spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မီးခိုးငွေ့နဲ့အတူ ပျောက်ဆုံးသွားတဲ့ အနာဂတ်အိပ်မက်များ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တစ်လေးလုံးစစ်ဆင်ရေးလို့ လူသိများတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်လိုက်တဲ့မြို့ပြတိုက်ပွဲကြောင့် ဒီကနေ့အချိန်ထိ ကရင်နီပြည် လွိုင်ကော်မြို့အတွင်းမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲပါ….။

တိုက်ပွဲတွေကြောင့် လွိုင်ကော်ဒေသခံတွေဟာ များသောအားဖြင့် အနီးဆုံးဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်းက မြို့တွေကို ရွေးချယ်ပြီး စစ်ရှောင်နေကြရပါတယ်။

အဲဒီစစ်ရှောင်တွေထဲမှာမှ အသက် ၂၇ နှစ်အရွယ် မမိုး(အမည်လွှဲ) တို့မိသားစုလည်း အပါအဝင်ဖြစ်ပါတယ်။

မမိုးတို့မိသားစုမှာ မိသားစုဝင်စုစုပေါင်း ၆ ဦး ရှိပြီး၊ သူမတို့ရဲ့ အသိအိမ်မှာ အိမ်ငှားခ ပေးစရာမလိုဘဲ နေထိုင်ခွင့်ရတယ်လို့ ဆိုပါတယ်။ သို့ပေမဲ့ မမိုးက အိမ်ထောင်ရှိတာကြောင့် မိသားစုနဲ့ အတူမနေဘဲ သီးသန့်အိမ်လေးငှားနေရပါတယ်။

လွိုင်ကော်မြို့တွင်း တိုက်ပွဲမဖြစ်ခင်အချိန်ထိ မမိုးတို့ မိသားစုဟာ ကိုယ်ပိုင်ခြံဝန်းထဲမှာ မိသားစုအားလုံး အတူတူနေထိုင်ပြီး၊ သူမရဲ့ အစ်မက ကိုယ်ပိုင်စာသင် (အစိုးရ‌မဟုတ်ဘဲ ကလေးတွေကို စာသင်)တဲ့ အလုပ်ကို လုပ်ကိုင်ပြီး၊ သူမကတော့ ချည်ထိုးနည်းတွေကို အွန်လိုင်းကနေ သင်ကြားပေးပါတယ်။ သူမရဲ့ အမျိုးသားဖြစ်သူဟာလည်း သီရိမင်္ဂလာတောင်ဈေးမှာ စက်ပစ္စည်းတွေရောင်းချပြီး၊ ကိုယ်ပိုင်အလုပ်ကိုယ်စီနဲ့ အတည်တကျ ဖြစ်နေပါတယ်။

မမိုးတို့ရဲ့ ကိုယ်ပိုင်အတည်တကျအလုပ်တွေဟာ ပြင်းထန်လှတဲ့ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးသီး (အလေးချိန် ပေါင် ၅၀၀ ရှိ ) ကြဲချမှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြား မီးခိုးငွေ့ပမာ ပျောက်ကွယ်ခဲ့ရပါ တော့တယ်။

သူမရဲ့ အမျိုးသား စက်ပစ္စည်းတွေရောင်းချခဲ့တဲ့ သီရိမင်္ဂလာတောင်ဈေးဟာလည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ပြာကျ ခဲ့ရပါပြီ…။

ဇန်နဝါရီလ ၂၆ ရက်နေ့မှာ မီးလောင်ပြာကျသွားတဲ့ လွိုင်ကော်နှစ်ထပ်ဈေး

လက်ရှိ မမိုးတို့မိသားစုဟာ ရှမ်းပြည်တောင်ပိုင်းကို စစ်ရှောင်တာ ၂ လကျော် ရှိနေပြီ ဖြစ်ပါတယ်။ မိသားစုရဲ့ စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့ သူမရဲ့အစ်မက ဈေးထဲမှာ ကယားအစားအစာတွေကို ရောင်းနေရပြီး၊ သူမရဲ့အမျိုးသားကတော့ ၅ ရက်တဈေး ဈေးပတ်လိုက်ပြီး (ရှမ်းပြည်တောင်ပိုင်းမှာ ရှိတဲ့ မြို့တွေထဲက ဈေးဖွင့်ရက် ၅ ရက် မှာ တဈေးဖွင့်သည်) အဝတ်အထည်တွေ လိုက်လံရောင်းချနေရတယ်လို့ ဆိုပါတယ်။

