spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့မှာ ဆန်ပြန်ယူတဲ့ အသက် ၇၂ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၅) ရက်နေ့ မနက်ပိုင်းမှာ မိုးဗြဲမြို့၊ စည်ကား(၁)ရပ်ကွက်မှာ ဆန်ပြန်ယူတဲ့ ဒေသခံတွေကို စစ်ကောင်စီက သေနတ်နဲ့ပစ်ခတ်ခဲ့ရာမှာ အသက် (၇၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ကျည်ဆံထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ မိုးဗြဲမြို့ဒေသခံတွေဆီကနေ သိရှိရပါတယ်။

အဆိုပါ အမျိုးသမီးဟာ မိုးဗြမြို့မှာ တိုက်ပွဲဖြစ်ပွားစဉ်က စစ်ရှောင်ခဲ့ရတာဖြစ်ပြီး စားစရာမရှိတော့တဲ့အတွက် သမီးဖြစ်သူနဲ့အတူ နေအိမ်မှာ တွန်းလှည်းနဲ့ ဆန်ပြန်သယ်စဉ် ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆန်ပြန်သယ်ရင်းနဲ့ အိမ်က သူ့သမီးက ပြန်တာ မနေ့ညကလည်း အဝင်အထွက်ပေါ့နော ပစ္စည်းပြန်ယူပေးတာပေါ့ မနေ့ညနေပိုင်းဝင်တယ် ဘာမှမဖြစ်ဘူး နောက် မနက်စောတစ်ခေါက်ဝင်တယ် ဘာမှမဖြစ်ဘူး နောက် ၉နာရီဝန်းကျင်လောက်မှပေါ့နော။ အဲ့ချိန်မှ သူနဲ့သူ့သမီး တူတူပြန်တယ်ပေါ့နော ပြန်လို့ရတယ် ဘာမှမဖြစ်ဘူး ဘယ်သူမှ မရှိဘူး အဲ့လိုပေါ့နော။ အဲ့ဒါ ဆန်ပြန်သယ်မယ်ဆိုပြီး တွန်းလှည်းငယ်လေးနဲ့ပေါ့နော ဆန်သယ်ပြီးမှ ပြန်ထွက်သွားဖို့ပေါ့နော အဲ့ချိန်က သူ့သမီးက အရှေ့ကနေ လှည်းဆွဲတာပေါ့။လှည်းငယ်ပေါ့ သူကအနောက်ကနေ လိုက်တွန်းတာပေါ့။ အဲ့ချိန်မှာ ပစ်ခတ်ခံရတာပေါ့ သူ့သမီးကတော့ ကံကောင်းစွာနဲ့မထိဘူး ထွက်ပြေးလွတ်မြောက်သွားတယ်။ သူ့အမေကတော့ အဲ့မှာပဲ ပွဲချင်းပြီး ရင်ဘတ်မှာ နှစ်ချက် သုံးချက်ထိတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စည်ကား (၁) ရပ်ကွက်မှာ မေလနောက်ဆုံးပတ်ကစပြီး စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်ရှိမှာ စစ်ကောင်စီက ရပ်ကွက်အတွင်း တပ်စွဲနေရာယူထားတယ်လို့ သိရပါတယ်။ အဆိုပါ ဆန်ပြန်ယူတဲ့ ဒေသခံတွေကို စစ်ကောင်စီက မမေးမမြန်းဘဲ အကြောင်းမဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မိုးဗြဲမြို့တွင်းမှာ မကြာခဏ တိုက်ပွဲဖြစ် (ကြိုကြား) ပွားနေဆဲဖြစ်ပြီး ဒေသခံအများစုဟာ ပြန်လည်နေထိုင်ခြင်းမရှိကြသေးပေမယ့် နေအိမ်သန့်ရှင်းရေးပြန်လုပ်တာ၊ စားနပ်ရိက္ခာပြန်ယူတာတွေ ရှိတယ်လို့ သိရပါတယ်။

“အများစုကတော့ ပြန်နေလို့မရသေးဘူး။ ပြန်နေလို့ရမယ်ဆိုတဲ့နေရာ တချို့ရှိတယ်။ တချို့ကျတော့လည်း မနေရဲတော့တာများတယ် ဘာဖြစ်လို့လဲဆိုရင် ဒီတစ်ခေါက် ပြည်သူတွေ ထိခိုက်တာ တော်တော်များတဲ့အတွက် ထိတ်လန့်တဲ့စိတ်က ရှောင်တာပေါ့။ အဝေးကြီးကို ရှောင်သွားတာ တချို့ရှိတယ် ဘာလို့ဆို မိုးဗြဲအခြေအနေကလည်း တိုက်ပွဲက အချိန်မရွေး နေရာမရွေးဖြစ်နိုင်တယ် အမြဲတမ်းလည်းဖြစ်တော့။” လို့ အဆိုပါ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

မိုးဗြဲမြို့ပေါ် ရပ်ကွက်တချို့မှာ စစ်ကောင်စီက တပ်စွဲနေရာယူထားတာရှိသလို ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ တပ်စွဲထားတာရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတောအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လက်နက်ငယ်ထိမှန်မှုတွေကြောင့် မိုးဗြဲဒေသခံ ၃၀ ဦး သေဆုံးခဲ့ရတယ်လို့ မိုးဗြဲဒေသခံတွေဆီကနေ သိရှိရပါတယ်။

လက်ရှိမှာလည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ သတိထားသွားလာကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးထားတာ ရှိပါတယ်။

spot_img
spot_img

Recent posts