spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့မှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် အရပ်သားလေးဦး သေဆုံး

ကန္တာရဝတီတိုင်း( မ် )

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေမှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီလေတပ်ရဲ့ တိုက်ခိုက်မှု၊ လက်နက်ပစ်ခတ်မှုတွေကြောင့် အရပ်သားလေးဦး သေဆုံးခဲ့ရတယ်လို့ မိုးဗြဲ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသူအရပ်သား ၄ ဦးထဲက ၃ ဦးဟာ စစ်ကောင်စီရဲ့ လေတပ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးတာဖြစ်ပြီး ကျန်ပြည်သူတစ်ဦးကတော့ တောင်ယာသွားတဲ့လမ်းမှာ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

“သုံးယောက်ကတော့လေယာဉ်ကျဲတယ်ပေါ့နော။ ရပ်ကွက်ထဲမှာနေရင်းနဲ့ လေယာဉ်ကျဲတဲ့အချိန်မှာ အဲ့မှာသေဆုံးတယ်ပေါ့နော။ နောက် တောင်ယာသွားတဲ့တစ်ယောက်က ရပ်ကွက်မှာပဲနေပြီးတော့မှ တောင်ယာက ရွာနံဘေးမှာပဲရှိတယ်ကော အဲမှာသွားရင်းနဲ့ ေ-ွး(စစ်ကောင်စီ) တွေက သေနတ်နဲ့ပစ်တာပေါ့ ။ လက်နက်ငယ်နဲ့ပစ်သေတယ်ပေါ့နော။ စစ်ကောင်စီက ပြောရမယ်ဆိုရင် သူတို့က ပြည်သူကိုပြည်သူမှန်းမသိ နောက်ပြီးတော့ တော်လှန်ရေးမှန်းမသိ ရမ်းသန်းလျှောက်ပစ်မှာတော့ သေချာတယ်။” လို့ မိုးဗြဲ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီရက်မှာပဲ မိုးဗြဲမြို့ပေါ်က ညောင်ဝိုင်းနဲ့ ပေါ်ဦးရပ်ကွက်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သလို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်နဲ့ လက်နက်ကြီးပစ်ခတ်မှု မြောက်မြားစွာကို လုပ်ဆောင်ခဲ့တာကြောင့် ညောင်ဝိုင်းဘုန်းကြီးကျောင်း အပါအဝင် နေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက်တစ်နေ့ မေလ ၂၈ ရက်နေ့ မနက်စောအချိန်မှာ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတစ်နေရာကို လေယာဉ်နဲ့ ၂ကြိမ်ခန့် လာပစ်ခတ်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ( ၄ ) ဦးထိခိုက်ဒဏ်ရာရကာ နေအိမ် ( ၃ ) လုံး ပျက်စီးခဲ့ပါတယ်။

လတ်တလော မိုးဗြဲမြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေမှာ ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြားစစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။ မိုးဗြဲမြို့ကို ဖြတ်သန်းသွားလာတဲ့ ခရီးသွားမိဘပြည်သူတွေ အနေနဲ့ မိမိလုံခြုံရေးကို အထူးဂရုပြုကြဖို့ မိုးဗြဲ PDF က အသိပေးထားပါတယ်။

“ အချိန်မရွေး တိုက်ပွဲပြင်းထန်ဖြစ်နိုင်တယ်ပေါ့နော။ အဲ့မျိုးအခြေအနေဖြစ်တဲ့အတွက်ကြောင့် ရပ်ကွက်မှာနေတဲ့ပြည်သူတွေ ကတုတ်ကျင်းပဲဖြစ်ဖြစ် နောက်ပြီးတော့ လုံခြုံတဲ့နေရာဖြစ်ဖြစ် သွားနိုင်ရင်ပိုကောင်းတယ်ပေါ့။ ဒါမှပဲ ထိခိုက်ဆုံးရှုံးမှုက ပိုနည်းမှာပေါ့နော။” လို့ မိုးဗြဲ PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ယမန်နေ့ မေလ ၂၉ ရက်နေ့ညမှာလည်း မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားထိခိုက်မှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။ အရပ်သားရှိရာနေရာတွေကို လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံလူထုတွေက စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

spot_img
spot_img