိုများပြားနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကိုင်းတိုင်းဟာ တိုက်ခိုက်မှု ရက်ပေါင်း (၁၃၉)ရက်နဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းဟာ မိုင်းဆွဲတိုက်ခိုက်မှု ရက်ပေါင်း (၅၁)ရက်နဲ့ ဒုတိယ၊ မန္တလေးတိုင်းဟာ ရက်ပေါင်း (၃၀)ရက်နဲ့ တတိယ အများဆုံးဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်မှုတွေရဲ့ ၇၃ရာခိုင်နှုန်းကျော်ဟာ စစ်ကိုင်း၊ မကွေး၊ မန္တလေး ဖြစ်တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအခြေအနေတွေကို နှစ်အလိုက်၊ လအလိုက်နှိုင်းယှဉ်လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ်အတွင်း မိုင်းဆွဲတိုက်ခိုက်မှုအကြိမ်ရေ (၇၅)ကြိမ်ရှိခဲ့ပြီး ဒီဇင်ဘာလဟာ တိုက်ခိုက်ခံရမှု အများဆုံးလ ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၂ခုနှစ်မှာတော့ မိုင်းဆွဲတိုက်ခိုက်မှုရက်ပေါင်း (၁၆၂)ရက် ရှိခဲ့ပြီး မေလဟာ မိုင်းဆွဲတိုက်ခိုက်မှု အကြိမ်ရေ အများဆုံးဖြစ်သလို ၂၀၂၃ခုနှစ် ဧပြီလ ၁၈ရက်နေ့အထိ မိုင်းဆွဲတိုက်ခိုက်မှု (၆၈)ရက်ရှိခဲ့တယ်လို့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

တောင်တန်း မြေပြန့်ဒေသလိုက်၊ မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ လုပ်ဆောင်ခဲ့မှုမှာ ရက်ပေါင်း (၂၇၉)ရက်အထိရှိပြီး ရာခိုင်နှုန်းအားဖြင့် ၉၁ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

အလားတူ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (EROs) တွေဖြစ်ကြတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) မှ ၁၄ ရက်၊ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) မှ ၁၁ ရက်၊ ရက္ခိုင့်တပ်တော် (ULA/AA) မှ ၁ ရက် အသီးသီး စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကို ခုခံတော်လှန်တဲ့ စစ်ရေးလုပ်ရှားမှုတွေမှာ မိုင်းဆွဲတိုက်ခိုက်ရေးနည်းဗျူဟာ (သို့မဟုတ်) မိုင်းစစ်ဆင်ရေးဟာ အချက်အခြာကျတဲ့ စစ်ရေးဗျူဟာတစ်ရပ် ဖြစ်တယ်လို့ MPM က ဆိုပါတယ်။

Recent posts