spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့ကို စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ဖို့ အပြိုင်ကြိုးစား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နဲ့ ရှမ်းပြည်နယ် နယ်စပ်မှာ တည်ရှိတဲ့ မိုးဗြဲမြို့ဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေအတွက် စစ်ရေးနဲ့ ကုန်သွယ်ရေး အခန်းကဏ္ဍတွေမှာ အရေးပါတဲ့ မြို့ဖြစ်တာကြောင့် မြို့ကို ထိန်းချုပ်နိုင်ဖို့ နှစ်ဘက်အပြိုင် ကြိုးစားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

“မရမက ကျနော်တို့တော့ တိုက်ယူရမှာပဲ ဆုံးရှုံးခံလို့မဖြစ်ဘူး။ မိုးဗြဲကို ဆုံးရှုံးခံလို့မဖြစ်ဘူး။ ကျနော်တို့ကတော့ ဘယ်နည်းမဆို ရအောင်လုပ်မယ်။” လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် ရဲ့ ကျွဲချို တပ်ခွဲ တာဝန်ခံက ပြောပါတယ်။

မိုးဗြဲမြို့ဟာ ရှမ်းပြည်နယ် နယ်နိမိတ်အတွင်းမှာ တည်ရှိပြီး ကရင်နီပြည် ဒီးမော့ဆိုမြို့ ၊ လွိုင်ကော်မြို့ အတွက် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့ အပြင် စစ်ကောင်စီရဲ့ တပ်မြို့ ဖြစ်တဲ့ နေပြည်တော်နဲ့ ၆၅ မိုင်သာ ကွာဝေးတဲ့ အနေအထားကြောင့် နှစ်ဘက်တပ်ဖွဲ့ တွေအတွက် စစ်ရေးအရ အရေးပါတဲ့ မြို့တစ်ခုဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရှောင်ပြည်သူတွေကို ရိက္ခာ ဖြတ်တောက်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီဟာ မိုးဗြဲကို ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ တဖက်မှာလည်း အဆိုပါ မိုးဗြဲလမ်းမကြီး လမ်းကြောင်းကိုအသုံးပြုပြီး စစ်ကောင်စီဟာ အင်အားဖြည့်တင်းတာတွေ၊ လက်နက်ခဲယမ်းတင်ပို့ တာတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက မိုးဗြဲမြို့ကို အပြည့်အဝထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ကျွဲချိုတပ်ခွဲမှ တာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။

“မိုးဗြဲက လွိုင်ကော်နဲ့ ဖယ်ခုံကြားလည်းဖြစ်တယ်။ ပြီးတော့ ကုန်သွယ်ရေးလမ်းကြောင်းလည်းဖြစ်တယ်ပေါ့။ ပြည်ထောင်စု လမ်းမကြီးလည်းဖြစ်တော့ အနောက်ဘက်တစ်ကြော ဒီးမော့ဆိုဖက်တစ်ကြောဆိုရင်လည်း အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်တယ်။ ဒီလမ်းကြောင်းသာပိတ်သွားမယ်ဆိုရင် ရှိနေတဲ့ ဒီးမော့ဆိုတို့ ဘာတို့ အ့ဖက်မှာ အခက်အခဲပိုများနိုင်တယ်ပေါ့။ အဲ့ဒါကြောင့် သူတို့ (စစ်ကောင်စီ) က ကုန်သွယ်ရေးလမ်းကြောင်းနဲ့ စားနပ်ရိက္ခာလမ်းကြောင်းပေါ့ အဓိက ပိတ်ဆို့ဖို့ သူတို့မှ ရည်ရွယ်ချက်ရှိလိမ့်မယ်လို့ထင်တယ်။ အဲ့ဒါကြောင့် ဒီနေ့အချိန်ထိ ထိုးဖို့ကြိုးစားနေတာပေါ့။” လို့ ကျွဲချိုတပ်ခွဲမှ တာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိ မိုးဗြဲမြို့ထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းသုံးကြောင်းထက်မက ရှိပြီး စစ်ကြောင်းတစ်ကြောင်းမှာ တပ်သားအနည်းဆုံး ၈၀ ဦးနဲ့ လှုပ်ရှားနေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ကျွဲချိုတပ်ခွဲမှ တာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။

အဆိုပါ စစ်ကြောင်းတွေမှာ မိုးဗြဲမြို့ နယ်မြေခံတပ်ရင်းတွေဖြစ်တဲ့ ခလရ ၄၂၂ ၊ ပအို့ဝ် ပြည်သူ့စစ် PNO တပ်ဖွဲ့ တွေ နဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတွေ ပါဝင်တယ်လို့ အဆိုပါ တာဝန်ခံက ဆက်ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က မကြာခဏ နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးပမ်းနေတာကြောင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့လည်း မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာပါ။

“နေပြည်တော်နဲ့နီးတော့ သူတို့က (စစ်ကောင်စီ) စိုးရိမ်တဲ့အနေအထားမှာရှိတယ်။ နေပြည်တော်နဲ့ လမ်းပေါက်ဖို့နီးတော့ စိုးရိမ်တဲ့အနေအထားရှိတော့ တပ်အင်အားဖြည့်ထားတာလည်းပါတယ်ပေါ့နော။ ဆက်လက်ပြီးတော့မှ သူတို့ကတော့ နေရာပြန်လည်ရရှိဖို့အတွက် စစ်တပ်အနေနဲ့ဆက်လက်ပြီးတော့မှ တိုက်ပွဲဝင်ရမှာပေါ့။ ကျနော်တို့နဲ့ PDF နဲ့ လူထုတွေနဲ့ တပ် မပြုတ်အောင်တော့ သူတို့ကြိုးစားပြီးတော့ တိုက်မှာပဲ။” လို့ ကရင်နီတပ်မတော် (KA) ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က သုံးသပ်ပြောဆိုပါတယ်။

မေလရဲ့ နောက်ဆုံးပတ်ကစပြီး မိုးဗြဲမြို့ပေါ်ရပ်ကွက်ထဲကို စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေက နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။ ဒေသခံအများစုကတော့ စစ်ရှောင်ကြပေမယ့် တိုက်ပွဲကြားပိတ်မိနေသူတွေရှိနေပြီး လုံခြုံတယ်လို့ ယူဆကြတဲ့ နီးစပ်ရာဘုန်းကြီးကျောင်းနဲ့ အိမ်တွေမှာ ခိုလှုံနေကြတယ်လို့ မိုးဗြဲမြို့ခံတစ်ဦးက ပြောပါတယ်။

“စစ်ရှောင်ကြပါတယ်။ မိုးဗြဲကတော့ အမြဲတမ်းလိုလိုတိုက်ပွဲတွေဖြစ်နေတယ်။ ဒါမဲ့ ဒီတစ်ခေါက်ကတော့ ပိုပြင်းထန်တယ်ပေါ့နော။” လို့ အဆိုပါ မြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိ မိုးဗြဲမြို့ရဲ့ စက်တော်ရာတောင်ပေါ်၊ ညောင်ဝိုင်း၊ စည်ကား(၂)ရပ်ကွက်၊ ဝါရီဆူးပလိုင်မှာ စစ်ကောင်စီက အထိုင်တပ်စွဲထားတယ်လို့ ကျွဲချိုတပ်ခွဲထံမှ သိရပါတယ်။ စစ်ရေးတင်းမာနေပြီး တိုက်ပွဲအချိန်မရွေးဖြစ်နိုင်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ မိမိလုံခြုံရေးအထူးကရုစိုက်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

spot_img
spot_img

Recent posts