အရင်ကတည်းကဈေးရောင်းခဲ့ဖူးတဲ့ သူမရဲ့ အမျိုးသားအတွက် လက်ရှိ ဈေးပတ်လိုက်တာ အခက်အခဲမရှိပေမဲ့၊ တခါမှ ဈေးမရောင်းခဲ့ဖူးတဲ့ သူမရဲ့ အစ်မအတွက်တော့ အခက်အခဲရှိနေပါတယ်။ အိုးခွက်ပန်းကန်ကအစ အသစ်ပြန်ဝယ်နေရသလို နေရာထိုင်ခင်းကောင်းကောင်းရဖို့ ဒေသခံမဟုတ်တဲ့ မမိုးတို့အတွက်တော့ စိန်ခေါ်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

“နေရာပြဿာနာရယ် နောက်ပြီး ပစ္စည်းတွေ ဘာတွေပေါ့နော်။ အကုန်လုံးကပြန်ဝယ်ရတယ်ကောနော် အစဆုံးကလေ။ ပြီးတဲ့ခါကျတော့ အဲ့လိုမျိုးအခက်တွေတော့ရှိတယ်ပေါ့။ နယ်ခံမဟုတ်တဲ့ခါကျတော့လေ။” လို့ ပြောပါတယ်။

အစားအစာတွေ ရောင်းရတာဖြစ်လို့ ရောင်းမကောင်းတဲ့နေ့တွေမှာဆို အရင်းပါဆုံးရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

မမိုးတို့လိုပဲ ရှမ်းတောင်က မြို့တမြို့ကို စစ်ရှောင်နေတဲ့ အသက် (၃၇) နှစ်အရွယ် မငါးမြာ (အမည်လွှဲ) ကလည်း မိသားစုစားဝတ်နေရေးအတွက် မဖူလုံနိုင်သည့်တိုင်အောင် မီးဖိုသုံးစရိတ်ကာမိဖို့ ကယားရိုးရာဝက်အူချောင်းကို အွန်လိုင်းကနေ အော်ဒါကောက်ပြီး ရောင်းချနေပါတယ်။

သူမကတော့ အွန်လိုင်းကနေ ကယားရိုးရာဝက်အူချောင်းရောင်းတဲ့အလုပ်ကို လုပ်ကိုင်တာ ၃ နှစ်ကျော် ရှိပြီဖြစ်ပါတယ်။

မငါးမြာတို့ စစ်ရှောင်တဲ့ရှမ်းပြည်တောင်ပိုင်းက မြို့ရွာတွေမှာ ကရင်နီက စစ်ရှောင်တွေများတာကြောင့် အလုပ်အကိုင်မရှိကြတာနဲ့ ရိုးရာအစားအစာ လုပ်ကိုင်ရောင်းချကြတာများပြီး သူမ ရောင်းနေတဲ့ ကယားဝက်အူချောင်းဟာ ရောင်းအားမကောင်းဘူးလို့ ပြောပါတယ်။

“ ကျမ တယောက်ထဲအနေနဲ့ ဒီဈေးရောင်းလုပ်မယ်ဆိုတော့ မဖူလုံဘူးပေါ့။ ဒါပေမဲ့ အမျိုးသားကသာ အပြင်မှာအလုပ်လုပ်နေလို့သာ အမျိုးသား လစာနဲ့စားနေရတယ်ပေါ့။ လစာဆိုတာက သူက ဘက်ဖိုးမောင်းတယ်ကော အဲ့လိုမျိုး။ ဈေးရောင်းပြီးစားမယ်ဆိုတော့ ငတ်မယ်နဲ့တူတယ်။ ဈေးမရောင်းကောင်းဘူးပေါ့နော် ပြောရမယ်ဆိုရင်။” လို့ မငါးမြာ ကပြောပါတယ်။

မငါးမြာ ဟာ ကလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်သလို သူမအမျိုးသားအပါအဝင် မိသားစု ၄ ဦးဟာ အစ်မဖြစ်သူရဲ့ အိမ်မှာ မှီခိုနေရတာဖြစ်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း တနေရာက ကယားရိုးရာစားသောက်ဆိုင်

သူမတို့ နေထိုင်ခဲ့တဲ့ မြို့တော်လွိုင်ကော်မှာ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေတာကြောင့် နေရပ်ကို ပြန်လို့မရနိုင်သေးတဲ့အတွက် ရေရှည်နေနိုင်ဖို့ အိမ်ငှားနေရမယ်လို့ သူမကပြောပါတယ်။

