spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မကောင်းမှန်းသိပေမယ့်လည်း အစားထိုးလို့မရနိုင်ခဲ့တဲ့ ပြဿနာ 

Author

Date

Category

မူအက်စတာ

“ပေါက်ပြားကိုင်ပြီဆို ကိုယ့်စီမံကိန်းနဲ့ကိုယ် ရှိနေပြီ။ ပထမတစ်ချက် ဒါ ရဲအတွက် ကိုယ်ပေါက်လိုက်ပြီ၊ ဒုတိယတစ်ချက် ဒါစစ်သားအတွက် ပေါက်လိုက်ပြီ၊ တတိယတစ်ချက် လက်နက်ကိုင်အဖွဲ့အစည်းအတွက် ထပ်ပေါက်လိုက်ပြီ၊ စတုတ္တအချက် ထပ်ပေါက်လိုက်တယ် ရပ်ရွာဒေသဖွံ့ဖြိုးရေးအတွက်၊ ငါးချက်မြောက် ကိုယ့်အတွက်ပေါက်လိုက်ပြီ၊ ကိုယ့်အတွက်ဆိုပြီး အားရပါးရပေါက်လိုက်တဲ့အချိန်မှာ အောက်မှာကျောက်ခဲရှိတော့ ပေါက်ပြားလည်းပဲ့၊ လူလည်း ပန်း” 

အသက် ၆ဝ ဝန်းကျင်ခန့်ရှိတဲ့ လိုဘာခိုကျေးရွာက တောင်သူဦးမင်းသိန်းက သူ့ရဲ့ ဘဝ လုပ်ငန်းကို ကန္တာရဝတီတိုင်း(မ်) အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ ယခုလို ဦးစွာ ညည်းညူသွားတဲ့ အသံဖြစ်ပါတယ်။ ဦးမင်းသိန်က သူ့ပေါက်ပြားနဲ့ ဘိန်းစိုက်ပျိုးဖို့ လုပ်ခဲ့ရတဲ့ ပုံကို ရင်တွင်းခံစားချက် ဖေါ်ပြသွားတာဖြစ်ပါတယ်။ 

ဘိန်းစိုက်ပျိုးတဲ့ဒေသတွေကတော့ ခူးပရာကျေးရွာအုပ်စု ၊ လိုဘာခိုကျေးရွာအုပ်စု ၊ ဟိုဝမ်ကျေးရွာအုပ်စု ၊ ဒေါရောက်ခူ ကျေးရွာအုပ်စု ဒေသဘက်က ကျေးရွာအသီးသီးပဲဖြစ်ပါတယ်။ 

ဘိန်းစိုက်ခင်း စိုက်ပျိုးလုပ်ကိုင်ကြသည့် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက တောင်သူများ နှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တို့ကို မီဒီယာသမားများက သွားရောက် မေးမြန်းခဲ့ကြသည့် မြင်ကွင်း (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

ဘိန်းစိုက်လုပ်ငန်းဆိုတာ ရေရှည်လုပ်ကိုင်လို့ မရတဲ့စိုက်ပျိုးရေးလုပ်ငန်းဖြစ်တာ တောင်သူတွေက သိပေမယ့် လတ်တလော ဝမ်းတစ်ထွာအတွက် လိုအပ်တဲ့အစားအစာကို ဖြည့်ဆည်းပေးဖို့ လိုနေတာကြောင့် ဘိန်းစိုက်ခြင်းဖြစ်တယ်လို့ တောင်သူတွေက ဆိုပါတယ်။

ဒေသခံတွေအနေနဲ့က ဒီဒေသဘက်မှာ ဂေါ်ဖီပင် ၊ ဒညင်းပင် ၊ ဂေါ်လခါးပင် ၊ ဆေးရွက်ကြီး ၊ သစ်တောသီး ၊ နဂါးမောက် ၊ ထောပတ် ၊ လက်ဖက် ၊ သံပရာ/လိမ္မော်သီး ၊ မျောက်ငိုပင် ၊ ဝ ဥ စတာတွေ အစားထိုး စိုက်ပျိုးနိုင်ဖို့ အကူအညီလို အပ်နေတယ်လို့ဆိုကြပါတယ်။ 

