spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့မှာ ၃ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး ပျက်စီးဆုံးရှုံးမှုရှိ

လက်နက်ကြီးထိမှန်မှုကြောင့် ၁၀နှစ်အရွယ်ကလေးတစ်ဦး သေဆုံးခဲ့။ (“ဓါတ်ပုံ – CJ)

ကန္တာရဝတီတိုင်း( မ် )

မိုးဗြဲမြို့တွင်းမှာ စက်တင်ဘာလ ၈ ရက်နေ့ကစပြီး ၁၀ရက်နေ့အထိ ၃ရက်ဆက်တိုက် စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

“အခုက ပြန်ပြီးတော့စတာပေါ့နော။ အခုက ဘယ်အချိန်လို့ ပြောရမလဲဆိုတော့ ၁၀ နာရီ ၄၅မိနစ်မှာ ပြန်စတာပေါ့နော။ အခုက ဆက်တိုက်ကြီးဖြစ်နေတာပေါ့နော။ ၁၁ အထိတော့ ဆက်တိုက်ကြီးဖြစ်နေသေးတယ်။” လို့ မိုးဗြဲ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ကတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ လေကြောင်းတွေနဲ့ ပစ်ခတ်မှုရှိခဲ့ပြီး ဒေသခံထောင်ဂဏန်းကလည်း နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေ လုံခြုံတဲ့နေရာတွေမှာ သွားရောက် ခိုလှုံနေရပါတယ်။

လက်နက်ကြီးထိမှန်မှုကြောင့် လူနေအိမ်ထိခိုက်ပျက်စီးခဲ့။ (ဓါတ်ပုံ – CJ)

တိုက်ပွဲ ပထမရက်အတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် သားအဖ နှစ်ယောက် လက်နက်ကြီးစ ထိမှန်ပြီး အသက် ၁၀ နှစ်ဝန်းကျင်အရွယ် သားတစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့တဲ့ Mobye PDF Rescue Team-MPRT အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“အဲ့ဒီ ကလေးနဲ့ အမျိုးသားတစ်ဦးက လက်နက်ကြီးကြောင့်ပေါ့နော။ လက်နက်ကြီးက စင်ထွက်တာပေါ့နော။ အဲ့ဒါနဲ့ အဲ့ဒီလိုဖြစ်သွားတယ်။ ကလေးက လက်မှာ ဒဏ်ရာ ရရှိသွားတယ်ပေါ့နော။ အဲ့ဒါ ဘယ်လိုပြောရမလဲ ထွက်လို့လည်း မရတဲ့အခါကျတော့ သူ့အဖေကနေပြီးတော့ သွေးတိတ်အောင် လုပ်ပေးခဲ့တယ်ပေါ့နော။ အဲ့ဒါနဲ့ အဆင်မပြေဖြစ်သွားတော့ အချိန်လည်းနည်းနည်းကြာသွားတော့ ကလေးရဲ့ အသက် ဆုံးရှုံးလိုက်ရတယ်လို့ပဲ ယူဆရတယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

သားအဖနှစ်ယောက်ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးဗြဲ ပွဲကုန်း ( ၃ ) ရပ်ကွက်က ဖြစ်ပြီး တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရပြီးနောက် စက်ရုံတစ်ခုမှာ အရပ်သား ၁၃ယောက်နဲ့အတူ ပိတ်မိနေခဲ့ပြီး တိုက်ပွဲ ဒုတိယရက်မှာပဲ ပြန်လည်ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားနေသေးတဲ့အတွက် ဒေသခံတွေဟာလည်း နေအိမ်ကို မပြန်နိုင်သေးပဲ ဘုန်းတော်ကြီးကျောင်းမှာ ရှိတဲ့ ရိက္ခာတွေကိုပဲ ချက်ပြုတ်စားသောက်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

“နောက်ထပ်တော့မရှိသေးဘူး။ အရပ်သားထိခိုက်တာတော့ မရှိသေးဘူး။ ဒါပေမယ့် အရပ်သားတွေရဲ့ နေအိမ်တို့ အဆောက်အအုံတို့လည်း ထိခိုက်တာတွေ ရှိသေးတယ်ပေါ့နော။ အခုလောလောဆယ် အခြေအနေအထိပေါ့နော။ အသံကြားပြီဆိုတာနဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံတယ်။ ဘုန်းကြီးကျောင်းမှာရှိတဲ့ အစားအသောက်တွေနဲ့ပဲ ချက်ပြုတ်စားသောက်နေရတယ်ပေါ့နော။” လို့ Mobye PDF Rescue Team-MPRT အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ လုံခြုံတဲ့နေရာတွေမှာ နေပေးဖို့ မိုးဗြဲ PDF တာဝန်ရှိသူတစ်ဦးက အသိပေးထားပါတယ်။

“စစ်ရေးက ဆက်ပြီးတော့ တင်းမာနိုင်တဲ့အတွက် လုံခြုံတဲ့နေရာကို နေပေးပါ။ ပြည်သူတွေ ပြီးရင် မှန်ကန်တဲ့ သတင်းတွေကို ကျနော်တို့ အဆီအရောက်ပို့ပေးပါ။ ပြည်သူတွေပူးပေါင်းမှပဲ ကျနော်တို့ တိုက်ပွဲဟာ အမြန်ဆုံးပြီးဆုံးနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်မလို့ အဲ့ဒါလေး ပြောကြားချင်ပါတယ်။” လို့ သူက ပြောပါတယ်။

ဈေးဆိုင်တန်းများ ပျက်စီးခဲ့။ (ဓါတ်ပုံ – CJ)

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ ထက်မနည်း ကျဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာတွေလည်း အများအပြား ရရှိနိုင်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) က စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဝါရီဆူးပလိုင်ကျေးရွာကနေ မိုးဗြဲမြို့တွင်းကို အင်အား ( ၁၀၀ ) ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာပြီးနောက် တိုက်ပွဲစတင် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေကိုလည်း ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဖက်က သိမ်းဆည်းရမိတာတွေလည်း ရှိနေပါတယ်။

spot_img
spot_img