အိမ်ငှားနေဖို့ဆိုတာကလည်း မငါးမြာ တို့လို စစ်စရှောင်တဲ့အခါ ဘာမှ မသယ်လာနိုင်တဲ့အတွက် ဇွန်းတချောင်းကအစ ပြန်ဝယ်နေရတာတွေကြောင့် ပုံမှန်ဝင်ငွေမရှိတဲ့အတွက် အခက်အခဲများစွာရှိနေပါတယ်။

ဒီလိုအခက်အခဲတွေဟာ မငါးမြာတို့ မိသားစု တစုထဲ ကြုံရတဲ့ ပြဿာနာ မဟုတ်ဘဲ ကရင်နီက စစ်ရှောင်တိုင်းလိုလို ကြုံတွေ့နေရတာပါ။ စစ်တခါရှောင်ဖို့ ဆိုတာကလည်း ကုန်ကျစရိတ်တွေ မသေးလှပါဘူး။

ရှမ်းပြည်တောင်ပိုင်းကို ရောက်နေကြတဲ့ ကရင်နီစစ်ရှောင်တွေဟာ နေ့စားအငှားလိုက်ကြသူတွေ ရှိသလို၊ တပိုင်တနိုင် ဈေးရောင်းကြပြီး အိမ်ငှားခ နဲ့ စားဝတ်နေရေးအတွက်ဖြေရှင်းနေကြရပါတယ်။ အိမ်ငှားနေတဲ့ စစ်ရှောင်တွေဟာ အိမ်ငှားခ တလကို အနည်းဆုံး ၅ သောင်းကနေ ၃ သိန်း အထက် ဈေးရှိကြပါတယ်။

အလုပ်အကိုင်မရှိတာကြောင့် ကရင်နီစစ်ရှောင်တွေဟာ အလွယ်တကူလုပ်နိုင်တဲ့ တနိုင်တပိုင်ဈေးရောင်းတဲ့အလုပ်ကို လုပ်ကိုင်နေကြပါတယ်။

“ဘယ်သူမှ အားမပေးဘူးလေး၊ သူ့မြို့မှာ သူ့ရဲ့ ဖောက်သည်ပဲ သူ့ဟာသူရှိပြီသားကြီးကော။ အများကြီးရှိပြီးသား ကိုယ်သယ်လာတဲ့ ပစ္စည်းက နည်းနည်းပါးသယ်လာနိုင်တယ်။ ဒါပေမဲ့ ဒီမြို့မှာ ကိုယ်ရောင်းမယ်ဆိုတော့ စျေးနဲ့ကျတော့ အများကြီးကွာဟနေတယ်ကော။ အဲ့တော့ ရှင်းရှင်းပြော ရရင်တော့ ဘာမှလည်း မလုပ်ချင်တော့ပါဘူး” လို့ လွိုင်ကော်ကနေ သယ်လာတဲ့ စက်ချုပ်ပစ္စည်းကို ရောင်းနေတဲ့ စစ်ရှောင်အမျိုးသားတဦးက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်းရောက်တဲ့ ကရင်နီ စစ်ရှောင်တွေဟာ ဆီဆိုင်၊ ညောင်ရွှေ၊ ပင်လောင်း၊ တောင်ကြီး၊ ကလော စတဲ့မြို့နယ်အသီးသီးမှာ အများစုစစ်ရှောင်ကြပြီး လူဦးရေ ၅သောင်းဝန်းကျင်ရှိနိုင်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ခန့်မှန်းထားကြပါတယ်။

