spot_imgspot_imgspot_imgspot_img
Monday, February 17, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့ ဘုန်းကြီးကျောင်းမှာ လက်နက်ကြီးကျပြီး ကလေးငယ်နှစ်ဦးနဲ့ အမျိုးသားနှစ်ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိနေ

ကန္တာရဝတီတိုင်း( မ် )

ဒီကနေ့ စက်တင်ဘာလ ၁၆ရက်နေ့ မနက်အစောပိုင်း မိုးဗြဲမြို့ မွေတော်ဘုရားမှာ လက်နက်ကြီးကျရောက်ပြီး အသက် ၁၀နှစ်အောက် မောင်နှမနှစ်ဦးနဲ့ အသက်၅၀ကျော် အမျိုးသားနှစ်ဦး သေဆုံးသွားသလို အရပ်သားပြည်သူ ၁၃ဦးလည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ မိုးဗြဲဒေသခံ တစ်ဦးဆီကနေ သိရပါတယ်။

“ မိုးဗြဲမွေတော်ဘုရားမှာ လက်နက်ကြီး အရမ်းထုတာ အဲ့တာ ပြည်သူ လေးဦးသေဆုံးတယ်ပေါ့နော။ လူကြီးနှစ်ဦး ကလေးနှစ်ဦး သေသွားတာ။ ထိတာတွေက အများကြီးပဲ။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေဟာ မွေတော်ဘုရားမှာ စစ်ဘေးရှောင်အဖြစ် လာရောက်ခိုလှုံသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

မိုးဗြဲမြို့မှာ ယမန်နေ့ စက်တင်ဘာလ ၁၅ရက်နေ့ ညနဲ့ ဒီမနက် စက်တင်ဘာလ ၁၆ရက်နေ့မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အများကြီး။ ကျနော်တော့ မပြောတတ်ဘူး။ ဘယ်ဘက်ထုလဲတော့မသိဘူး။ ဒီမွေတော် ဘုရားတစ်ခုတည်းတော့ အတိအကျတော့ မပြောနိုင်ဘူး။ ဒါပေမယ့် ဒီမနေ့ည ညနေ၅နာရီလောက်အထိက ဆက်တိုက်ပဲ ဒါပေမယ့် ၁၀နာရီရီလောက်ထုတော့ နာရီဝက်တစ်ခါ။ တစ်နာရီခြားတစ်ခါ ထုတယ်။ ဒါပေမယ့် ဘယ်ဘက်မှာထိခိုက်လဲတော့ ကျနော်တို့ အတိအကျမပြောတတ်ဘူး။ ကျနော်တို့ သိလိုက်တဲ့အချိန်မှာ ဒီမနက် ၆နာရီလောက်မှာ လက်နက်ကြီးကျပြီးတော့ အများအပြားဒဏ်ရာရတယ်ဆိုတာ ကျနော်တို့ကြားတယ်။” လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ရက်နေ့ကစပြီး ၅ရက်ဆက်တိုက် မိုးဗြဲမြို့တွင်းမှာ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ မိုးဗြဲမြို့တွင်းမှာ တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ လုံခြုံတဲ့နေရာကို ရှောင်ရှားပေးကြဖို့ သတိထားသွားလာကြဖို့ ပူးပေါင်းတပ်ဖွဲ့အသီးသီးက ထုတ်ပြန်ထားပါတယ်။

မိုးဗြဲမြို့တွင်းမှာ တိုက်ပွဲစတင်ဖြစ်ပွားပြီးတဲ့နောက်ပိုင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

spot_img
spot_img