spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုဆို ဖြစ်စဉ် မှာ ပါဝင်ခဲ့တဲ့ ခမရ (၁၀၈)တပ်ရင်းက တပ်ကြပ်ကြီးအပါအဝင် သုံ့ပန်း ၄ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း KNDFဆို

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ယမန်နေ့ (ဒီဇင်ဘာလ ၃ရက်) ဒီးမော့ဆို ဒေါကမီး ကျေးရွာတိုက်ပွဲအတွင်းမှာ မိုဆို ဖြစ်စဉ် က ပါဝင်ခဲ့တဲ့ ခမရ (၁၀၈)တပ်ရင်းမှ တပ်ကြပ်ကြီး အပါအဝင် စစ်သုံ့ပန်း ၄ဦးကို အရှင်ဖမ်းဆီးရမိထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ဖမ်းမိထားတဲ့ လေးယောက်ကလည်း မိုဆို ဖြစ်စဉ်မှာ သူတို့ ပါဝင်ပတ်သက်ထားတဲ့ တပ်ရင်းက တပ်ကြပ်ကြီးတစ်ဦး ၊ တပ်ကြပ် ၂ဦးနဲ့ တပ်သား ၁ဦး ဖြစ်တယ်။ ပြီးရင် ဒီ တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ ၂၀ကျော်ကလည်း ခဏက ကျနော်တို့ပြောတဲ့ ခမရ ၁၀၈ တပ်ရင်းက သူတွေပဲဖြစ်တယ်။ ဖမ်းမိထားတဲ့ သုံ့ပန်းတွေကိုတော့ ဘယ်လိုဆက်လုပ်သွားမလဲ ဆိုတာကို ကျနော်တို့ ပြောလို့မရသေးဘူးပေါ့။” လို့ သူက ပြောပါတယ်။

ဒေါကမီးကျေးရွာအတွင်း ဖမ်းမိတဲ့ သုံ့ပန်း ၄ဦးကတော့ တပ်မ ၆၆ လက်အောက်ခံ ခမရ ( ၁၀၈ ) ဓနုဖြူအခြေစိုက် တပ်ရင်းဖြစ်ပြီး အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက် ၂၀ကျော် သေဆုံးခဲ့တာကို မျက်မြင်အတည်ပြုနိုင်ခဲ့တယ်လို့လည်း KNDFက ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်တချို့ဖြစ်တဲ့ MA-1 သေနတ် (၄)လက် ၊ MA -3 သေနတ် (၂)လက် ၊ MA-4(79)တွဲ (၁)လက် ၊ MG-3 အမျိုးအစား ငါကြင်းမြီး (၁)လက် ၊ RPG (၁)လက် ၊ (၆၀)မမ စိန်ပြောင်း (၂)ပြောင်း ၊ ကွန်ပျူတာ (၁)လုံး ၊ ဖုန်းအချို့နဲ့ ခဲယမ်းပစ္စည်း ၊ အသုံးအဆောင် တချို့ကိုလည်း သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့က အရပ်သားပြည်သူ ၄၀ကျော် အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ် တစ်နှစ်ရှိသွားတော့မှာဖြစ်ပြီး ဒီလို သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ သူတွေပါလာတဲ့ တိုက်ပွဲမှာ တော့ အသတ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် လက်တုံ့ပြန်တဲ့ တိုက်ပွဲဖြစ်တယ်လို့ ( KNDF ) သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“အခု တိုက်တိုက်ဆိုင်ဆိုင်ပဲပေါ့နော။ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာတုန်းက မိုဆို ဖြစ်စဉ်မှာ စစ်ကောင်စီက လုံးဝ လူသားမဆန်တဲ့ ဒီ အပြစ်မဲ့ပြည်သူတွေကိုပေါ့နော။ ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ ဒီ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့တယ်။ အဲ့ဒီ ကျူးလွန်ခဲ့တဲ့ ထဲမှာ အခု ကျနော်တို့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ပါလာတဲ့ တပ်ရင်းက ဒီကျူးလွန်တဲ့ထဲက ပါဝင်ခဲ့တဲ့ တပ်ရင်း တစ်ရင်း ဖြစ်နေတယ်။ အဲ့ထဲကနေမှ အယောက် ၂၀ကို သုတ်သင်နိုင်ခဲ့တယ်။ ပြီးတော့ လေးယောက်အရှင်ဖမ်းနိုင်ခဲ့တယ်။ ပြီးတော့ လက်နက်တွေရရှိခဲ့တယ်ပေါ့။ ဒီအောင်မြင်မှု လက်တုံ့ပြန်မှုက သေဆုံးသွားခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေကို ရည်ညွှန်းတယ်ပေါ့လေ။ ဒီအောင်မြင်မှုက ကျနော်တို့ KNDFအနေနဲ့ အပြစ်မဲ့ပြည်သူတွေကို ရည်ညွှန်းပါတယ်။” လို့ သူက ပြောပါတယ်။

ဒေါကမီးကျေးရွာမှာ ယမန်နေ့က KNDF၊ KA နဲ့ အင်အားအလုံးအရင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတို့ မနက် ၉နာရီကျော်ကစပြီး တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာတဲ့အတွက် လေကြောင်းကိုပါ အကြိမ်ရေများစွာ အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒေါကမီးကျေးရွာအနီးအနားက တခြားကျေးရွာတွေမှာလည်း တခြားကရင်နီပြည်ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတာလည်း ရှိတယ်လို့ မြေပြင် သတင်းအချက်အလက်အရ သိရပါတယ်။ ဒီးမော့ဆိုမြို့ သေးဆူလဲ- နန်းမယ်ခုံဘက်တစ်ကြောမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ဆုတ်ခဲ့ရာမှာ ယမန်နေ့မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းပြန်ထိုးလာတာဖြစ်ပါတယ်။

ယခုရက်ပိုင်းအတွင်း အဲဒီဘက်က ဘယ်နေရာတွေမှာ တိုက်ပွဲဘယ်နှကြိမ်ဖြစ်ပွားခဲ့တယ်ဆိုတာကိုတော့ ကန္တာရဝတီတိုင်း( မ် ) အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိမှာလည်း အဲဒီ ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာ၊ ဒေါကမီးကျေးရွာ၊ နန်းမယ်ခုံကျေးရွာဘက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေသေးတဲ့ အခြေအနေဖြစ်ပြီး တိုက်ပွဲအချိန်မရွေးထပ်ဖြစ်ပေါ်နိုင်တဲ့အတွက် လူထုတွေအနေနဲ့ အသွားအလာမလုပ်ကြဖို့ KNDF က တိုက်တွန်းထားပါတယ်။

spot_img
spot_img

Recent posts