spot_imgspot_imgspot_imgspot_img
Tuesday, October 15, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့က စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်း အလုံး၃၀ ကို ရှင်းလင်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာအနီးတစ်ဝိုက်ကို (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် နဲ့ KNDF၊ KA ပူးပေါင်းတပ်တို့ကနေ အောက်တိုဘာလ ၂၃ရက်နေ့ကနေ ၂၅ရက်နေ့အထိ မိုင်းရှင်းလင်းရေး ဆောင်ရွက်ခဲ့တယ်လို့ မိုးဗြဲ PDF ထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေမှာ ထောင်ထားခဲ့တဲ့ ၁၄၊ ၁၆ နင်းမိုင်း အလုံး ၃၀ ကို ရှင်းလင်းခဲ့တယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ထားပါတယ်။

မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ စည်ကား၊ ညောင်ဝိုင်း၊ ပွဲကုန်း စတဲ့နေရာတွေမှာ စစ်ကောင်စီက တပ်စွဲနေရာယူထားဆဲဖြစ်ပြီး ရပ်ကွက်တွင်းဝင်ရောက်တဲ့သူတွေကို သေနတ်နဲ့ပစ်ခတ်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီကနေ စည်ကား ရပ်ကွက်အတွင်း ထောင်ထားတဲ့ နင်းမိုင်းကို မိုးဗြဲဒေသခံတစ်ဦးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက နင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အရင်တစ်ပတ်လည်း ဒေသခံတစ်ဦးက မိုင်းနင်းမိသေးတယ် စစ်ကောင်စီတပ်စွဲထားတဲ့နေရာ လမ်းပိတ်ထားတဲ့နေရာ သူ ပစ္စည်းပြန်ယူတာ မိုင်းနင်းမိတာရှိတယ်။ သူ့အခြေအနေက ကောင်းတယ် သူကံကောင်းတယ်လို့ ပြောရမယ်။ တချို့ဆို ခြေထောက်တွေပြတ်တယ် သူ့ဟာက မပြတ်ဘူး အစတွေက ခြေသလုံးထဲဝင်တာတွေပေါ့နော။ နောက် ဝမ်းဗိုက်ကိုရှပ်ထိတယ် တအားစိုးရိမ်ရတဲ့ထဲတော့ မပါဘူး။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လတ်တလောမှာလည်း မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီတပ်က သွားလာလှုပ်ရှားနေတာကြောင့် ဒေသခံတွေအနေနဲ့ ကရုစိုက်သွားလာကြဖို့၊ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားတာရှိပါတယ်။

spot_img
spot_img

Recent posts