“ဈေးရောင်းတဲ့လူကတော့ သူတို့ ဒီမှာ တချို့ဆို ဟိုမှာပါလာတဲ့ဟာကို ပြန်ရောင်း ရောင်းတာရှိတယ်။ တချို့က ဟိုဟာလေး ဒီ အထည်လေးတွေ ရောင်းတာလည်းရှိတယ်။ တချို့က စားသောက်ဆိုင်လေးတွေနဲ့ တိုက်ဆိုင်တဲ့ အသုပ်ဆိုင်လေးတွေတို့ ဘာတို့ ကယားအစားအစာလေးတွေ ရောင်းတာလည်း ရှိတယ်။ အဲ့တာလေးနဲ့ တချို့ကတော့ သူတို့တွေ ကလေးမုန့်ဖိုးပေးဖို့ ရတာပေါ့။ အဲ့လိုမျိုးလုပ်တဲ့ သူလည်းရှိတယ်ဗျ။ ခြေနေကတော့ ကိုယ့်နယ်မဟုတ်တော့ ဘယ်ဆင်ပြေမှာတုန်း။ တနယ်နဲ့တနယ် စားသောက်နေထိုင်မှုပုံစံက မတူတဲ့ခါကျတော့လေး။”လို့ ရှမ်းပြည်တောင်ပိုင်းမှ စစ်ရှောင်ကူညီသူ တဦးက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်းကို စစ်ရှောင်ကြတဲ့ ကရင်နီစစ်ရှောင်တွေဟာ ဘာသာရေးအဆောက်အအုံ၊ အသိမိတ်ဆွေအိမ်တွေ နဲ့ အိမ်ငှားနေကြတာတွေအပြင် ကျေးရွာထဲမှာ တဲထိုးပြီးနေထိုင်ကြရပါတယ်။

တစ်လေးလုံးစတင်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲအရှိန်ပြင်းထန်နေတဲ့ လွိုင်ကော်မြို့မှာ စစ်ကောင်စီ ကနေပြီး နေ့စဉ်ရက်ဆက်ဆိုသလို လက်နက်ကြီးပစ်ခတ်တာ၊ စနိုက်ပါပစ်တာတွေကို နေ့စဉ်ရက်ဆက် လုပ်ဆောင်နေတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

“ဒရော့(ဒရုန်းတွင် တပ်ဆင်အသုံးပြုရတဲ့ ဗုံး) ဗုံးကြဲတယ်၊ ပစ်ကွင်းရှင်းတဲ့အနေနဲ့ သူတို့ရှိနေတဲ့နေရာ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးတယ် ။ မီးရှို့ဖျက်ဆီးတာက လူကိုယ်တိုင်လာပြီးတော့ မီးပုလင်းနဲ့ပစ် ဖျက်ဆီးတာနဲ့ မီးရှို့တာလည်းရှိသလို မီးလောင်းဗုံးသီးတွေနဲ့လက်နက်ကြီးတွေနဲ့ပစ်တာလည်း ရှိတယ်။ အခုဆို ဒရော့ဗုံးတွေနဲ့ ပစ်ချပြီးမီးလောင်အောင်လုပ်တဲ့ ဟာလည်းရှိတယ်ပေါ့နော့။ ဆိုတော့ ဒီလိုအခြေအနေ တွေက လွိုင်ကော်မြို့မှာ နေ့စဉ်နဲ့အမျှ ရှိနေဆဲပဲ ဖြစ်တယ်ပေါ့” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒု- စစ်ဦးစီးချုပ် မာဝီက လွိုင်ကော်မြို့ရဲ့ လက်ရှိ အခြေအနေကို ပြောပြပါတယ်။

တစ်လေးလုံးစစ်ဆင်ရေးစတင်ပြီး လွိုင်ကော်မြို့တွင်းမှာ ဒေသခံပြည်သူ ၈၀ ဝန်းကျင် သေဆုံးမှုရှိခဲ့သလို၊ အဆောက်အအုံပျက်စီးမှုမှာ ၂၀၀ နဲ့ အထက် ရှိနိုင်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ စာရင်းအရ သိရပါတယ်။

ဒေသခံတွေ အားကိုးအားထားရတဲ့ သိရီမင်္ဂလာဈေးနဲ့ နှစ်ထပ်ဈေးဟာလည်း လက်နက်ကြီးကြောင့် မီးလောက်ပျက်စီးခဲ့ရပါတယ်။

“အိုးအိမ်တွေလည်း လောင်ကုန်ပြီကော၊ ဈေးကြီးတွေလည်း လောင်ကုန်ပြီကော။ ကျမတို့ ကယား(ကရင်နီ) ပြည်နယ်တပြည်နယ်လုံး အတိုင်းအတာနဲ့ပြောမယ်ဆို အကုန်လုံးစစ်ပွဲ မဖြစ်တဲ့နေရာက မရှိတော့ဘူးလေး ပြေးနေရတာ။ အိုးအိမ်တွေပျက်စီးတယ်၊ ဆုံးရှုံးတယ်။ မပျက်စီးတဲ့ဟာလည်း သူခိုးခိုးလို့ကုန်တယ် အဲ့တာပေါ့” လို့ လွိုင်ကော်မြို့ ပျက်စီးနေတဲ့အပေါ် မငါးမြာက သူမရဲ့ ခံစားချက်ကို ပြောပြပါတယ်။

