spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့နည်းလာရေး လူငယ်ပြုပြင်ရေးစခန်း ဖွင့်ရန် တောင်းဆို

Author

Date

Category

မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ချရေး ဒိးမော့ဆိုမြို့နယ် ခန်းမတွင် စကားဝိုင်းပြုလုပ်ခဲ့စဉ် (ဓါတ်ပုံ – ဒွေးအယ်ခူ)

နော်ဒွေးအယ်ခူ

ကယားပြည်နယ်တွင် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချနိုင်ရန်အတွက် လူငယ်ပြုပြင်ရေးစခန်းကို တည်ဆောက်ဖွင့်လှစ်ပေးရန် လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ပြည်သူ့စကားဝိုင်းတွင် ဝင်ရောက်ဆွေးနွေးခဲ့သော အမျိုးသမီးဖွံ့ဖြိုးရေးစင်တာ(WDC)မှ ခွန်းပီတယ်က ပြောသည်။

အဆိုပါ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ပြည်သူ့စကားဝိုင်းကို မေလ ၉ ရက်နေ့က ဒီမော့ဆိုမြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

“ခုပြည်နယ်မှာဆိုရင် လူငယ်တွေ ၅ဝ ရာခိုင်းနှုန်းက မူးယစ်ဆေးဝါးနဲ့ မကင်းပါဘူး။ လူငယ်တွေ မသုံးစွဲပါနဲ့ လိုက်ပြောလို့မရပါဘူး။ အမှန်တကယ် ဌာနဆိုင်ရာတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ပူးပေါင်းလုပ်ဆောင်ရပါမယ်။ ဒါမှ မူးယစ်ဆေးဝါးလျော့ချမှုက ပိုမိုထိရောက်နိုင်ပါမယ်” ဟု ၎င်းက ပြောကြားသည်။

လူငယ်ပြုပြင်ရေးစခန်း တည်ဆောက်မည့် အစီအစဉ်ရှိ၊ မရှိ တက်ရောက်လာကြသူများက မေးခွန်းထုတ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက တိကျသည့်အဖြေ ပြန်လည်ဖြေကြားခြင်း မပြုသေးပေ။

ဒီးမော့ဆိုမြို့နယ်တွင်း မူးယစ်ဆေးဝါးသုံးစွဲသူအများစုမှာ လူငယ်များဖြစ်ကြပြီး မူးယစ်စေသည့်အရာများကို စမ်းသုံးကြခြင်းဖြစ်ကြောင်းနှင့် သုံးစွဲသူများတွင် လူကြီးများလည်း ပါဝင်နေကြောင်း ဒီမော့ဆိုမြို့နယ် ရဲတပ်ဖွဲ့မှူး အောင်မင်းက ပြောသည်။

“လူငယ်တွေ တော်တော်များများသုံးကြတယ်။ အဓိကအချက်တော့ လူငယ်အချင်းချင်းကြားမှာ စမ်းသပ်ချင်တာပေါ့။သုံးစွဲမယ်ဆိုရင် ဘယ်လိုအာနိသင်ရှိမလဲ ဘာတွေဒုက္ခရောက်မလဲဆိုတာ မစဉ်းစားတော့ဘူး။ ဒီးမော့ဆိုမှာ ဖမ်းမိတာတွေလည်း လူငယ်တွေ များတယ်” ဟု ၎င်းကဆက်ပြောသည်။

လူငယ်ပြုပြင်ရေးစခန်းများသည် ရွှေပြည်သာ၊ မန္တလေးတွင် တည်ရှိကြောင်းပြောဆိုပြီး လူငယ်များထဲမှ ဆေးဖြတ်မည့်သူများရှိလျှင် တရားဝင်ပို့ပေးမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးခြင်းတွေပြုလုပ်သွားမည် မဟုတ်ကြောင်း ၎င်းကဖြည့်စွက်ပြောဆိုသည်။

မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျအောင် အသိပညာခြင်းအစီအစဉ်ကို ဆောင်ရွက်ရာတွင် ဌာနပေါင်းစုံနှင့် တာဝန်ရှိသူတို့မှ လိုက်လံရှင်းပြနိုင်ရင် ပိုကောင်းမည်ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကို သေချာနားလည် သဘောပေါက်ပြီး လျှော့ချနိုင်မည်ဖြစ်ကြောင်း တက်ရောက်လာသူတစ်ဦးဖြစ်သူက အကြံပြုပြောဆိုသွားသည်။

ဒီးမော့ဆိုမြို့နယ်ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော ပြည်သူ့စကားဝိုင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဥပဒေအရာရှိ၊ ဒီမော့ဆိုမြို့နယ် ပြည်သူ့ဆေးရုံမှ မြို့နယ်ကုသရေးဦးစီးဌာန၊ အရပ်ဖက်အဖွဲ့အစည်းနှင့် ပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးတို့မှ ပါဝင်ဆွေးနွေးခဲ့သည်။

၂၀၁ရ ခုနှစ်အတွင်း ဒီးမော့ဆိုမြို့နယ်တွင် မူးယစ်ဆေးဝါးအမှုပေါင်း ၁၁ ခုရှိခဲ့ပြီး ကျား (၁၇)ဦးနှင့် မ (၁)ဦး တို့ကို ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ပြီး စိတ်ကြွဆေး ၃၉၈ရ ပြား အထိ ဖမ်းမိခဲ့သည်။

၂၀၁၈ခုနှစ်တွင် ဇန်နဝါရီလမှ ဧပြီလအထိ မူးယစ်ဆေးဝါး အမှုပေါင်း ၄ မှု ရှိခဲ့ပြီး စိတ်ကြွဆေးပြား ၂၁၅ဝ ပြားနှင့် ဘိန်းစိမ်း ၃ ပိဿာ ၉ဝကျပ်သား ဖမ်းဆီးရရှိကြောင်း ဒီးမော့ဆိုုမြို့မရဲစခန်းထံမှ သိရသည်။

spot_img
spot_img

Recent posts