spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲစျေးမှာ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၊ ဈေးပိတ်သိမ်းခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့ လည် ၁၂ နာရီ ဝန်းကျင်အချိန်မှာ ရှမ်း- ကရင်နီနယ်စပ် မိုးဗြဲမြို့ စျေးထဲ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ မျက်မြင်ဒေသခံတွေဆီကနေ သိရပါတယ်။

“စျေးထဲမှာ လူတစ်ယောက် သေနတ်နဲ့ ပစ်ခံရတယ်လေ။ နောက်ကျနော်ကြည့်တဲ့အခါတော့ သွေးတော့ သွေးတွေကလည်း ခေါင်းမှာ ဒဏ်ရာရတဲ့အခါကျတော့ သွေးတွေကတော့ အအိုင်နဲ့ လဲနေတယ်ပေါ့။ အဲဒါတော့ တွေ့ရတယ်။ အသက်ကတော့ ရှိလားမရှိဘူးလားမသိဘူး။ သွေးတွေလည်း တအားထွက်နေတဲ့အခါကျတော့ သူ့မိန်းမကလည်းပါတော့ တအားငိုယိုနေတယ်။ သမီးတစ်ယောက်လည်းပါတယ်။” လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပြပါတယ်။

ဒီပစ်ခတ်ခံမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မည်သူပစ်ခတ်တယ်ဆိုတာနဲ့ ပစ်ခတ်ခံရသူဟာ မည်သူဖြစ်တယ်ဆိုတာကိုတော့ ကန္တာရဝတီတိုင်း( မ် ) အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဲဒီပစ်ခတ်မှုဖြစ်ပြီး နာရီဝက်အကြာမှာ စျေးသည်တွေဟာ အလန့်တကြားနဲ့ ဈေးဆိုင်တွေကို ပိတ်သိမ်းခဲ့ကြပါတယ်။

“ဒီနေရာကတော့ ထိတ်လန့်ကုန်တာပေါ့။ ထိတ်လန့်ပြီးတော့ ပစ္စည်းတွေလည်း အလုအယက်သိမ်းနေပြီးတော့ ဟိုးဟာပေါ့နော။ အနီးအနားဖြစ်နေတဲ့အခါကျတော့ အော်ရင်းနဲ့ မိန်းမသားတွေပဲများတယ်ကော။ စျေးသည်ဆိုတော့။ စျေးသည်မိန်းမသားတွေပဲ များခါကျတော့ အော်ရင်းနဲ့ ထိတ်လန့်ကုန်တော့ တစ်ယောက်နဲ့ တစ်ယောက်ပြေးကုန်တယ်ပေါ့။” လို့ မျက်မြင်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

မိုးဗြဲဈေးမှာ ပစ်ခတ်ခံရတဲ့ အမျိုးသားဟာ အသက် ၄၀ ဝန်းကျင်အရွယ်ဖြစ်ပြီး မိုးဗြဲဒေသခံမဟုတ်ဘူးလို့ သိရပါတယ်။ မိုးဗြဲစျေးထဲက ကုန်စုံဆိုင်တစ်ခုမှာ စျေးဝယ်နေရင်း အမည်မသိ လက်နက်ကိုင်ဆောင်လာသူတစ်ဦးရဲ့ ပစ်ခတ်ခြင်းခံခဲ့ရတယ်လို့ မျက်မြင်တွေက ဆိုကြပါတယ်။

မိုးဗြဲစျေးဟာ လက်နက်ကြီးပစ်ခတ်မှုရှိတဲ့ချိန်နဲ့ ညအချိန် အနီးအနားမှာ ပစ်ခတ်သံကြားရချိန်တွေကလွဲပြီး စျေးသည်တွေဟာ မနက်ကနေ နေ့လည် ၂နာရီခွဲအထိ ပုံမှန်ဖွင့်လှစ်နေပါတယ်။ ဒီလို ပစ်ခတ်ခံရမှုဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်ထပ်ဖြစ်ပွားမှာကိုလည်း ဒေသခံတွေက စိုးရိမ်မှုရှိနေကြပါတယ်။

spot_img
spot_img

Recent posts