spot_img
Tuesday, March 5, 2024
spot_imgspot_img

မူးယစ်ကျေးကျွန်တွေ မမြင်ချင်တော့ပြီ

Author

Date

Category

မူဂျာမီလှိုင်

ကွမ်းတွေစားလို့ သွားတွေဟာအဖြူရောင် မထွက်တော့ဘဲ နီညိုရောင် သံချေးတက်နေတဲ့အရောင်နဲ့ ပါစပ်ဘေးနားတွေမှာလည်း ကွမ်းရွက်စလေးတွေ ပေကျံနေပါတယ်။ ဟောင်းနွမ်းပြီး တွန့်ကြေနေတဲ့ အညိုရောင်ပန်းပွင့်ကြီးတွေပါတဲ့ ပါတိတ်ထဘီလေးနဲ့ ခပ်နွမ်းနွမ်းရှပ်အကျီင်္အနီရောင်တစ်ထည်ကို တွဲဝတ်ဆင်ထားတဲ့ အသက် ၆ဝကျော်အရွယ်ရှိတဲ့ အမေအိုတစ်ယောက် အိမ်ရဲ့ဝရန်တာမှာ တင်ပျဉ်ခွေထိုင် နေပါတယ်။

အမွေးတွေထနေပြီး ဖာထေးအရာတွေနဲ့ စုတ်ပြတ်နေတဲ့လွယ်အိတ်တစ်လုံးကို သေချာအာရုံစိုက်ပြီး သူမရဲ့လက်မှာတော့ သံချေးတက်နေတဲ့အပ်ကို ကိုင်ပြီးလွယ်အိတ်ကို ချုပ်နေပါတယ်။ သူမရဲ့ဘေးပတ်လည်မှာတော့ ဟောင်းနွမ်းနေတဲ့ အဝတ်တွေကိုဝတ်ဆင်ပြီး ပြေးလွှားဆော့ကစားနေတဲ့ ကလေးတစ်စု။ ̏ အဖေအတွက်လေ ဒီလွယ်အိတ်က၊ ဦးလေးကူက ပေးထားတာ˝ လို့ ပါးစပ်ကပြောရင်း လက်က လွယ်အိတ်ကိုဆက်ချုပ်နေပါတယ်။ ကယန်းတွေက ယောက္ခထီးကို အဖေလို့ပဲ ခေါ်ကြပါတယ်။ ကလေးတွေကတော့ သူမရဲ့ မြေးတွေပဲဖြစ်ပါတယ်။

သူမကတော့ ဖယ်ခုံမြို့နယ်အရှေ့ဘက်ကမ်း နမ့်ပေါ်လုံကျေးရွာမှာ မြေးခြောက်ယောက်၊ ချွေးမ၊ သားနဲ့ သူမအမျိုးသားနဲ့ နေထိုင်နေတဲ့ ဒေါ်မူနန်း(အမည်ရင်းမဟုတ်)ပဲ ဖြစ်ပါတယ်။ အိမ်မှာဆိုရင် သူမဟာ အိမ်ထောင်ဦးစီးနေရာကို ယူထားရပါတယ်။ ဘာလို့လဲဆို သူမရဲ့အမျိုးသားဟာ တောင်ယာ(ခြံ)ထဲမှာပဲ နေလေ့ရှိတဲ့အတွက် ကလေးဝေယျာဝစ္စ၊ အိမ်အတွက် စီမံခန့်ခွဲရတာတွေ၊ အိမ်ထောင့်တာဝန်တွေကို သူမပဲ ထမ်းဆောင်နေတဲ့အတွက်ကြောင့်ပါ။  ̏ အိမ်မှာဆိုရင် စုစုပေါင်းဆယ်ယောက်ပေါ့၊ တစ်ရက်ကို ဆန်သုံးပြည်လောက်ကုန်တယ်လေး ˝ ဟု သူမက လက်မှာ အပ်ချုပ်နေရင်းနဲ့ ပါးစပ်ကနေ တတွတ်တွတ်ပြောရင်း ရယ်နေပါတယ်။ အကြီးဆုံးမြေးက အသက်၁၃နှစ်ရှိပြီး ပဉ္စမတန်းကို ရွာမှာရှိတဲ့ ကျောင်းမှာတက်ရောက်နေပါတယ်။ အငယ်ဆုံးမြေးလေးကတော့ နို့စို့တဲ့အရွယ်ဖြစ်ပါတယ်။

