spot_imgspot_imgspot_imgspot_img
Monday, January 13, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲတိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးရှိ၊ ရှေ့တန်းကယ်ဆယ်ရေးလုပ်နေတဲ့ ဒေါက်တာတစ်ဦးကျဆုံးခဲ့

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲပြင်းထန်လျက်ရှိတဲ့ ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ရက်နေ့ မိုးဗြဲတိုက်ပွဲအတွင်းမှာ နှစ်ဖက်အကျအဆုံးရှိခဲ့ပြီး ဒဏ်ရာရတဲ့ရဲဘော်တွေကို ကူညီကယ်ဆယ်ပေးတဲ့ ဒေါက်တာစွမ်းထက်အောင်(ခ)အောင်ကြီး ကျဆုံးခဲ့တယ်လို့ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ကသတင်းထုတ်ပြန်ထားပါတယ်။

၎င်းဒေါက်တာစွမ်းထက်အောင်(ခ)အောင်ကြီးက တော်လှန်ရေးကာလအတွင်း အထူးဆေးတပ်သားသင်တန်းတွေကို ဆေးဘက်ဆိုင်ရာ လမ်းညွှန်သင်ကြား ပေးသူလည်းဖြစ်တယ်။ မိုးဗြဲတိုက်ပွဲမှာ ရှေ့တန်းဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်တွေကို ကူညီပေးရင်း ဒေါက်တာကျဆုံးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ဒုတိယနှစ်ကျောင်းသား မောင်မြတ်မင်းခန့် လည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂက ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ပါတယ်။

လွိုင်ကော်ပညာရေးကောလိပ်မှ ကျောင်းဆင်းဆရာတွေဖြစ်ကြတဲ့ ကိုအောင်နိုင်၊ ကိုဟင်နရီ၊ ကိုနိုင်လင်း၊ ကိုမြတ်မင်းခန့် တို့ လေးဦးဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်လျက် သူရဲကောင်းပီသစွာ ကျဆုံးခဲ့ရပါတယ်။

ကရင်နီ-ရှမ်းနယ်စပ် မိုးဗြဲမြို့မှာ ယမန်နေ့ အစောပိုင်းကစ ညပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ကျဆုံးမှုရှိခဲ့သလို စစ်ကောင်စီဖက်ကလည်း သေဆုံးဒဏ်ရာရသူရှိတယ်လို့ သိရပါတယ်။ နှစ်ဖက်အကျအဆုံးကိုတော့ အတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်ကနေ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်မှုအပြင် တင့်ကားသုံးပြီး တိုက်ခိုက်ခဲ့သလို ညနေပိုင်း ၆နာရီဝန်းကျင်မှာတော့ တိုက်လေယာဉ် ၂စီးနဲ့ ၈ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အပြင် ဒေသခံအချို့လည်း ထိခိုက်မှုရှိခဲ့ပါတယ်။

မိုးဗြဲမှာ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်နဲ့ DMO PDF၊ PK-PDF၊ MB-PDF၊ LK-PDF၊ အလယ်ပိုင်းတိုင်း၊KNDF၊ KGZ၊ ကရင်နီတပ်မတော်(KA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မိုးဗြဲမြို့တွင်း ပြည်သူလူထုတွေ တိုက်ပွဲအတွင်းပိတ်မိခဲ့သလို အနီးအနားဝန်းကျင်က ကျေးရွာတွေအပါအဝင် စစ်ဘေးတိမ်းရှောင်သူ သောင်းချီ ရှိနေပါတယ်။

spot_img
spot_img