spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးရာသီရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် စစ်ရှောင်စခန်းတွေမှာ အမိုးအကာ လိုအပ်မှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ဘေးရှောင်ကာလ ကြာရှည်လာတာနဲ့အမျှ ဝင်ငွေမရှိဘဲ အလှူရှင်တွေဆီက ထောက်ပံ့လှူဒါန်းတဲ့ရိက္ခာတွေကိုသာ အဓိက မှီခိုအားထားနေရတဲ့ စစ်ရှောင်တွေအဖို့ မိုးကာဝယ်ယူဖို့အခက်အခဲရှိနေပြီး၊ မိုးရွာတဲ့အချိန်ဆိုရင် အခက်အခဲပိုမိုကြုံတွေ့ရတယ်လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အခက်ခဲကြုံတွေ့ရပါတယ်။ဘာဖြစ်လဲဆို ဒီလက်ရှိကာလမှာပေါ့နော် စစ်ရှောင်တွေဖြစ်တဲ့ အခါမှာပေါ့နော် ၊ အလုပ်လက်မဲ့နေတဲ့အခါမှာ မိုးကာတွေလဲ မဝယ်နိုင်ကြဘူးပေါ့နော်။ ဒါကြောင့် မိုးတွင်းကာလမှာ မိုးတွေတအားရွာတယ်။ မိုးတအားရွာတဲ့အခါမှာ ကျွန်မတို့လဲ မလုံခြုံဘူးပေါ့နော်။ မိသားစုတွေလဲ ထားထားတဲ့ပစ္စည်းတွေလဲမလုံခြုံဘူး။ ဆိုတာက စိုရွှဲနေတာ ခံရပါတယ်။ ပြီးတော့ စိုရွှဲနေတာထက် ဒီကျွန်မတို့ ဘယ်နေရာပဲသွားသွားဆို မလုံခြုံဘူးလေ။ ဘာဖြစ်လဲဆို ည အိမ်မှာက မိုးကာမလုံခြုံဘူးဆိုရင် ကိုယ့်တဲကိုပဲ ကိုယ်သတိရတယ်ပေါ့နော်။ အမိုးကာအကာမလုံခြုံတဲ့အတွက်ပေါ့နော်” လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ဒေသတွင်း ခုခံတော်လှန်ရေးတိုက်ပွဲတွေကြောင့် မေလ
(၂၁) ရက်နေ့မှာဆိုရင် ကရင်နီလူထုတွေ စစ်ဘေးရှောင်ကာလ နှစ်နှစ်တိတိရှိနေပြီဖြစ်ပြီး၊ တစ်ဖက်မှာလည်း
အမိုးအကာ လိုအပ်နေဆဲဖြစ်ပါတယ်။ မကြာခင် မိုးရာသီရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် ကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာ အမိုးအကာနှင့် နေစရာထိုင်ခင်းတွေ လိုအပ်မှုရှိနေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောဆိုကြပါတယ်။

ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) လူသားချင်းစာနာထောက်ထားမှု ကော်မတီမှ တာဝန်ခံ ဦးဗညားက “တကယ်လက်တွေ့က မြေပြင်လိုအပ်ချက်က အမိုးအကာပေါ့နော။ ဒီဟာကတော့ နေ့စဉ်နဲ့အမျှ လိုအပ်ချက်ဖြစ်တယ်ပေါ့နော။ ဆိုလိုရင်းအဓိပ္ပါယ်က မိုးရာသီပဲဖြစ်ဖြစ် ဆောင်းရာသီပဲဖြစ်ဖြစ် မိုးကာရဲ့သဘောသဘာဝရယ် ရာသီဥတုကြောင့်ပေါ့နော။ လိုအပ်ချက်ကတော့ ပုံမှန်ရှိနေတယ်။ နှစ်ကာလအပေါ်မူတည်ပြီးတော့မှ သုံးစွဲတဲ့အပေါ်မှာလည်း မူတည်တယ်။ အခုကလည်း လေပြင်းမုန်တိုင်းတွေ မထင်ရင်မထင်သလို တိုက်ခတ်တာရှိတယ်ပေါ့ ။ နောက်ပြီးတော့ မိုးခပ်ပြင်းပြင်းရွာတဲ့ချိန်လည်းရှိတော့ အမိုးအကာပျက်စီးသွားတာတွေ၊ ဆက်သုံးလို့အဆင်မပြေတော့တာတွေ၊ Camp တိုင်းတော့မဟုတ်ပေမယ့် တချို့ Camp၊ တချို့နေရာတွေမှာ ကြုံရတယ်။ မိုးကာကတော့ အခက်အခဲကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဈေးနှုန်းက မြင့်လာတယ်ပေါ့။” လို့ ပြောပါတယ်။

