spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ကြဖို့ KSP တိုက်တွန်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ရဲဌာန (KSP) ဖွဲ့စည်းပြီး ၂ နှစ်တာကာလအတွင်း အရေးယူဆောင်ရွက်နိုင်ခဲ့တဲ့အမှုပေါင်း (၃၆၂)မှုရှိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ဆက်စပ်တဲ့ အမှုက အများဆုံးဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးအမှု လျော့နည်းလာဖို့ ပြည်သူလူထုတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့လိုတယ်လို့ KSP သတင်းနှင့်ပြန်ကြားရေး ဌာနမှူး ကိုဘိုဘိုက တိုက်တွန်းထားပါတယ်။

“မူးယစ်ဆေးဝါးက ပြည်သူလူထုကို အကျိုးမပေးဘူးပေါ့နော။ အဲ့ဒီအတွက်ကြောင့်မလို့ မူးယစ်ဆေးဝါးပပျောက်ဖို့အတွက် ပြည်သူတွေက ပူးပေါင်းပါဝင်ပေးကြဖို့ ပြောလိုပါတယ်။ ပူးပေါင်းပါဝင်တဲ့နေရာမှာ နည်းလမ်းပေါင်းစုံရှိတယ်ပေါ့နော။ ရောင်းဝယ်ဖောက်ကား သုံးစွဲနေတာကို သတင်းပေးတာမျိုးလဲရတယ်။ လူငယ်တွေကို မူးယစ်ဆေးဝါးရဲ့ မကောင်းကြောင်းတွေ မူးယစ်ဆေးဝါးက ဘယ်လိုမကောင်းဘူးဆိုတာ မျိုးပေါ့နော။ ကိုယ့်ရဲ့သားသမီး ဆွေမျိုးတွေကို သွန်သင်ဆုံးမပေးတာမျိုးပေါ့။ အဲ့လိုမျိုးစုံနဲ့ အုတ်တချပ် သဲတပွင့်အနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းလိုပါတယ်။” လို့ ကိုဘိုဘိုက ပြောပါတယ်။

ကရင်နီပြည်က တော်လှန်ရေးအင်အားစုတွေ စိုးမိုးနယ်မြေအတွင်းမှာ စစ်ကောင်စီသတင်းပေးမှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးအမှု၊ မူးယစ်ရမ်းကားမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု စတဲ့ အမှုတွေကို ရပ်မိရပ်ဖတွေ၊ ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး KSP မှ လူထုကြား အသိပညာပေးဆောင်ရွက်မှုများ (ဓါတ်ပုံ – KSP)

KSP ဖွဲ့စည်းပြီး တစ်နှစ်အတွင်း အမှုပေါင်း (၂၃၅)မှု၊ ယခုနှစ်မှာတော့ (၁၂၇)မှု ရှိခဲ့ပြီး စုစုပေါင်း (၃၆၂)မှုကို အရေးယူဆောင်ရွက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

“ဒီ ၂ နှစ်အတွင်းမှာဖြစ်တဲ့ ကျနော်တို့ အရေးယူခဲ့တဲ့ ၃၆၂မှုထဲမှာ အဲ့ဒီထဲမှာ အများဆုံးက မူးယစ်ဆေးဝါးအမှုပေါ့။ တိတိကျကျပြောရရင် WY ဆေးပြားတွေ မိတာများတာပေါ့။” လို့ ကိုဘိုဘိုက ဆက်ပြောပါတယ်။

လက်ရှိမှာလည်း မူးယစ်ဆေးဝါး အန္တာရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောမှု လုပ်ဆောင်တာရှိနေပြီး ခရီးသွားပြည်သူတွေကြားမှာ မူးယစ်ဆေးဝါးသယ်ဆောင်ခြင်း မရှိစေရေးအတွက်လည်း ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးခြင်း၊ ကင်းလှည့်ခြင်းတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် CDMရဲတွေနဲ့ ကရင်နီပြည်ရဲဌာန (KSP) ကို ဩဂုတ်လ ၂၅ ရက်နေ့မှာ ဖွဲ့စည်းထားတာဖြစ်ပြီး ၂နှစ်ကာလအတွင်း ရဲစခန်း ၈ ခု နဲ့ လုံခြုံရေးရဲကင်း ၄ ခုမှာ လူထုအခြေပြုရဲလုပ်ငန်းတွေနဲ့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး နဲ့ အခြားသော ဝန်ဆောင်မှုတွေကို လုပ်ဆောင်လျက်ရှိနေပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး KSP မှ လူထုကြား အသိပညာပေးဆောင်ရွက်မှုများ (ဓါတ်ပုံ – KSP)
spot_img
spot_img

Recent posts