spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မီးတောက်ကြားထဲက အသက်လုခဲ့ရသူ

(ကန္တာရဝတီတိုင်း( မ် ))

လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး မီးလောင်ကျွမ်း နေတဲ့ ခူးဗျားရယ် အစ်မ နေအိမ်။

ဒိန်း……. ဆိုတဲ့ ပေါက်ကွဲသံကြားလို့ ခူဗျားရယ် ( နာမည်လွဲ )ကို ဇနီးဖြစ်သူက နိုးလိုက်ပါတယ်။ ည၁၀နာရီဝန်းကျင် အချိန်ဖြစ်ပြီးတော့ အိမ်ပြင်ထွက်ကြည့်လိုက်တဲ့အခါ အိမ်တစ်လုံး မီးစွဲလောင်နေတာကို သူတွေ့ခဲ့ရပါတယ်။

မီးလောင်နေတာသူ့ အိမ်နံဘေးမှာရှိနေတဲ့ သူ့အစ်မဖြစ်သူအိမ်ပါ။ အစ်မဖြစ်သူတို့ နေထိုင်တဲ့ အိမ်ဖြစ်တာကြောင့် အပြေးလေးသွားကြည့်ရပါတယ်။ မီးလောင်တဲ့နေရာကို ရောက်တဲ့အခါ မြေးလေး ဖြစ်သူက အသက်၈၀ကျော် သူ့အစ်မကို မီးလောင်နေတဲ့ အိမ်ထဲကနေ ဆွဲထုတ်နေတာကို တွေ့ခဲ့ရပါတယ်။

 ပြီးတော့ မီးလောင်နေတဲ့  အိမ်ထဲက အစ်မဖြစ်သူကို မီးတောက်တွေကြားထဲက ခူဗျားရယ်က ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။

“ မနေ့က ၁၀နာရီခွဲမှ လက်နက်ကြီးကျတာ။ ကျခါကျတော့ ကျနော့် အစ်မအိမ်လောင်သွားတယ်။ သွားတက်ဆွဲမှရမယ်ဆိုပြီးတော့ ကျနော် တစ်ခါတည်း သွားတက်ဆွဲတာ။ မီးလည်းလောင်ပြီ။ မဆွဲလို့လည်း လူလည်း နှမြောတယ်ကော။ အခုက ရအောင်ဆွဲမယ်ဆို အပူလည်းခံတယ်။ ဘားမသိတော့ဘူး။ ” လို့ ခူဗျားရယ်က ပြန်ပြောပြပါတယ်။

ခူဗျားရယ် အစ်မအိမ်ဟာ သက်ကယ်တွေမိုးထားပြီး သစ်သားတွေနဲ့ဆောက်လုပ်ထားတဲ့ ခြေတံရှည် အိမ်ဖြစ်တာကြောင့် လက်နက်ကြီး ကျတဲ့အတွက် မီးတဟုန်ထိုး တောက်လောင်နေခဲ့ပါတယ်။ အိမ်ဟာ အချိန်မီမငြိမ်းသတ်နိုင်တာကြောင့်  အမာခံ တိုင်တွေကလွဲရင် ပြာပုံအဖြစ်သာ ကျန်ရစ်ခဲ့ပါတယ်။

မြေးနဲ့ အဘွားနှစ်ယောက်တည်းအိပ်တဲ့ အိမ်ဖြစ်ပြီး အချိန်မီရှောင်ထွက်နိုင်ခဲ့တဲ့အတွက် အသက်အန္တာရာယ်ကင်းခဲ့ပါတယ်။

“သူ့ကို အောက်ကိုဆွဲချတာ။ အဲ့ခါကျတော့ မီးထဲမှာပဲ ထည့်လိုက်တဲ့။  မီးလောင်သွားပြီဆိုရင် မထူးတော့ဘူး၊  သေမထူးတော့ဘူး၊ နေမထူးတော့ဘူး၊ ထည့်လိုက်တဲ့။ ပြောခါကျတော့ အော် ရတယ် အသက်ကြီးပြီဆိုရင် ရပြီပေါ့။ တော်ပြီပေါ့။ နင်လည်း သေချင်သေးတယ်။ ဆိုပြီးတော့ ပြီးမှ မရမကကို ဆွဲဖယ်ပစ်လိုက်ဒါ။“ လို့  နေအိမ်မီးလောင်သွားတဲ့ အတွက် စိတ်ပျက်လက်ပျက်ဖြစ်တဲ့ အစ်မဖြစ်သူ အကြောင်းကို ခူဗျားရယ်က ပြန်ပြောင်းပြောပြပါတယ်။

