spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်စွဲထားဆဲ၊ ဒေသခံတွေ နေရပ်မပြန်နိုင်သေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ မေလ နောက်ဆုံးပတ်ကစပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ထဲမှာ တပ်စွဲထားတာ တစ်လကျော်ကြာနေပြီဖြစ်ပြီး တိမ်းရှောင်နေတဲ့ မိုးဗြဲဒေသခံတွေကတော့ နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။

မိုးဗြဲမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ပြည်ထောင်စုလမ်းမကြီးတလျောက် ထိန်းချုပ်ထားတဲ့ အတွက် ပြည်သူတွေ အသွားအလာမရှိဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ပြည်သူတွေလည်း အသွားအလာမရှိဘူးပေါ့နော ပြည်သူတချို့တော့ ပြန်နေတယ်ပေါ့နော တချို့ရပ်ကွက်တွေတော့ရှိတယ်။ စစ်ကောင်စီနဲ့ဝေးတဲ့နေရာတွေပေါ့နော။ မိန်းလမ်းတစ်ကြောကတော့ ပြည်သူတော့မရှိဘူး နေတာတွေမရှိသေးဘူး။ စစ်ကောင်စီတော့ တချို့နေရာတွေတော့ရှိသေးတယ်။ သူတို့ရဲ့ တပ်စခန်းနဲ့နီးတဲ့နေရာတွေမှာ တပ်စွဲထားနေတုန်းပါပဲ။” လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ပြီး တစ်လတာအတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား (၂၀) ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မိုးဗြဲမြို့တိုက်ပွဲအတွင်း အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးခဲ့ရပြီး စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးစထိမှန်တာ၊ နေအိမ်ထဲပိတ်မိပြီး စစ်ကောင်စီက ဖမ်းဆီးပစ်သတ်တာ၊ လမ်းသွားလမ်းပြည်သူတွေကို ပစ်ခတ်တာ စတဲ့အကြောင်းအရင်းတွေကြောင့် သေဆုံးရတာဖြစ်တယ်လို့ သိရပါတယ်။ မိုးဗြဲမြို့ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတဲ့နေရာအပြင် စစ်ရှောင်စခန်းရှိရာနေရာတွေကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပျက်စီးမှုလည်း များပြားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က မကြာခဏ နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးပမ်းနေတာကြောင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့လည်း မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာပါ။ သို့ပေမယ့် လက်ရှိ မိုးဗြဲမြို့တိုက်ပွဲဟာ အရင်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထက် ပိုမိုပြင်းထန်ပြီး အရပ်သားထိခိုက်သေဆုံးမှုကလည်း ပိုများတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

“ပိုဆိုးတာက အရင်ကထက်ပိုဆိုးတာပေါ့နော ဒေသခံတော်တော်များများက အရင်ကဆိုရင် တိုက်ပွဲဖြစ်နေပေမယ့် ကိုယ့်အိမ်ထဲမှာကိုယ်နေကြပြီး တိုက်ပွဲငြိမ်သွားရင် ပြန်ထွက်ကြ ပုံမှန်အတိုင်းပေါ့နော။ ဒါပေမယ့် အခုက မြင်မြင်သမျှ ရမ်းသန်းပြီးပစ်ခတ်သလိုပုံစံဖြစ်နေတယ်ပေါ့ စစ်ကောင်စီက။ ဒေသခံတော်တော်များများကလည်း မနေရဲကြတော့ဘူး မြို့ကိုစွန့်ခွာပြီး ရှောင်တဲ့သူ များတယ်။” လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကုန်သွယ်ရေးလမ်းကြောင်းအပြင် ဆက်သွယ်ရေးပါ အရေးပါတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီက အပြည့်အဝထိန်းချုပ်ပြီး တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ဘေးရှောင်တွေရဲ့ ရိက္ခာကိုဖြတ်တောက်ဖို့ လုပ်ဆောင်နေတာဖြစ်သလို အင်အားဖြည့်တင်းတာ၊ လက်နက်ခဲယမ်းတင်ပို့ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက သုံးသပ်ကြပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား နှစ်ဘက် စစ်ရေးတင်းမာနေဆဲ အခြေအနေဖြစ်ပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် လူထုတွေအနေနဲ့ အထူးသတိထားနေကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

spot_img
spot_img

Recent posts