spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မေလ ဒုတိယပတ် ရဲ့ တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ မိခင်များနေ့ မှာ မွေးမိခင်အတွက် ရည်စူးပြီး ရေးသားပေးပို့လာတဲ့ CDM သူနာပြု တဦးရဲ့ အမေ့ထံပေးစာကို ကန္တာရဝတီတိုင်း(မ်) ပရိတ်သတ်တွေ အတွက်ဖော်ပြပေးလိုက်ပါတယ်။

Author

Date

Category

မို့မိုရေ…..

လူအများစုအနေနဲ့ အမေလို ခေါ်ကြတယ်….
သမီးတို့ လူမျိုး အခေါ်အဝေါ်အရတော့ မို့မိုပေါ့….လွမ်းတယ် မို့မိုရေ
သတိရတယ်..တွေ့ချင်တယ်…

မို့မို သမီးက အခုဆိုရင် အများကောင်းကျိုးအတွက် တတ်နိုင်တဲ့ ဘက်ကနေ ကူပေးနေတဲ့ နှမ်းတစ်စေ့အနေနဲ့ သဲတစ်ပွင့် အဖြစ်နဲ့ ကောင်းဆုံးရှင်သန်နေပါတယ်…

မိခင်နဲ့ကလေး ကျန်းမာရေးကို အဓိက ကူညီစောင့်ရှောက်ပေးရတဲ့ အလုပ်ဆိုတော့… မို့မိုကို ပို သတိရစေတယ် ပိုလွမ်းစေတယ်…ပိုပြီး ကျေးဇူးတင်မိစေတယ် မိုရေ…

ကိုယ်ဝန်ဆောင်မိခင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးရတော့ မို့မိုကို တွေးမိတယ်..
ဘယ်လိုနေရှာခဲ့မလဲ … သမီးကို မို့မို ကိုယ်ဝန်ဆောင်ထားရတဲ့ အချိန်တုန်းကပေါ့…

သမီးအခုမြင် နေရသလို မျိုးပဲ မူးဝေအော့အန်တာတွေ… အစားစားချင်စိတ်မရှိတာမျိုးတွေ…၊ စားချင်ပြန်တော့လဲ အထူးအဆန်းတွေ ဖြစ်တာမျိုး ၊ မို့မို ကြိုက်တဲ့ အပူအစပ်တွေကို ရှောင်ခဲ့ရမှာပဲနော်.၊

မကြိုက်ပေမယ့် သမီးကျန်းမာရေးအတွက် စားပေးရတဲ့အစားအစာတွေ၊ မသောက်ချင်တဲ့ဆေးတွေကို မှန်မှန်သောက်ပေးရတာမျိုးတွေကို မို့မို သမီးလေးအတွက်ဆိုပြီး ကြိုးစားပေးခဲ့ရမှာပဲနော်….

ပင်ပန်းကြီးစွာနဲ့ ဗိုက်ကလေးထဲ သမီးလေးကို ထည့်ပြီး ကိုးလကျော်လောက် ထမ်းသွားရတဲ့ မို့မို ကို ကျေးဇူးတင်ရပါတယ်…..

အဲ့ဒီလိုမျိုးပဲ မွေးမိခင်တွေကိုလဲ သမီးတို့ စောင့်ရှောက်မှူပေးရသေးတယ် မို့ရေ…
အဲ့ဒီအချိန်က အမေတစ်ယောက်အတွက် အခက်ခဲပင်ပန်းရဆုံးအချိန်ပဲဖြစ်မယ်ထင်တယ် …

အခန့်မသင့်ရင် အသက်ပါ ပါသွားနိုင်တာမို့ သမီးကို လူလောကထဲ ရောက်အောင်မွေးထုတ်ပေးခဲ့တဲ့ မို့မိုကိုတွေးပြီး ဘယ်လောက်ထိ ခံစားခဲ့ရရှာမလဲ မတွေးဝံ့အောင်ပဲ မို့မိုရေ…

နေ့စေလစေ့လို့ စတင်လာတဲ့ နာကျင်မှု လေးကနေ မိနစ်အပိုင်းအခြားတစ်ခုသာ ခြားပြီး တဖြေးဖြေး စိတ်လာတဲ့ ညစ်အားတွေ ၊ သမီးရဲ့ တိုးထွက်အားတွေနဲ့ မို့မို အရမ်းခံစားခဲ့ရမှာ…၊

မွေးမိခင်တွေပြောကြတယ်… ဘာနဲ့မှ နှိင်းလိုမရအောင်နာတဲ့ နာကျင်မှုမျိုးပါတဲ့ .. သမီးလူ့လောကထဲရောက်လာဖို့အရေး အသက်နဲ့ရင်းပြီး သွေးတွေချွေးတွေ ပေးဆပ်ပြီး ခေါ်ဆောင်ပေးခဲ့လို့ ကျေးဇူးအများကြီးတင်ရပါတယ် မို့မိုရေ….. အရမ်းလဲ ချစ်တယ်..။

မွေးပေးရုံတင်မကပြန်ဘူး…နုနယ်တဲ့ လူသေးသေး ကလေးဘဝကနေအစ မို့မို ပြုစုပျိုးထောင်ပေးခဲ့ရတာ အခက်အခဲတွေအများကြီးထဲ ကြားက သမီးဘဝ ရှေ့ရေး လုံခြုံပြီး ