spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့မှာ ဒီကနေ့မနက်ပိုင်း တိုက်ပွဲပြင်းထန်နေ၊ ပြည်သူတွေ တိမ်းရှောင်ဖို့ ခက်ခဲကြုံတွေ့နေရ

ကန္တာရဝတီတိုင်း(မ်)

မိုးဗြဲ မြို့တွင်းမှာ ဒီကနေ့ မနက်ပိုင်း (၁၀)နာရီ ဝန်းကျင်အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက မိုးဗြဲနေရာတော်တော်များများမှာ နေရာယူထားတဲ့အတွက် ပြည်သူတွေ အနေနဲ့လည်း ပိတ်မိနေရပြီး တိမ်းရှောင်ဖို့ အခက်အခဲကြုံတွေ့နေရတယ်လို့ မိုးဗြဲ PDF ပြောဆိုခွင့်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ အခုကတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်ခင်ဗျ။ စစ်တပ်က မြို့ထဲမှာ နေရာအနှံ့ ဖြစ်နေတော့ မိုးဗြဲPDFနဲ့ ဒေသတွင်းက တော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ အကုန်ပူးပေါင်းပြီးတော့ စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောလို့ရတယ်ခင်ဗျ။ “ လို့ ကန္တာရဝတီတိုင်း(မ်)ကို မနက် ၉နာရီခွဲမှာ ဖြေကြားပါတယ်။

မိုးဗြဲမြို့တွင်း ဒီကနေ့(ဖေဖော်ဝါရီ ၁၇ရက်) မနက် ၆နာရီနောက်ပိုင်းမှာ စစ်ကောင်စီဖက် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဖက် လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်မှုရှိနေကြပြီး စစ်ကောင်စီက ထွက်ပေါက်တွေ ပိတ်ထားတဲ့အတွက်လည်း ပြည်သူတွေ ပိတ်မိနေကြတယ်လို့ ဒေသခံတစ်ဦးဆီကနေသိရပါတယ်။

“ သူတို့က ယောင်္ကျားလေးတွေဆိုရင် အပြင်ထွက်မယ်ဆိုရင် ပစ်မယ်ပြောတဲ့ဟာတွေ ခြိမ်းခြောက်ထားတဲ့ဟာတွေ ရှိတယ်ပြောတယ်။ အပြင်လုံးဝထွက်လို့ မရတာတွေရှိတယ်။
တိုက်ပွဲဖြစ်တယ်။ အခုလည်း ပစ်နေတယ်ပြောတယ်။ ကျနော်တို့လည်း ပိတ်မိနေတဲ့ ပြည်သူတွေကို သွားကယ်ဖို့ လုပ်နေတယ်။ ခု ဝင်လို့လုံးဝမရဘူးဖြစ်နေတယ်။ လုံးဝမလွယ်ဘူး။ “ လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

ပြည်သူတွေအနေနဲ့ လုံခြုံဘေးကင်းတဲ့နေရာတွေမှာ အမြန်ဆုံး ရှောင်နေကြဖို့နဲ့ ပိတ်မိနေတဲ့ ပြည်သူတွေ ထွက်နိုင်ဖို့အတွက် စစ်ကောင်စီကို ဖိအားပေးဖို့လိုတယ်လို့ မိုးဗြဲPDFပြောဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

“ အခုက ပြည်သူတွေက တော်တော်များများတော့ မြို့ကို စွန့်ခွာပြီး ထွက်ချင်နေတဲ့သူတွေ အများကြီးရှိတယ်။ ဒါပေမယ့် စစ်တပ်က ထွက်ပေါက်တွေ အကုန်ပိတ်ထားတော့ ထွက်ရခက်တဲ့ အနေအထားရှိတဲ့အတွက် ထွက်လို့ရအောင် စစ်တပ်ကိုတော့ ဖိအားပေးဖို့တော့ လိုမယ်ခင်ဗျ။ အဖွဲ့အစည်းတစ်ခုခုဖြစ်ဖြစ်ပေါ့။ အဲ့ဒီအနေအထားတော့ရှိတယ်။ အဲ့ကြောင့် ပြည်သူတွေ ထွက်ခွင့်ရအောင်လို့တော့ တိုက်တွန်းချင်ပါတယ်။ “ လို့ မိုးဗြဲ PDF ပြောဆိုခွင့်ရှိသူကပြောပါတယ်။

လက်ရှိမိုးဗြဲမှာ စစ်ကောင်စီဖက်က တင့်ကားတွေကိုပါအသုံးပြု ထိုးစစ်ဆင်နေပြီး မိုးဗြဲမြို့ စည်ကားရပ်ကွက် (၁) က အမျိုးသမီးတစ်ဦး ခြေထောက် ထိခိုက်ဒဏ်ရာရထားတယ်လို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ (၁၅)ရက်နေ့ကတည်းက စစ်ကောင်စီကနေပြီး မိုးဗြဲ မြို့တွင်းမှာ စစ်ကြောင်းထိုးတာတွေ၊ ကင်းပုန်းချတာတွေ၊ ပြည်သူတွေရဲ့ နေအိမ်တွေဝင်ရောက်တာရှာဖွေတာတွေရှိနေပါတယ်။

ဒါ့အပြင် မနေ့က(၁၆ရက်နေ့) စစ်ကောင်စီကနေပြီး မိုးဗြဲမြို့အထွက် တောင်ယာသွားရောက် လုပ်ကိုင်နေတဲ့ ပြည်သူ(၁၀)ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့တယ်လို့ KNDFဖယ်ခုံက ထုတ်ပြန်ထားပါတယ်။

မနေ့ကဆိုရင် မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်ရှိ စစ်ကောင်စီတပ်စခန်းကို KA၊ KNDF၊ MB PDF၊ PK PDFနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက် (၇)ဦး ကျဆုံးခဲ့သလို ဒီကနေ့တိုက်ပွဲ အကျအဆုံးတော့ မသိရသေးဘူးလို့ သိရပါတယ်။

spot_img
spot_img