သိပ်မကျယ်ဝန်းတဲ့ ကိုယ်ပိုင်ခြံလေးရှိနေပေမယ့် လူဦးရေ ဆယ်ဦးရှိတဲ့မိသားစုအတွက်တော့ ဘယ်လိုမှ ဖူလုံမှုမရနိုင်ပါဘူး။ ဒါကြောင့် သူမဟာ အားရင်အားသလို သူများခြံတွေမှာ နေ့စားလိုက်နေရပါတယ်။ တစ်နေ့ကို ၅၀၀ဝ ရနေပေမယ့် သူတို့တွေအတွက်တော့ လုံးဝမလောက်ငှနိုင်ပါဘူး။ ဘေးနားမှာ ကလေးတွေ ပြေးလွှားရှုပ်နေတဲ့အတွက် အဖွားဟာ ချုပ်လက်စလွယ်အိတ်ကို ဘေးမှာချထားပြီး ကျွန်မနဲ့ စကားဆက်ပြောနေရှာပါတယ်။

ယခုနှစ်မှာ မိုးများပြီးလယ်တွေ၊ စပါးတွေမြုပ်သွားပေမယ့် အဖွားတို့က တောင်ယာစပါးတွေပဲ လုပ်တဲ့အတွက် အမြတ်ကျန်မယ်ထင်တယ်လို့ အဖွားကပြောပါတယ်။ အခုနှစ်ပိုင်းမှာ ပြောင်းဈေးကောင်းပေမယ့် ပြောင်းပင်တွေက လေတိုက်လို့ လဲ ကုန်တဲ့အတွက်ကြောင့် အဖွားတို့ ပြောင်းမစားရလောက်တော့ဘူး ထင်ပါရဲ့။

အရှေ့ဘက်ကမ်းတကြောမှာ စိတ်ကြွဆေးပြားတွေ ပေါများပြီးတော့ အလွယ်တကူရနေနိုင်ပါတယ်။ ဆေးပြားတွေ အလွယ်တကူရနေတော့ လူကြီး၊ လူငယ်မရွေး ပျက်စီးကုန်ကြပါတယ်။ ပျက်စီးနေတဲ့အထဲမှာ အဖွားရဲ့သားလည်း ပါနေပါတယ်။ မိသားစုစားဝတ်နေရေး အဆင်မပြေတဲ့အထဲ သားဖြစ်သူကလည်း ဆေးစွဲနေပြီဖြစ်တဲ့အတွက်ကြောင့် အဖွားအနေနဲ့ ပိုပြီးရုန်းကန်နေရပါတယ်။

အဖွားရဲ့သား ဆေးမစွဲခင်မှာ လိမ္မာရေးခြားရှိပြီး အလုပ်ကိုအရမ်းကြိုးစားခဲ့ပါတယ်။ အရင်က သူမတို့ရဲ့ မိသားစုအရေးတွေဟာလည်း အေးချမ်းနေခဲ့ပါတယ်။ နောက်ပိုင်းမှာ မိသားစုအတွင်း ရန်ဖြစ်နေတဲ့ ဆူညံသံတွေနဲ့ပဲ ပြည့်နှက်နေခဲ့ရပါတယ်။