ကရင်နီပြည်တွင်းက စစ်ရှောင်ပြည်သူတွေ အများဆုံးရှိနေတဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို ရိက္ခာသယ်ယူပို့ဆောင်တဲ့နေရာမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းသွားလာနေရတာဖြစ်ပြီး ယခုနောက်ပိုင်းမှာ ပိုမိုတင်းကြပ်လာပါတယ်။

ကုန်ဈေးနှုန်းမြင့်မားမှု၊ မိုးကာဈေးနှုန်း မြင့်မားမှုတွေကြောင့် စစ်ရှောင်တွေအနေနဲ့ လိုအပ်တဲ့ မိုးကာကို ဝယ်ယူနိုင်ခြင်းမရှိကြဘူးလို့ဆိုပါတယ်။ အလှူရှင်တွေဆီကနေ ထောက်ပံ့မှုကိုသာ အဓိက မှီခိုအားထားနေကြရတာဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ မိုးကာ ၁၂ ပေပတ်လည်ကို ကျပ်တစ်သောင်းခွဲ၊ ၁၈ ပေ ပတ်လည်ကို ကျပ်လေးသောင်းခွဲ၊ ၂၄ ပေ ပတ်လည်ကို ကျပ်ခုနှစ်သောင်း စသဖြင့် ဈေးနှုန်းရှိကြပြီး တစ်နေရာနဲ့တစ်နေရာတော့ ဈေးနှုန်း ကွာခြားမှုရှိတယ်လို့ သိရပါတယ်။

“နောက်ပိုင်း စစ်ကောင်စီတွေက မြို့တွင်းအဝင်အထွက်တွေကို အထူးသဖြင့် အထွက်တွေကို တအားစစ်တယ်၊ အထူးသဖြင့် ဒီရက်ပိုင်းကလည်း မြို့တွင်းမှာ တအားစစ်တာတွေ့တယ်၊ မနေ့ကအထိ ပြင်းပြင်းထန်ထန်စစ်တယ်။ နောက် ကုန်ကားတွေကို ဖမ်းတာလည်း အကြိမ်ရေပိုများလာတယ်။ ဖမ်းပြီးတော့မှ ပြန်မလွတ်တာလည်း ပိုများလာတော့ အထူးသဖြင့် မိုးကာက သယ်ယူတဲ့နေရာမှာ ပိုကြပ်တည်းလာတယ်။ ကုန်သည်ကားတွေလည်း သွားလာတာ ပိုကြောက်လာတယ်၊ ပစ္စည်းတွေသယ်ရတာလည်း ပိုခက်ခဲလာတယ်ပေါ့နော။” လို့ ဦးဗညားက လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲကို ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ မိုးကာနဲ့သာ ဆောက်လုပ်နေထိုင်ကြရတာဖြစ်ပြီး မိုးရာသီကာလအတွင်း အမိုးအကာ လုံလောက်မှုမရှိပါက အခက်အခဲကြုံလာနိုင်သလို၊ သက်ကြီးရွယ်အိုနှင့်ကလေးတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်မှုရှိတယ်လို့ စစ်ရှောင်တွေက ပြောဆိုကြပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ဒေသတွင်းတိုက်ပွဲတွေကြောင့် လက်ရှိအချိန်ထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံပြည်သူ နှစ်သိန်းခွဲအထိရှိနေပြီး ၎င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီသူတွေက ပြောဆိုကြပါတယ်။

spot_img
spot_img

Recent posts