ကယားရိုးရာအစားအစာတခုဖြစ်တဲ့ ဝက်သားကြော်

ရှမ်းပြည်ရောက် ကရင်နီစစ်ရှောင်တွေဟာ နေရာထိုင်ခင်းအပြင် စားဝတ်နေရေးအတွက် အဖက်ဖက်ကနေ ကြပ်တည်းနေပြီး စစ်ရှောင်ကာလ ရှည်ကြာလာတာနဲ့အမျှ အလှူရှင်တွေ နည်းပါးလာတာကြောင့် ရေရှည်မှာ ပိုမိုခက်ခဲတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့လာရနိုင်တယ်လို့ စစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အနေနဲ့လည်း ပြည်နယ်ပြည်ပရောက် ကရင်နီ စစ်ရှောင်တွေအတွက် လိုအပ်တဲ့ အကူအညီတွေကို တိုက်ရိုက်ကူညီခွင့် မရဘူးလို့ ဆိုပါတယ်။

“ဒီပြည်နယ်ပြည်ပမှာရှိနေတဲ့ ဒီဧရိယာအပေါ်မှာ မူတည်ပြီးတော့မှ ချိတ်ဆက်တာတွေရှိတယ်ပေါ့နော့။ တချို့က ကျနော်တို့က အချက်အလက်တွေကို အတတ်နိုင်ဆုံးနိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေကို ချိတ်ဆက်နေမှုအခြေအနေကိုပဲ အဓိကစောင့်ကြည့်နေတာတွေ (ဒါမှမဟုတ်) တချို့နိုင်ငံအဖွဲ့အစည်းတွေ ဆော်သြောတာတွေကလွဲရင် လုပ်လို့မရဘူးပေါ့နော်။ “ လို့ IEC ရဲ့ အတွင်းရေးမှူး (၂ ) ဦးဗညားက ပြောပါတယ်။

ဘယ်နေ့ ဘယ်အချိန်မှာမှ ပြီးဆုံးနိုင်မှန်းမသိတဲ့၊ မခန့်မှန်းနိုင်တဲ့ စစ်မီးပဋိပက္ခတွေကြောင့် ကရင်နီနဲ့ ရှမ်း – ကရင်နီနယ်စပ် အပါအဝင် စစ်ရှောင်ဦးရေ ၃ သိန်းဝန်းကျင်ရှိနေပြီး၊ အာဏာသိမ်းပြီးနောက် ၃ နှစ်အတွင်း မြန်မာနိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၆ သန်းကျော်ရှိတယ်လို့ UNOCHA က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ထုတ်ပြန်ထားပါတယ်။

“အမြန်ပြီးခိုင်းစေချင်တယ်ပေါ့။ ဒီတိုက်ပွဲ ကိုယ့်ရဲ့ ပြည်နယ်မှမဟုတ်ဘူး မြန်မာတနိုင်ငံလုံး ဒီတိုက်ပွဲကြီး အမြန်ပြီးခိုင်းစေချင်တယ်“ လို့ မငါးမြာနဲ့ မမိုးတို့နှစ်ယောက် တူညီတဲ့စိတ်ခံစားချက်တွေ ရှိနေကြပါတယ်။

မမိုး ကတော့ သူမရဲ့ နေ့စဉ်အိမ်ပြန်ချင်တဲ့စိတ်ကို အခုလို ပြောပြသွားပါတယ်။

“ နေတိုင်းဘဲ ပြန်ချင်တာပေါ့နော် အိမ်ကတော့။ အကုန်လုံးလည်း အဲ့လိုမျိုးပဲ ဖြစ်မယ်လို့ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ့်မြို့၊ ကိုယ့်ဒေသလောက် စိတ်လှုံခြုံရတဲ့နေရာ၊ စိတ်ပျော်ရွှင်ရတဲ့နေရာ မရှိဘူးပေါ့နော်။ ဘယ်လိုဘဲ ဒီမှာက တိုက်ပွဲမဖြစ်ဘူးဘဲပြောပြော ဘယ်သူမဆိုတော့ ကိုယ်နေရာကိုပဲ နေချင်တယ်ပေါ့နော်”

spot_img
spot_img

Recent posts