spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

မီးဘေးအန္တရာယ်ကာကွယ်နိုင်ဖို့ စစ်ရှောင်စခန်းမှာ စည်းကမ်းချက် ထုတ်ပြန်ထား

Author

Date

Category

ကေးဒူ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်ဒီးမောဆိုမြို့ အရှေ့ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ မီးဘေးအန္တာရာယ်ကာကွယ်နိုင်ဖို့အတွက် မနက် ၉နာရီမှ ညနေ ၃ နာရီအတွင်း မီးမမွှေးကြဖို့ စည်းကမ်းချက်ထုတ်ပြန်ထားတယ်လို့ စစ်ရှောင်စခန်းကော်မတီထံကနေ သိရပါတယ်။

အဲ့ဒီစည်းကမ်းချက်ကို မတ်လ ၁ ရက်နေ့က စတင်ထုတ်ပြန်ထားတာဖြစ်ပြီး စည်းကမ်းလိုက်နာမှုမရှိပါက ဒဏ်ငွေအနေနဲ့ ကျပ်တစ်သောင်းပေးဆောင်ရမယ်လို့ စခန်းကော်မတီတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ မီးလုံခြုံရေးပေါ့။ မီးနဲ့ ပတ်သက်လာရင် အရေးပေါ်ဖြစ်စေ မဖြစ်စေ၊ ဧည်သည်လာသည်ဖြစ်စေ ခင်ဗျားတို့ မီးဖိုချောင်ထဲမှာ မီးမွှေးထားပြီး လူမရှိဘူးဆိုရင်တော့ ဒဏ်ငွေ ၁ သောင်းလို့ ပြောထားတယ်။ မီးခြစ်မီးကပ်က ငါးထောင်လို့ ပြောထားတယ်။အ့လိုမျိုး အမိန့်ထုတ်ထားလိုက်တယ်။”လို့ စခန်းကော်မတီ တစ်ဦးက ပြောပါတယ်။

အရေးပေါ် မီးမွှေးဖို့လိုအပ်ပါက တစ်ဦးတည်းမဟုတ်ဘဲ ဘေးနားမှာအစောင့်ရှိရမယ်လို့ ဆိုပါတယ်။ မီးဘေးအန္တာရာယ်အပြင် စခန်းတွင်းလုံခြုံရေးအတွက် ၂၄နာရီ ကင်းသမားရှိရမှာဖြစ်ပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ လက်နက်ကြီးရန်၊ လေကြောင်းရန်အပြင် နွေရာသီကာလရောက်လာပြီဖြစ်တဲ့အတွက် မီးဘေးအန္တရာယ်ကိုလည်း စိုးရိမ်တယ်လို့ ပြောဆိုကြပါတယ်။ မီးဘေးအန္တာရာယ် ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အသိပညာပေးမှုအပိုင်းတွေ လုပ်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

“နွေရာသီရောက်ပြီဆိုတော့ မီးက အန္တာရာယ်ကြီးတယ် အလွယ်တကူလောင်နိုင်တယ်။ အထူးသဖြင့် စစ်ရှောင်တွေက တောထဲတောင်ထဲနေရတာမလို့ ကလေးတွေလည်းများတယ် မတော်တဆမီးခြစ်တွေဆော့ပြီးတော့မှ အဲ့ဒီကနေ မီးထလောင်နိုင်တာပေါ့နော။ စစ်ရှောင်စခန်းတိုင်းကို မီးဘေးအန္တာရာယ်နဲ့ပတ်သက်ပြီးတော့မှ အသိပညာပေးသင့်တာတို့ ပြုလုပ်ပေးဖို့လိုအပ်တယ်။ ဒီချိန်ဆိုရင် တောင်ယာစပါး နောက်နှစ်ပြန်စိုက်နိုင်ဖို့အတွက် ခြံရှင်းတာတွေ လုပ်ကြတယ်။ အဲ့ကနေတဆင့် မီးလောင်တာလည်းရှိတယ်ပေါ့နော။” လို့ စစ်ရှောင်ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ရှောင်စခန်းမှာ ရွာပေါင်း ၂၀ ဝန်းကျင်က စစ်ရှောင်တွေလာရောက် စုစည်းနေထိုင်ကြတာဖြစ်ပြီး အိမ်ခြေ ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့မှာလည်း နေ့ခင်းအချိန်မှာ စစ်ရှောင်စခန်းအနီးအနားမှာ တောမီးလောင်ကြွမ်းပြီး ကူးစက်ဝင်ရောက်လာခဲ့ပါတယ်။ စစ်ရှောင်တွေကနေ အချိန်မှီငြိမ်းသတ်နိုင်ခဲ့တဲ့အတွက် တစ်စုံတစ်ရာ ထိခိုက်မှု၊ ပျက်စီးမှု မရှိခဲ့ပါဘူး။ နွေရာသီကာလ တောမီးကို ကရုတစိုက်စောင့်ကြည့်ဖို့လိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောဆိုကြပါတယ်။

spot_img
spot_img
spot_img

Recent posts