spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့မှာ စက်တင်ဘာလအတွင်း တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ရေးတင်းမာလျက်ရှိနေဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မိုးဗြဲမြို့ မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ၂ကြော့ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိမှာတော့ နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာလျက်ရှိနေသေးတဲ့ အခြေအနေဖြစ်တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB PDF)ပြောဆိုခွင့် ရှိသူတစ်ဦးက ပြောပါတယ်။

“ လက်ရှိ အခြေအနေမှာတော့ ကျနော်တို့ က အခုလောလောဆယ် ခွေး(စစ်ကောင်စီ) တွေတော့ ရှိသေးတယ်။ ဒါပေမယ့် သူတို့က ကင်းပုန်း အနေအထားနဲ့ ရှိနေသေးတယ်။ နေရာကွက်ကျားပေါ့နော ရှိနေတယ်။ မြို့ပြင်မှာဆို ပိုများတယ်ပေါ့နော။ စောင့်ကြည့်နေရတဲ့ အနေအထားပေါ့နော။ လောလောဆယ်တော့ တိုက်ပွဲနယ်မြေလို့ ပြောရမှာပေါ့နော။ “ လို့ MB PDF ပြောဆိုခွင့်ရှိသူတစ်ဦး က ဆိုပါတယ်။

ဝါရီဆူးပလိုင်ကျေးရွာကနေ မိုးဗြဲမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ စက်တင်ဘာလ ၈ရက်ကနေ ၁၂ရက်နေ့အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ပြန်ဆုတ်ခွာခဲ့ပေမယ့် တစ်ပတ်အကြာ စက်တင်ဘာလ ၁၉ရက်နေ့ မနက်စောပိုင်းမှာ စစ်ကောင်စီမှ စစ်ကြောင်းနှစ်ကြောင်းနဲ့ နဲ့ မိုးဗြဲမြို့တွင်းကို တကြော့ပြန်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။

မိုးဗြဲမြို့ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းဝင်း ၊ ပွဲကုန်းရပ်ကွက်၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်၊ စက်တော်ရာတောင်ပေါ် စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်စွဲခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ကြတာဖြစ်ပါတယ်။

စစ်ကောင်စီဖက်ကနေလည်း လက်နက်ကြီးအများအပြား ပစ်ခတ်တာတွေ၊ လေကြောင်း ၁၅ကြိမ်ခန့် အသုံးပြု တိုက်ခိုက်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်း မိုးဗြဲမြို့တွင်း စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၀နှစ်အောက် ကလေးငယ် ၃ဦး အပါအဝင် အရပ်သား ၆ဦး သေဆုံးခဲ့ရပါတယ်။ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့်လည်း နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

မိုးဗြဲမြို့တွင်း ပြင်းထန်တဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၅ထောင်ဝန်းကျင် စစ်ဘေးရှောင်ခဲ့ရပြီး လက်ရှိ စစ်ရှောင်တွေအတွက် လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။

“ အခု မိုးဗြဲက ကျနော်တို့ အစိုးမရနိုင်သေးဘူးပေါ့နော။ တစ်ဖက်နဲ့ တစ်ဖက်လည်း စောင့်ကြည့်အနေအထားရှိသေးတယ်။ ဘာဖြစ်မလဲဆိုတာလည်း ကြိုတင်ပြောလို့မရသေးတဲ့အတွက် ပြည်သူတွေကိုလည်း ကရုစိုက်သွားလာဖို့ မှာကြားချင်တယ်ပေါ့နော။ နေထိုင်ဖို့က လုံးဝမဖြစ်သေးဘူးဆိုတာတော့ ထပ်လောင်းပြောကြားချင်တယ်။ “ လို့ လက်ရှိအခြေအနေအရ နေရပ်ပြန်လို့ မရသေးကြောင်း MB PDFပြောဆိုခွင့်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိအချိန်ထိ မိုးဗြဲမြို့နေရာအနှံ့အပြားမှာ စစ်ကောင်စီကင်းစခန်းတွေရှိနေတာကြောင့် စစ်ရေးအခြေအနေတင်းမာလျက်ရှိနေတယ်လို့ ဆိုပါတယ်။ ပြည်သူအနေနဲ့လည်း တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ အနီးတစ်ဝိုက်မှာ စစ်ကောင်စီထောင်ထားတဲ့မိုင်းရှိနေတာကြောင့် နယ်မြေရှင်းလင်းရေးမလုပ်ဆောင်သေးတာကြောင့် အသွားအလာ၊ နေရပ်ပြန်တာတွေ မပြုလုပ်ကြဖို့ အသိပေးထားပါတယ်။

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ မိုးဗြဲ တိုက်ပွဲတွေမှာ စစ်ကောင်စီဖက် ၈၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိတာတွေလည်း ရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် တော်လှန်ရေးတပ်ပေါင်းစုဖက် ရဲဘော် ၉ ဦး ကျဆုံးခဲ့ရပြီး KNDF B03ရဲဘော်တစ်ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မိုးဗြဲတိုက်ပွဲအတွင်းမှာ မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF၊ KNDF၊ KA၊ DMO 1107တပ်ရင်း၊ နေပြည်တော် PDF၊ KGZ၊ URFစတဲ့ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

spot_img
spot_img

Recent posts