spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲဆည်ကနေ ရေမလွှတ်တာကြောင့် နွေစပါးမစိုက်ပျိုးနိုင်မှာကို မိုးဗြဲတောင်သူတွေ စိုးရိမ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မိုးဗြဲဆည်ရေလှောင်တမံကနေ ရေမလွှတ်တာ နှစ်လကျော်ကြာရှိနေပြီဖြစ်တာကြောင့် လာမယ့် နွေရာသီမှာ နွေစပါး မစိုက်ပျိုးနိုင်တော့မှာကို မိုးဗြဲဒေသခံတောင်သူတွေ စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ၁ လေးလုံး စစ်ဆင်ရေးစတင်ပြီးနောက် ရေမလွှတ်တော့တာဖြစ်တယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

“မိုးဗြဲဆည်ကနေ ရေမလွှတ်ဘူးကော တစ်လေးလုံးကစပြီး ရေမလွှတ်ဘူးပေါ့။ ရေမလွှတ်တဲ့အတွက် ဆည်အောက်က ရာထောင်ချီ ဧကနဲ့ရှိတဲ့ နွေစပါးခင်းကို သူတို့ လုပ်ရမလား မလုပ်ရဘူးလားပေါ့နော။ အဲ့ဒါ သူတို့အတွက်လည်း စိန်ခေါ်မှုတစ်ခုပဲပေါ့နော။ ဘာဖြစ်လို့လဲဆို ဆည်က လုံးဝပိတ်ထားတာကို။ နွေစပါးလုပ်ရမှာပဲ လာမယ့် နောက် လေး၊ ငါး လ စားနပ်ရိက္ခာဖူလုံမှာပေါ့နော။ တော်တော်များများက လယ်ယာကို မှီခိုတာများတယ် လယ်စပါးပဲ မှီခိုတာများတယ်။” လို့ မိုးဗြဲဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့နယ်အတွင်းက ဒေသခံတောင်သူတွေဟာ စစ်ရှောင်နေကြရတာဖြစ်ပြီး တစ်နှစ်စာ စားနပ်ရိက္ခာဖူလုံဖို့အတွက် ဆန်၊ စပါးကိုသာ အဓိကအားထား စိုက်ပျိုးနေရတာကြောင့် ဒီနှစ်မှာလည်း နွေစပါးစိုက်ပျိုးထုတ်လုပ်နိုင်ဖို့ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှု နဲ့ မိုးဗြဲရေကာတာကနေ ရေလွှတ်ချမှုကြောင့် ဒေသခံတောင်သူတွေရဲ့ လယ်ယာစပါးခင်း ထောင်နဲ့ချီ ရေမြှုပ်သွားခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပြီး ယခုနှစ်အတွက် စားနပ်ရိက္ခာလိုအပ်ချက်လည်း ပိုမို များပြားလာတယ်လို့ ဆိုပါတယ်။

စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စစ်ရှောင်စခန်းမှာ နေထိုင်ကြတဲ့သူတွေဟာ စားနပ်ရိက္ခာရရှိမှုနည်းပါးသလို စစ်ရှောင်ဦးရေ ထပ်မံတိုးလာတာကြောင့် အဖက်ဖက်က လိုအပ်ချက် ပိုမိုများပြားလာတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

“ အားလုံးသိတဲ့အတိုင်းပဲ ခုက နေရာတိုင်းမှာ တိုက်ပွဲတွေကဖြစ်နေတော့ စစ်ရှောင်တွေ များလာတယ်။ ဆက်သွယ်ရေးလိုင်းကလည်း မရတော့ အလှူရှင်တွေနဲ့ချိတ်ဆက်တဲ့အပိုင်းရယ် အချင်းချင်းဆက်သွယ်နိုင်ဖို့က အရင်ကထက် ခက်ခဲသွားတာပေါ့နော။ ဒီနောက်ပိုင်း စစ်ရှောင်စခန်းတွေရဲ့ လိုအပ်ချက်လည်း အရမ်းများလာတယ်။ ကူတယ် ထောက်ပံ့ပေးနိုင်ရင်တောင် အနည်းအကျဉ်းပဲပေါ့။” စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

ဒေသခံတွေဟာ တိုက်ပွဲဖြစ်တဲ့ကြားက စိုက်ပျိုးရေးလုပ်ကိုင်ခဲ့ကြသလို စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်မှုကြောင့် တောင်ယာလုပ်ကိုင်နေကြတဲ့ ဒေသခံတချို့လည်း ထိမှန်ခဲ့ပြီး သေဆုံးသူလည်းရှိခဲ့ပေမဲ့ ရိက္ခာအတွက် ဆက်လက်စိုက်ပျိုးနိုင်ဖို့ကို မျှော်လင့်နေကြတာပါ။

“အခု ပြန်လုပ်ဖို့ မျှော်လင့်နေကြတာပဲ နွေစပါးပေါ့နော။ ဆည်ရေ လွှတ်ခဲ့မယ်ဆိုရင် အခြေအနေမကောင်းလည်း လုပ်မယ့်သူများတယ်။ ဘာလို့ဆို စားရဖို့အတွက်ပေါ့ ရိက္ခာပြတ်သွားမှာလည်း စိုးရိမ်တယ်ပေါ့။” လို့ မိုးဗြဲဒေသခံတောင်သူတစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်က မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဒေသခံအားလုံးနီးပါးက မြို့ကို စွန့်ခွာ တိမ်းရှောင်ခဲ့ကြရတာဖြစ်ပြီး လက်ရှိမှာလည်း မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီတပ်စွဲနေရာယူတာ မရှိတော့ပေမဲ့ လုံခြုံရေးအရ ဒေသခံတွေဟာ ပြန်လာနေထိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

spot_img
spot_img

Recent posts