spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မုန့်ဖုတ်တဲ့ကလေး

Author

Date

Category

ဒွေးအယ်ခူ

၁၄နှစ်အရွယ် ကောင်လေးဆိုသူမှာမောင်သန်းစိုးအောင် ဖြစ်ပြီးအများစုကတောကိုအဲ့ လို့သာခေါ်ကြပါတယ်။“ကိုအဲ့” ဆိုတဲ့နာမယ်ကမောင်နှမထဲမှာသာအကြီးဆုံးမို့လို့ ခေါ်ဆိုခံရတာပါ။

မိသားစု(၇)ယောက်ရှိပြီးမောင်နှမ ၅ ယောက် ရှိတဲ့အနက် ကိုအဲ့ကဒုတိယမြောက်သားဖြစ်သလိုသားတွေထဲမှာအကြီးဆုံးသားဖြစ်ပါတယ်။

နေပြည်တော်၊ ကိုးတစ် လို့ခေါ်တဲ့ ရွာငယ်လေးကနေအမေနဲ့အတူ လွိုင်ကော်မြို့မှာရှိတဲ့ အမျိုးတော်စပ်သူဦးလေးရဲ့ မုန့်ဖုတ်တဲ့ လုပ်ငန်းမှာလာပြီး အလုပ်လုပ်နေတာပါ။

ဒီကိုရောက်လာတဲ့အကြောင်းရင်းကိုတော့ ကိုအဲ့ရဲ့ မိခင်ဖြစ်သူက “ဒီအချိန်မှာရွာမှာကလုပ်စရာအလုပ်မရှိတော့ဘူး။ စိုက်ထားတဲ့ တောင်ယာစပါး၊ ငရုပ်ပင်တွေလည်း ကြွက်ဖျက်၊ ပိုးဖျက်လို့ ပျက်စီးကုန်ပြီ။ စားဝတ်နေရေးလည်းခက်ခဲတော့ ရောက်လာတာ” လို့ ပြောပါတယ်။

ကိုအဲ့ဟာမိခင်ဖြစ်သူနဲ့ ဦးလေးဖြစ်သူရဲ့ မုန့်ဖုတ်တဲ့လုပ်ငန်းမှာအလုပ်လုပ်တာအခုဆိုရင် ၂လ ရှိပါပြီ။ဦးလေးရဲ့ အိမ်မှာပဲအလုပ်လုပ်နေတဲ့ ကိုအဲ့တို့ သားအမိနှစ်ယောက်ဟာအဲမှာပဲစား၊ အဲမှာပဲနေတာပါ။

မုန့်ဖုတ်တဲ့လုပ်ငန်းမှာတော့မုန့်ဖုတ်ဖို့ ပြင်ဆင်တာနဲ့ ဖုတ်ပြီးသားမုန့်တွေကို ကြွ့တ်ကြွတ်အိတ်နဲ့ ထုတ်ပြီးလုပ်ကူရတာပါ။ ပုံမှန်အားဖြင့် မနက် ရခွဲဆိုရင် အိပ်ယာထပြီးဈေးဆိုင်တွေမှာမုန့်သွင်းဖို့ မုန့်တွေကို ပြင်ဆင်ထုတ်ပိုးရပါတယ်။

ပြင်ဆင်ထုတ်ပိုးပြီးပြီဆိုရင် ပေါင်မုန့်လုပ်ဖို့ ဂျူံတွေကို ပြင်ဆင်ရပါတယ်။ ပေါင်မုန့်တွေအမျိုးမျိုး၊ အများကြီးရှိတဲ့ အထဲမှာမှ ပေါင်မုန့်ဓါးလှီးကို ပြင်ဆင်ရတာ ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။

“ ပေါင်မုန့်ဓါးလှီးကိုမုန့်ဖုတ်ရတာကြိုက်တယ်။ ဘာလို့လဲဆိုရင်တော့ အဲဒါကအလွယ်ဆုံးပဲလေ” လို့ ကိုအဲ့ကမုန့်ဖုတ်တဲ့ ၂လအတွင်း အတွေ့အကြုံကိုပြောခြင်းပင်ဖြစ်သည်။

ဦးလေးရဲ့ မုန့်ဖုတ်တဲ့လုပ်ငန်းမှာအလုပ်လုပ်ရတာမပင်ပန်းပေမယ့် တစ်ခါတလေရွာပြန်ချင်တဲ့စိတ်ကြောင့် ဒီမှာနေရတာမပျော်ပါဘူး။ ဘာလို့လဲဆိုရင်တော့ ရွာကသူငယ်ချင်းတွေကိုသတိရသလိုသူတို့နဲ့ အတူပြန်ဆော့ချင်တယ်လို့ ပြောပါတယ်။

ကလေးအရွယ်ပဲရှိသေးတာကြောင့် ဦးလေးကကျောင်းပြန်ထားပေးမယ်လို့ ပြောပေမယ့်လည်းကိုအဲ့အနေနဲ့တော့ “ကျွန်တော်ကကျောင်းမနေချင်တော့ဘူး။ စာစိတ်မဝင်စားဘူး” လို့သာ ပြန်လည်းပြောဆိုခဲ့ပါတယ်။

အရင်ကျောင်းတက်နေစဉ်မှာတော့ စာကိုစိတ်မဝင်စားဘဲကျောင်းပျက်ရက်တွေ များလာတာကြောင့် ကျောင်းထွက်ခဲ့ပါတယ်။ မိခင်ဖြစ်သူကလည်း ကိုအဲ့ကိုကျောင်းထားပေးမယ်ဆိုလည်းမနေချင်တော့တာကြောင့် ငြင်းဆန်ခဲ့တာပါ။

ကိုအဲ့ တို့သားအမိနှစ်ယောက်ဟာ ဆွေမျိုးတော်စပ်သူဦးလေးရဲ့ အိမ်မှာစရိတ်ငြိမ်းနေထိုင်ပြီး အလုပ်လုပ်ခလစာမှာ ကိုအဲ့ကတော့ ၂သောင်းရပြီး ကိုအဲ့မိခင်ကတော့ ၄သောင်း ရတယ်လို့ ပြောပါတယ်။

ကျောင်းထွက်ပြီးတဲ့နောက် ရွာမှာပဲ ကျွဲကျောင်း၊ ကွမ်းပင်တက်၊ တောင်ယာမှာဟင်းရှာထွက်ရင်းနဲ့ သူငယ်ချင်းတွေနဲ့အတူအချိန်ဖြုန်းခဲ့တယ်လို့ ပြောပါတယ်။

အခုချိန်မှာကိုယ့်အားကိုယ်ကိုးအလုပ်မလုပ်နိုင်သေးပေမယ့်လည်းအမေနဲ့အတူအလုပ်လုပ်ရတာကိုပျော်ရွှင်နေသူပါ။

အခုအလုပ်လုပ်နေတဲ့မုန့်ဖုတ်လုပ်ငန်းမှာဆိုရင်လည်းအခြားအလုပ်သမားအကို ၅ ယောက်နဲ့အတူပျော်ရွှင်စွာအလုပ်လုပ်ရင်း ဖြတ်သန်းနေပါတယ်။

spot_img
spot_img

Recent posts