အစိုးရဌာနဆိုင်ရာနဲ့ လွတ်တော်ကိုယ်စားလှယ်တွေ ၊ တောင်သူဈေးကွက် စနစ်သိတတ်နားလည်သူတွေ နဲ့ လူထုတွေ ပါဝင်တဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၃ဝ ရက်နေ့က ပြုလုပ်ခဲ့ ချိန်တုန်းက ဒေသခံတွေက ဆွေးနွေးသွားတာဖြစ်ပါတယ်။ 

ဒေါရောက်ခူကျေးရွာအုပ်စု ၊ လိုဘာခို ကျေးရွာအုပ်စု ၊ ခူးပရာကျေးရွာအုပ်စုတွေထဲက အုပ်ချုပ်ရေးမှူးတွေ ၊ ကျေးရွာအတွင်းရေးမှူးတွေ ၊ ကျေးရွာအထောက်အကူပြုအဖွဲ့တွေ ၊ ကျေးရွာ ဥက္ကဌတွေ ၊ ကျေးရွာ အကျိုးတော်ဆောင်အဖွဲ့တွေ ၊ နာယကတွေ ၊ လူငယ်ခေါင်းဆောင်တွေ ၊ ရာအိမ်မှူးတွေ ၊ ရွာမိရွာဖ အသီးသီး တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ 

အစိုးရအနေနဲ့ကတော့ သင့်လျော်မည့် သီးနှံစိုက်ပျိုးနိုင်ရန် သုသေသနပြုလုပ်ပေးရန် ၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်နိုင်ရန် ၊ စိုက်ပျိုးနည်းပညာများပေးရန် ၊ စိုက်ပျိုးသီးနှံများ ဈေးကွက်စီးပွားရေး ဝင်ရန် ၊ တခြား ခရီးသွားလုပ်ငန်းများလည်း ဖော်ဆောင်ပေးရန် လိုအပ်တယ်လို့ တောင်းဆို ဆွေးနွေးထားကြပါတယ်။ 

တောင်ပေါ်ဒေသနဲ့ ကိုက်ညီပြီး ဈေးကွက်ရှိတဲ့ စိုက်ပျိုးရေးသီးနှံတွေကို တောင်သူတွေကို ချပြပေးနိုင်ရင် အဆင်ပြေပါလိမ့်မယ်။ ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးခမ်လျန်စွမ်းက တောင်သူတွေကို ဈေးကွက်နဲ့ ကိုက်ညီမယ့် စိုက်ပျိုးရေးသီးနှံတွေကို စမ်းသပ်စိုက်ပျိုးဖို့ အကြံပေးပြောဆိုထားပါတယ်။

ဦးခမ်လျန်စွမ်းက “ ကျွန်တော်တို့ပြည်နယ်မှာလည်း ဘိန်းကိုတော့ တဖြည်းဖြည်းလျှော့ချမှရမယ်။” အကြံပြုပြောဆိုထားပါတယ်။ 

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက လိုဘာခိုကျေးရွာ (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

တောင်သူတွေအနေနဲ့ အသက်မွေးဝမ်းကြောင်းအတွက်နဲ့ လက်ရှိဝမ်းစာဖြေရှင်းဖို့အတွက် နှစ်ရှည်သီးနှံတွေကို စမ်းသပ်စိုက်ပျိုးနိုင်ဖို့ အစိုးရတွေကို တောင်းခံကြပါတယ်။ နှစ်ရှည်ပင်တွေ စိုက်တဲ့နေရာမှာ လတ်တလော စားသောက်ဖို့အတွက်မဖြေရှင်းနိုင်တဲ့အတွက် အခက်တွေ့နေကြပါတယ်။ 
ဒီနေရာမှာ အစိုးရတွေအနေနဲ့ တောင်သူတွေရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ လိုပါပြီ၊ တောင်သူတွေအတွက် ရေရှည်အကျိုးခံစားရမယ့် အရေးကို အစိုးရတွေအနေနဲ့ လုပ်ကို လုပ်ပေးရပါတော့မယ်။ 

