spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့ ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့ ပြည်သူတချို့ ပြန်လည်လွှတ်မြောက်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

မိုးဗြဲမြို့ စက်တော်ရာနဲ့ မွေတော်ဘုရား ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့ အရပ်သားပြည်သူ ၁၀၀ဦးထက်မနည်းရှိခဲ့ပြီး ယမန်နေ့ စက်တင်ဘာလ ၂၁ရက်နေ့မှာ တချို့ပြန်လည်လွှတ်မြောက်လာခဲ့ပြီး တချို့ဆက်လက်ပိတ်မိနေတယ်လို့ မိုးဗြဲ PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးတောက်လျှောက်ကျနေတယ်ရွာထဲကို အဲ့တာ ရွာထဲမှာ မလုံခြုံတော့ဘူးဆိုပြီးတော့ အရပ်သားပြည်သူတွေက လုံခြုံမယ်ထင်တဲ့ ဘုန်းကြီးကျောင်းတွေကို ပုန်းအောင်းကျတယ်ပေါ့နော။ ပုန်းအောင်းနေတဲ့အချိန်မှာပဲ စစ်ကောင်စီတွေက ဝင်ရောက်စီးနင်းလိုက်တယ်။ ဝင်ရောက်စီးနင်းခြင်းခံလိုက်ရတယ်။ အဲ့ဒီအချိန်မှာလည်း ပြည်သူတွေ ပိတ်မိနေတယ်ဆိုတဲ့ အနေအထားကို သိလိုက်ရတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဒုတိယနေ့နဲ့ တတိယနေ့မှာပေါ့နော။ တတိယနေ့မှာက တပ်ပေါင်းစုတွေက ဘေးပတ်လည်ကို လိုက်ပြီး ပစ်ခတ်မှုဖြစ်တော့ ပြည်သူတွေက စိုးရိမ်မှုရှိတဲ့အခါကျတော့ လွှတ်မြောက်တဲ့နေရာကို ပြေးထွက်လာကြလို့ပဲ လွှတ်မြောက်လာတယ်ပေါ့နော။ ကျန်ရှိနေသေးတဲ့ ပြည်သူတချို့ရှိပါသေးတယ်။ ကျန်ရှိနေသေးတဲ့ ပြည်သူတွေက ဘယ်လောက်ကျန်မလဲဆိုတာက ကျနော်တို့က ဆက်လက် စောင့်ကြည့်နေသေးတယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

ပြည်သူတွေကို ညှင်းပမ်းနှိပ်စက်တာတွေမရှိပေမယ့် ထွက်ခွင့်မပေးပဲ ပိတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ပွဲကုန်း ( ၁ )၊ ( ၂ )၊ ( ၃ ) ရပ်ကွက်နဲ့ စက်တော်ရာ၊ မွေတော်ဘုရား ဘုန်းကြီးကျောင်းတွေမှာ စစ်ကောင်စီတပ်စွဲနေပါတယ်။

ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့လည်း တိုက်ပွဲနေ့စဉ်ရက်ဆက် ဖြစ်ပွားပြီး ဒေသခံနေအိမ်၁၀၀ကျော်ဟာလည်း လက်နက်ကြီးတွေကြောင့် ပျက်စီးခဲ့ပါတယ်။ စက်တင်ဘာလအတွင်း မိုးဗြဲမြို့မှာ လက်နက်ကြီးကြောင့် မောင်နှမနှစ်ဦးအပါအဝင် အရပ်သားသေဆုံးသူ ၅ဦး ရှိသွားပြီဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့အတောအတွင်း မိုးဗြဲမြို့က ဒေသခံ ငါးထောင်ဟာလည်း စစ်ဘေးရှောင်နေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဆရာဗညားက ပြောပါတယ်။

“လောလောဆယ်အထိကတော့ ကျနော်တို့ ငါးထောင်ပဲသတ်မှတ်ထားတယ်။ ငါးထောင်ဆိုတာက တောဖက်ပေါ့ အနောက်အလယ်ကယန်းဖက်ကို ရွေ့သွားတဲ့အုပ်စုပေါ့။ တချို့ကလည်း လွိုင်ကော်မြို့ပေါ်ကိုရွေ့တာရှိတယ် ဖယ်ခုံမြို့ဖက်ကိုသွားတာလည်းရှိတယ်။ အဲ့တော့ ပုံစံသုံးခုသွားကြတာပေါ့နော။ ကျနော်တို့ဆီမှာ အနည်းဆုံးကတော့ ၅ထောင်ပေါ့။ တခြား လွိုင်ကော်ကိုသွားတဲ့ဟာတော့ မသိနိုင်ဘူးပေါ့နော ဖယ်ခုံဖက်သွားတဲ့ဟာလည်း စာရင်းအတိအကျ ကောက်လို့မရဘူးဖြစ်နေတယ်။” လို့ ဆရာဗညားက ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂၂ရက်နေ့ မနက်ပိုင်းအချိန်မှာတော့ တိုက်ပွဲတွေဖြစ်ပွားတာ မရှိသေးပေမယ့် စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ လွိုင်ကော် PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မိုးဗြဲမြို့ဟာ လက်ရှိမှာ ကရင်နီပြည်တွင်း ဆက်သွယ်ရေးလမ်းကြောင်းတွေရဲ့ တစ်ခုတည်းသောလမ်းကြောင်းဖြစ်နေတဲ့အတွက် စစ်ကောင်စီကနေ အထိုင်ချနိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“လမ်းကြောက ဒီတစ်ခုပဲရှိတော့တယ်။ ဒီဟာပဲ ဆက်ပိတ်မယ်။ စစ်တပ်ကလည်း ဆက်ပြီးတပ်စွဲမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် မိုးဗြဲကတော့ ပျက်စီးမှာပဲ။ မိုးဗြဲမြို့ ပျက်စီးပြီပိတ်ပြီဆိုရင် ကျနော့အမြင်အရ ကယားပြည်မှာရှိတဲ့ လူဦးရေ သုံးသိန်းကတော့ အကုန်လုံး ဒုက္ခရောက်မှာပဲ။ ဆိုတဲ့ အနေအထားလို့ ကျနော်မြင်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီလမ်းကြောင်းတစ်ခုပဲ ရှိတော့တာလေ။” လို့ လွိုင်ကော် PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၁၉ရက်နေ့မှာ စစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်ဆင် ဝင်ရောက်လာခဲ့တာဖြစ်ပြီး ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာလအတွင်း စစ်ကောင်စီမိုးဗြဲမြို့တွင်းကို ထိုးစစ်ဆင် ဝင်ရောက်လာတာ နှစ်ကြိမ်ရှိသွားပြီဖြစ်ပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့မှာ တစ်ကြိမ်စစ်ကြောင်းထိုးပြီး ၅ရက်မြောက်မှာ ပြန်လည်ဆုတ်ခွာခဲ့ပြီး နောက်တစ်ကြိမ် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ပြန်လည်စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် မိုးဗြဲလမ်းကို ခရီးသွားပြည်သူတွေအနေနဲ့ အသုံးမပြုကြဖို့နဲ့ မိုးဗြဲဒေသခံတွေအနေနဲ့ လုံခြုံတဲ့နေရာကို နေထိုင်ပေးကြဖို့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts