spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့မှာ တိုက်ပွဲဖြစ်ပွားပြီး ပြည်သူနှစ်ဦးသေဆုံး၊ ပိတ်မိနေသူတွေရှိ

ကန္တာရဝတီတိုင်း( မ် )

ဒီကနေ့ ( ဇွန်လ ၇ရက်နေ့ )မှာ လွိုင်ကော်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ နဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဟာ မိုးဗြဲမြို့အထွက် ညောင်ဝိုင်းရပ်ကွက် အနီး မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက် ၁၀ဦးထက်မနည်း ထိခိုက် သေဆုံးမှုရှိပြီး ၊ ကရင်နီ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာတချို့ ရရှိခဲ့တယ်လို့ မိုးဗြဲPDF တပ်ရင်း ၂က သတင်းထုတ်ပြန်ပါတယ်။

မိုးဗြဲမြို့ ညောင်းဝိုင်းရပ်ကွက်မှာ စစ်ကောင်စီ တပ်စွဲနေတာတွေလည်း ရှိတဲ့အတွက် ဒေသခံတွေအကုန် စစ်ဘေးမရှောင်နိုင်ပဲ ဘုန်းကြီးကျောင်းတွေမှာ ပိတ်မိနေသူလည်း ရှိတယ်လို့ KNDF B-03 တာဝန်ရှိသူတစ်ဦက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ ညောင်ဝိုင်းတစ်ခုပဲ ပိတ်ကျန်ခဲ့တာ။ ကျန်တဲ့လူတွေက အကုန်မရှိတော့ဘူး။ တချို့ အိမ်စောင့် တစ်ယောက်နှစ်ယောက်လောက်တော့ ရှိသေးတယ်။ မိုးဗြဲတစ်မြို့လုံးလည်း ရှောင်ကြပြီ။ စစ်ကောင်စီက စစ်ရှောင်တွေကို ပေးမထွက်ဘူး။ ထွက်တဲ့လူတွေကိုလည်း ပစ်မယ်ပြောတယ်။ ပြည်သူတွေကလည်း အဲ့ဒီကို ဝင်လို့မရဘူး။ နှစ်ဖက်လုံးပိတ်ထားတဲ့အတွက် သူတို့က ချောင်းကြားမှာဖြစ်တဲ့အတွက် ထွက်လို့မရဘူး။ ထွက်လို့မရတဲ့အတွက် ပြည်သူတွေက သူတို့ဝင်လာမှာဖြစ်တဲ့အတွက် စစ်ရှောင်တွေလည်း သူတို့ပေးမထွက်ဘူး။ ဒါပေမယ့် အခုတော့ နည်းနည်းပေးထွက်နေပြီပြောတယ်။ တချို့ကတော့ လုံးဝမထွက်ရဲတာတွေလည်း ရှိတယ်ပေါ့နော။ ၃၀၀ကျော်က ဘုန်ကြီးကျောင်းထဲမှာ လုံးဝမထွက်ရသေးဘူးပေါ့နော။ “ လို့ KNDF B – 03 တာဝန်ရှိသူက ဒီကနေ့ည ၇နာရီအချိန်မှာ ဖြေကြားခဲ့ပါတယ်။

