spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့တောင်သူတွေ စစ်ကောင်စီတပ်တွေဆီက ခွင့်တောင်းပြီး တောင်ယာလုပ်ကိုင်ကြရ

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့နယ်အတွင်းက ဒေသခံတောင်သူတွေဟာ စိုက်ပျိုးရာသီမှာ ထွန်ယက်စိုက်ပျိုးလိုတာကြောင့် အနီးနားက စစ်ကောင်စီတပ်တွေ ဆီမှာ ခွင့်တောင်းပြီး လုပ်ငန်းလုပ်ကိုင်နေကြရတယ်လို့ မိုးဗြဲဒေသခံတစ်ဦးကပြောပါတယ်။

“တချို့ပြန်လုပ်နေတာရှိတယ်။ လုပ်မယ်ဆိုရင်လည်း စိုးရိမ်ပူပန်မှုက ဘယ်လောက်ထိလဲဆိုရင် အသက်နဲ့ရင်းပြီးလုပ်တာနဲ့ မကွာဘူးလို့မြင်တယ်။ စစ်ကောင်စီနဲ့ အနီးကပ်ဆုံးဖြစ်တဲ့နေရာတွေပေါ့နော မိုးဗြဲမြို့အထွက် ဖယ်ခုံမြို့ဖက် စစ်ကောင်စီ ဂိတ်ဖက်ရှိတဲ့နေရာဆို သူတို့က ခွင့်တောင်းတာပေါ့နော။ စစ်ကောင်စီကို ကျနော်တို့ စပါး ပေါင်းသတ်ဆေးဖြန်းချင်တယ် ခွင့်ပြုပေးနိုင်မလား ဒီရက်အတွင်း အဲ့လိုတွေပေါ့နော။ တချို့ဆိုရင် ထွန်ပြီးသား တောင်ယာတွေ မစိုက်ရသေးတာအများကြီးရှိတယ်။” လို့ မိုးဗြဲဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မိုးဗြဲဒေသခံ ထောင်ချီဟာ စစ်ရှောင်နေကြရဆဲဖြစ်ပြီး ကျန်ရစ်ခဲ့တဲ့ ဒေသခံတွေကတော့ လာမယ့်နှစ် စားဝတ်နေရေးအတွက် စိုးရိမ်မှုကြားက တောင်ယာကို လုပ်ကိုင်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း လုံခြုံရေးကိုတော့ အာမခံ မပေးနိုင်သလို မိုးဗြဲအခြေစိုက် ခမရ (၄၄၂)တပ်ကနေ ပစ်ခတ်နိုင်တဲ့ လက်နက်ကြီးကျရောက်မှုကလည်း ရှိနေနိုင်တဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် သွားရောက်လုပ်ကိုင်ကြပြီး အသက်ရင်းနဲ့ရင်းရပြီး လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုယ့်သဘောပေါ့နော။ တချို့ဆိုရင် ဒီတိုင်းပဲသွားလာတယ်။ စစ်ကောင်စီနဲ့ အနီးအနားရှိတဲ့ နေရာဆိုပေမယ့်လည်း သူတို့စိုက်ခင်းကို မရ ရအောင် ဝင်တဲ့သူလည်းရှိတယ်။ ပေါ်တင်ကြီးဝင်တာပေါ့။ ထွန်စက်တွေနဲ့ မောင်းလာပြီးတော့ တောင်ယာလုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့နော။ အဲ့ဒါလုပ်တာရှိတယ်။ မလုပ်ဆို လာမယ့်ရာသီအတွက် စားဖို့သောက်ဖို့ အခက်အခဲ အများကြီးရှိသွားနိုင်တယ်ပေါ့နော။ အန္တာရာယ်ကျတော့ တခါတလေကျတော့လည်း အသက်နဲ့ရင်းပြီး လုပ်နေတာနဲ့မကွာဘူးပေါ့နော။” လို့ အဆိုပါ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

မိုးဗြဲမြို့နယ်အတွင်းမှာ မေလနောက်ဆုံးပတ်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တောင်ယာလုပ်နေတဲ့ ဒေသခံအမျိုးသားတစ်ဦးဟာ လက်နက်ကြီးထိမှန်သေဆုံးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

“ဒီစိုက်ပျိုးရေးကလည်း မဖြစ်မနေ လုပ်ရမယ့် အနေအထားမျိုးလို့ ကျနော်တို့ကလည်း မြင်တယ်လေနော။ ဒေသခံတွေအနေနဲ့ကလေ။ ရေရှည်စားဝတ်နေရေး အတွက်ပေါ့။ ဆိုတော့ တစ်ဖက်မှာ ရှိတာက စစ်ကောင်စီကို လူထုတွေအနေနဲ့ မေတ္တာရပ်ခံဖို့ လိုမယ်ထင်တယ်။ ကျနော်ထင်တာကတော့လေ။ ဘာလို့လဲဆိုတော့ ဒီလိုမျိုး အရပ်သားပြည်သူတွေ တကယ့်စားဝတ်နေရေးအတွက် ရုန်းကန်ရေတဲ့ ကာလတစ်ခုမှာ အဲ့လိုမျိုး လယ်စိုက်တာတို့ တောင်ယာစိုက်တာတို့ လုပ်နေတဲ့အနေအထားမျိုးမှာပေါ့နော။” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိ မိုးဗြဲမြို့ရဲ့ စည်ကားရပ်ကွက်၊ ညောင်ဝိုင်းရပ်ကွက်နဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီ တပ်စွဲမှုရှိနေဆဲဖြစ်သလို မကြာခဏ လမ်းသွားပြည်သူတွေကို ပစ်ခတ်မှုရှိနေတဲ့အတွက် မြို့တွင်းကို မပြန်ကြသေးဖို့ မိုးဗြဲ PDF တပ်ရင်း (၁) မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒေသခံတွေက မပြန်ရဲဘူး မပြန်နိုင်သေးဘူး။ စစ်ခွေးတွေက ရှိတယ် လမ်းဘေးမှာရှိတယ် လာတဲ့ပြည်သူတွေကိုလည်း လျှောက်ပစ်တယ်ပေါ့နော။ နောက်ပြီးတော့ ပြည်သူတွေလည်း စစ်ခွေးရဲ့ပစ်ခတ်မှုမခံရလေအောင် ရှောင်ထားတာတော့ ပိုကောင်းတာပေါ့နော ဘာဖြစ်လို့ဆိုရင် မိုးဗြဲမြို့ပေါ် မနေကြဖို့ လောလောဆယ် နေလို့မရသေးတဲ့အကြောင်း ပြောချင်တယ်ပေါ့နော။” လို့ ၎င်းက ပြောပါတယ်။

လက်ရှိမိုးဗြဲမှာ တိုက်ပွဲမဖြစ်ပွားတာ တစ်ပတ်ကျော်ရှိနေပေမယ့် နှစ်ဖက်စစ်ရေးက တင်းမာနေဆဲ အခြေအနေဖြစ်တာကြောင့် တောင်ယာလုပ်ကိုင်နေကြတဲ့ ဒေသခံတောင်သူတွေ ခရီးသွားလာကြတဲ့ လူထုတွေအနေနဲ့ အထူးကရုစိုက်ကြဖို့ မိုးဗြဲ PDF က အသိပေးထားပါတယ်။

spot_img
spot_img