သူမရဲ့သား ဆေးစွဲပြီး နောက်ပိုင်းမှာ စားဝတ်နေရေးခက်ခဲကျပ်တည်းလာပါတယ်။ ဒီ့အပြင် အလုပ်တွေကို လုပ်ချင်တဲ့အချိန်မှာပဲ လုပ်နေတဲ့သူမရဲ့ သားကြောင့် သူမအရင်ကထက် ပိုပြီးရုန်းကန်ခဲ့ရပါတယ်။ နောက်ပိုင်းမှာလည်း မိသားစုထဲမှာ သူခိုးတစ်ယောက် ရောက်နေတဲ့အတိုင်း ဖြစ်သွားပါတယ်။ သူမရဲ့သားက အိမ်ထဲမှာရှိတဲ့ ဓား၊ သံချောင်း၊ သံကြိုးစတာတွေကို ခိုးရောင်းပြီး ဆေးပြားတွေဝယ်သုံးပါတယ်။

ဒီလိုနဲ့ သူ့ရဲ့လိုအင်ဆန္ဒကို ဖြည့်နေပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ အိမ်မှာရောင်းချစရာ ပစ္စည်းတွေမရှိတော့တဲ့အတွက် အိမ်နီးနားချင်းတွေဆီကို ဆန်၊ ပိုက်ဆံတွေကို လက်ဖြန့်တောင်းပါတော့တယ်။ နောက်ပိုင်း အိမ်နီးနားချင်းတွေလည်း ရိပ်မိလာတဲ့အတွက် သူ့ကိုမပေးတော့ပါဘူး။

̏ အဖွားမပါဘဲ သူတို့သွားတောင်းရင် ဘယ်သူမှ မပေးရဲကြဘူး ˝လို့ အဖွားကပြောပါတယ်။ အဖွားရဲ့သားဟာ နေအိမ်မှာ ဆေးသုံးလေ့မရှိပေမယ့် ရွာအပြင်ချုံစပ်တွေမှာ သွားပြီးသုံးနေကြပါတယ်။ အဖွားက မိခင်တစ်ယောက်ပီသစွာနဲ့ သားကို ဆုံးမပေမယ့် မပြောင်းလဲနိုင်ခဲ့ပါဘူး။

̏ သူဆေးသုံးပြီးရင် အိမ်ကိုတန်းမပြန်ဘူး၊ သူ့မိန်းမနဲ့လည်း ခဏခဏရန်ဖြစ်တယ်၊ တစ်ခါတလေသူတို့ရန်ဖြစ်ပြီဆို သူ့မိန်းမရဲ့ ပါးစပ်နားမှာ သွေးတွေ၊ မျက်လုံးတစ်ဖက်မဖွင့်နိုင်တော့တာ၊ မေးရိုး၊ ပါးရိုးတွေလည်း ညိုပြီးစကားတောင် မပြောနိုင်တော့ဘူး။˝ လို့ အဖွားကပြောပါတယ်။

ဆေးသုံးရတဲ့နေ့တွေဆိုရင်တော့ အလုပ်တွေကို အရင်ကထက် ပိုလုပ်ပါတယ်။ သွက်သွက်လက်လက်ရှိပြီး အလုပ်တွင်နေပါတယ်။ ဒါပေမယ့် အလုပ်လုပ်ပြီး ရလာတဲ့ ပိုက်ဆံတွေကို သူတစ်ယောက်ထဲ ဒိုင်ခံသုံးနေပါတယ်။ မိသားစုကို ဝေးဝေးတစ်ခါပဲ ပြန်ပေးတတ်ပါတယ်။ သူဆေးမသုံးရတဲ့နေ့တွေမှာဆိုရင် ဘာအလုပ်မှမလုပ်နိုင်ဘဲ အိပ်ရာမှာတနေကုန် အိပ်နေတတ်ပါတယ်။