“ကော်ဖီစိုက်ရင် ဈေးကွက်အခိုင်အမာရှိတယ်။ ဈေးကောင်းတယ်” လို့ ပြောင်းစိုက်တောင်သူဥက္ကဌ ဦးမြင့်မောင်က ပြောပါတယ်။ 
တောင်ပေါ်ဒေသတွေမှာ ကော်ဖီပင်တွေစိုက်ပျိုးလို့ရပါတယ်။ တောင်သူတွေအနေနဲ့ ကော်ဖီပင်တွေစိုက်ပျိုးချင်တယ်ဆိုရင်လည်း ကယားပြည်နယ် ပြောင်းစိုက်တောင်သူတွေအသင်းကို ဆက်သွယ်ပြီး အကြံဉာဏ်တောင်းယူလို့ရတယ်လို့ဆိုပါတယ်။ 

ဒေသထွက်သီးနှံတွေကို ဈေးကွက်ရနိုင်ဖို့အတွက် အစိုးရကို လွှတ်တော်ကနေတဆင့် မေးမြန်းတာတွေ ဘိန်းအစားထိုးမူဝါဒတွေ ထွက်လာစေဖို့ တောင်သူတွေအတွက် မြေယာဥပဒေနှင့်ပတ်သက်ပြီး ပြုပြင်မွမ်းမံနိုင်ဖို့ ၊ သဘာဝမြေဩဇာဖြင့်သာ စိုက်ပျိုးသီးနှံမူဝါဒ ပေါ်ထွန်းလာစေဖို့ ၊ စားသုံးသူအခွင့်အရေး နည်းဥပဒေ ပေါ်ထွက်လာစေဖို့လွှတ်တော်ဘက်ကနေလည်း အဲဒါတွေ ဖော်ဆောင်ပေးရမှာဖြစ်ပါတယ်။ 

ဒါကြောင့် လူထုတွေအနေနဲ့လည်း လွှတ်တော်ထဲကို ဒီလို မူဝါဒတွေ ပေါ်ထွက်လာဖို့ တိုက်တွန်းဖို့လည်း လိုတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က အဲဒီ တွေ့ဆုံဆွေးနွေးပွဲတုန်းက တိုက်တွန်း ပြောကြားသွားပါတယ်။ 

ဦးသဲရယ် “ ပြည်နယ်ဥပဒေတွေကို အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်မှာ တင်ပြနိုင်ဖို့ ဆန္ဒပြလို့မရဘူးလား ကျနော်ပြောချင်တယ်။ ဈေးကွက်အခိုင်အမာရှိနေဖို့ ဆန္ဒပြတဲ့အစားပေါ့။ ပြည်ထောင်စုနဲ့ ပြည်နယ်နဲ့ လုပ်ပိုင်ခွင့်တွေအရမ်းကွာနေတယ်။” လို့ ပြောသွားပါတယ်။ 
ကယားပြည်နယ် ပြောင်းစိုက်ပျိုးသူများအသင်းဝင်ဖြစ်တဲ့ ဦးဦးရယ်က “ဈေးကွက်မတည်ငြိမ်တာက ပွဲစားတွေက ကျွန်တော်တို့ကို ခြယ်လှယ်တယ်။ ဒါတွေကို ပြည်နယ်ဇယား ၂ နဲ့ပြောရရင် ပြည်နယ်အစိုးရအနေနဲ့ ကျွန်တေ်ာတို့သီးနှံတွေကို ခဏဝယ်ထားပေးဖို့ကော တိုက်တွန်းချင်တယ်။” ဆွေးနွေး သွားပါတယ်။ 

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းဘက်က ဒေသခံတွေကတော့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို အစားထိုး လုပ်ကိုင်ဖို့ ဆန္ဒရှိနေကြပါပြီ။ သက်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းတွေ ၊ အစိုးရတွေဘက်က စီမံချက်ဖြင့် အကောင်အထည် ဖော်ဖို့ တောင်းဆိုလိုက်ပါတယ်။ 

“ကျနော်တို့ဒေသ စားဝတ်နေရေးအတွက် ဒီတစ်ခုတော့ လုပ်ပေးနိုင်ရင်တော့ မဆိုးဘူး။ သူများလောက်မဌေးသည့်တိုင် မဆင်းရဲဘူးပေါ့ကွယ်။ ခုတော့ ကျွန်တော်တို့က ဆင်းရဲသထက်ဆင်းရဲတယ်၊ နိမ့်ကျသထက် နိမ့်ကျတယ်။” လို့ ဦးမင်းသိန်းက ပြောပါတယ်။

spot_img
spot_img

Recent posts