ရပ်ကွက်ထဲက ပြည်သူတွေကို ရပ်ကွက်အပြင်မထွက်ခိုင်းပဲနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လာစုဝေးခိုင်းတာတွေလည်း ရှိတယ်လို့ အမည်မဖော်လိုတဲ့ မိုးဗြဲဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဖက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညောင်ဝိုင်းကျေးရွာအနီးမှာရှိတဲ့ စျေးကုန်းကျေးရွာက ဒေသခံအမျိုးသမီး တစ်ဦး လက်နက်ကြီးထိပြီး သေဆုံးသွားခဲ့သလို ဒေသခံနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ညောင်ဝိုင်းကျေးရွာနဲ့ မလှမ်းမကမ်း ပွဲကုန်း- ၁ ရပ်ကွက်မှာရှိတဲ့ ဒေသခံ အမျိုးသားတစ်ဦးလည်း လက်နက်ကြီးပစ်ခတ်သံတွေကြားရတဲ့အတွက် နှလုံးရပ်ပြီး သေဆုံးသွားတာ ရှိတယ်လို့ Mobye Rescue Team က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ အမျိုးသမီးတစ်ဦး ထိတယ်ပေါ့နော။ ဒဏ်ရာတအားပြင်းထန်တော့ သေဆုံးသွားတာပေါ့နော။ တစ်ဆက်တည်းမှာပဲ အဲ့ဒီအမျိုးသမီးတစ်ဦးကို ထိတဲ့အချိန်မှာ နောက်ထပ် ပြည်သူ ၂ဦးကို ထိသေးတယ်ပေါ့နော။ ဒါပေမယ့် ဒဏ်ရာ အသေးစားပဲပေါ့နော။ စိုးရိမ်စရာမရှိဘူးပေါ့နော။အဲ့ဒါက မနက်ပိုင်းပေါ့နော။ နောက်ပြီးတော့ နေ့လည် ၂နာရီ ၃နာရီ ဝန်းကျင် ခါကျတော့ အရပ်သားပြည်သူတစ်ဦး သူ့မှာကျတော့ ရောဂါ အခံရှိတယ်။ အဲ့ဒါ လက်နက်ကြီးအသံ လက်နက်ငယ်အသံတို့ ကြားရင်းနဲ့ လန့်ပြီးတော့ သေဆုံးသွားတယ်ပေါ့နော ရုတ်တရက် သေဆုံးသွားတယ်။ အဲ့ဒါခါကျတော့ အမျိုးသားပေါ့နော။ “ လို့ ၎င်းက ဆက်ပြောပါတယ်။

မိုးဗြဲမြို့အထွက်မှာ စစ်ကောင်စီတပ်စွဲထားတဲ့အတွက် ခရီးသွားပြည်သူတချို့ မသွားလာနိုင်ပဲ ဖယ်ခုံမှာ ပိတ်မိနေတဲ့ သူတွေလည်း ရှိတယ်လို့ ခရီးသွား ပြည်သူ တစ်ဦးက ပြောပြပါတယ်။

ပိတ်မိနေတဲ့ ကားများကိုတွေ့ရစဉ်

“ ၉နာရီခွဲလောက်ကတည်းက စပြီးတော့ ပိတ်မိနေတာ အဲ့တာ ကားက မရှိဘူးဆိုရင် အနည်းဆုံး ၈၀ နဲ့ ၁၀၀ကြားမှာ ရှိနေတယ်။ အဲ့တာကို ကုန်ကားပါမယ်။ မှန်လုံအကြီး မှန်လုံအသေးတွေပါမယ်။ ခရီးသည်တွေဆိုရင် စုစုပေါင်း ခန့်မှန်းခြေအရဆိုရင် ၄၀၀ကနေ ၅၀၀ကြားမှာ ရှိမယ်ပေါ့နော။ အဲ့တာ တချို့ ပိုက်ဆံရှိတဲ့လူတွေလည်း ဘေးဆိုင်မှာ ဝယ်စားတာ ဆိုင်တွေလည်း ကုန်ပြီ။ နောက်ဆုံး ဖယ်ခုံက လူထုတချို့က အလှူရှင် တစ်ယောက် ငါးထောင်စိုက် တစ်သောင်းစိုက်ပြီး ညစာတော့ လှူပေးမယ်လို့တော့ ကြားတယ်။ လှူတော့ လှူနေပြီ။ တချို့တော့ စားလည်း စားနေပြီ။
“ လို့ ပိတ်မိနေတဲ့ ခရီးသွားပြည်သူတစ်ဦးက ပြောပြပါတယ်။

မိုးဗြဲမြို့တွင်း ပေါ်ဦး (၁) ရပ်ကွက်မှာရှိတဲ့ ကယန်းမယ် ဓာတ်ဆီဆိုင်ဟာလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ တိတိကျကျမသိရသေးပေမယ့် ယခင်က အဲ့ဒီဆိုင်မှာ မိုင်းခွဲတိုက်ခိုက်ခံရဖူးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ရက်နေ့မှာလည်း မိုးဗြဲမြို့ ကုန်းမှီကိုကျေးရွာမှာ စစ်ကြောင်းစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

spot_img
spot_img