ဖယ်ခုံအရှေ့ဘက်ကမ်းမှာ အစိုးရတွေအနေနဲ့ ဒီလိုမူးယစ်ဆေးဝါးလုပ်ငန်းတွေကို လက်တွေ့ကျကျဖမ်းဆီးလုပ်ဆောင်တာတွေ မရှိခဲ့ဖူးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်း/တောင်ဒေသမှာ ဘိန်းစိုက်ခင်းတွေ အတော်များများကို လွတ်လွတ်လပ်လပ်တွေ့မြင်နိုင်ပါတယ်။ ဆေးပြားရောင်းဝယ်ရေးတွေမှာဆိုရင်လည်း အလွယ်တကူ ရောင်းဝယ်နေကြပါတယ်။ အချို့ရွာတွေမှာ ရပ်ရွာအတွင်း မူးယစ်ဆေးမသုံးရလို့ အမိန့်ထုတ်ပြန်ထားတဲ့အတွက် ရွာပြင်တွေမှာသုံးစွဲနေကြပါတယ်။

အရှေ့ဘက်ကမ်းဘက်မှာ ရဲစခန်းတစ်ခုမှ မရှိသေးပါဘူး။ ဒါကြောင့် ဥပဒေနဲ့ ပတ်သက်တဲ့ကိစ္စတစ်ခုခုဖြစ်လာရင် တိုင်တန်းစရာနေရာမရှိပါဘူး၊ အကယ်၍ တိုင်တန်းချင်ခဲ့ရင် မိုးဗြဲထိသွားနေရတဲ့အတွက် အလုပ်ရှုပ်၊ အချိန်ကုန်တယ် ဒါကြောင့် မတိုင်ဖြစ်တာလည်းပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖြစ်လာတဲ့ ကိစ္စတွေကို ရပ်ရွာစည်းကမ်းအတိုင်းပဲ လုပ်ဆောင်ပြီး ဆေးကြောသန့်စင် ပြီးစီးစေပါတယ်။ နှစ်ဦးနှစ်ဖက် ကျေနပ်သည်အထိ ဖြေရှင်းကြပြီ ပြဿနာကိုပြေလည်ခဲ့ကြပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်လာရင် သူတို့ဒေသမှာလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ရှိနေတဲ့အတွက် ထိန်းမနိုင်တဲ့သူတွေကို အဖွဲ့အစည်းလက်ထဲ အပ်လိုက်ကြပါတယ်။ သူတို့တွေကနေပြီးတော့ အဲ့ဒီလူပြန်ကောင်းလာအောင် အမျိုးမျိုးပြုပြင်ပေးကြပါတယ်။ အချို့သူတွေလည်း ပြန်လည်ကောင်းမွန်လာကြပြီး မိသားစုနဲ့ တူတူပြန်နေကြပေမယ့် အချို့သူတွေကတော့ ထူးမခြားနားဘဝနဲ့ အိမ်ပြန်လာကြသူတွေ ရှိပါတယ်။

ဒီလိုပဲ အဖွားနဲ့ချွေးမတိုင်ပင်ကြပြီး သူမရဲ့သားကို အဖွဲ့အစည်းလက်ထဲ အပ်လိုက်ပါတယ်။ ဒါပေမယ့် ပြန်လာတဲ့အချိန်မှာတော့ သူမရဲ့သားဟာ ထူးမခြားနားလာခဲ့ပါဘူး။ အမျိုးမျိုးပြောဆိုဆုံးမပေခဲ့ပေမယ့် သူဟာ မူးယစ်ဆေးဝါးကျေးကျွန်ပဲ ဆက်ဖြစ်နေခဲ့ပါတယ်။

အဖွားလည်း မတတ်နိုင်တော့တဲ့အဆုံး ̏ သူ့ကိုလွတ်လွတ်လပ်လပ်ပဲ ထားလိုက်တော့မယ်˝ လို့ မျှော်လင့်ချက်မဲ့နေတဲ့ မျက်နှာနဲ့ ပြောနေပါတယ်။ တနေ့တော့ ဥပဒေစိုးမိုးမှုရှိပြီး မူးယစ်ဆေးကင်းစင်တဲ့ နယ်မြေလေး ဖြစ်စေချင်ပါဘိ။

spot_img
spot_img

Recent posts