မီးလောင်သွားတဲ့ထဲမှာ လူ့အသက်အန္တာရယ် မထိခိုက်ခဲ့ပေမယ့် အိမ်မွေး ကြက်တွေပါဝင်သွားခဲ့ပါတယ်။

မီးတောက်ထဲကနေ အသက်လု ကယ်လာခဲ့ရတဲ့ ခူဗျားရယ်ရဲ့ အစ်မရဲ့လက်မှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။ အိုးအိမ်တွေ ညတွင်းချင်းဆုံးရှုံးခဲ့ရတဲ့ ခူဗျားရယ်ရဲ့ အစ်မဖြစ်သူကတော့ စိတ်ထိတ်လန့်နေပြီး လက်ရှိအချိန်အထိ စကားကောင်းကောင်း မပြောနိုင်သေးပါဘူး။

နေအိမ်မီးလောင် ပြီး လက်မှာ ဒဏ်ရာ ရသွားတဲ့ ခူဗျားရယ်ရဲ့ အစ်မ။

ဒါ့အပြင် ဘေးအိမ်မှာရှိတဲ့ အသက်၃၀ကျော်အရွယ် အမျိုးသားတစ်ဦး ရင်ဘတ် လက်နက်ကြီးစထိမှန်ပြီး ဒဏ်ရာပြင်းထန်ရခဲ့ပါတယ်။

ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံကို ပို့ဆောင်ခဲ့ပြီး လက်ရှိအခြေအနေကိုတော့ စုံစမ်းသိရှိနိုင်ခြင်း မရှိသေးပါဘူး။

ခူဗျားရယ်တို့ ရွာဟာ ဒီးမော့ဆိုမြို့နယ်၊ အတွင်းက ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၄၀၀ကျော်သာရှိတဲ့ ကယားလူမျိုးတွေနေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် တိုက်ပွဲဖြစ်တဲ့ နယ်မြေနဲ့ ဝေးလံသေးတဲ့အတွက် စစ်ဘေးမရှောင်ကြသေးပါဘူး။

အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ စစ်ကောင်စီကနေ ညတိုင်းနီးပါး တိုက်ပွဲမဖြစ်ပွားရင်တောင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိပါတယ်။ လက်နက်ကြီးဟာ ဘယ်နေရာကို ပစ်ခတ်နေတယ်၊ ဘယ်နေရာကို ကျရောက်မယ် ဆိုတာကို ဒေသခံတွေဟာ မမှန်းဆနိုင်ပါဘူး။

ဒါကြောင့် ကရင်နီပြည်မှာ နေထိုင်နေကြတဲ့ သူတွေဟာ နေ့စဉ်၊ညတိုင်း လက်နက်ကြီးအသံကြားမှာ အိပ်စက်နေရတဲ့သူတွေဖြစ်ပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ် ၆၄၁လုံးဟာ မီးရှို့ဖျက်စီးခံရတာတွေ၊ လက်နက်ကြီးထိပြီး မီးလောင်ပျက်စီးသွားတာတွေ၊ လက်နက်ကြီးစင် ပျက်စီးတာတွေ ခံနေရတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က မေလ ၁၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိကရင်နီ တစ်ပြည်လုံးမှာရှိတဲ့ လူတွေဟာ စစ်ပဋိပက္ခကြားမှာ နေထိုင်နေရတဲ့ လူတွေဖြစ်ပြီး လူဦးရေတစ်ဝက်ကျော်ဟာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပါတယ်။

မီးလောင်ကျွမ်းသွား ပြီး ကျန်ရစ်ခဲ့တဲ့ နေအိမ် အပိုင်းအစများ။

ကရင်နီပြည်က အရပ်သားပြည်သူ ၂၆၂ဦးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကြီးကျရောက်လို့ဖြစ်စေ၊ မိုင်းတွေနင်းမိလို့ဖြစ်စေ၊ အသတ်ခံရလို့ဖြစ်စေ သေဆုံးသွားရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) က မေလ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မေလ ၂၅ရက်နေ့ညက ခူဗျားရယ် ကြုံတွေ့ခဲ့ရတဲ့ ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အဖြစ်အပျက်လိုမျိုးပဲ ကရင်နီပြည်က ပြည်သူလူထုတွေဟာ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

spot_img
spot_img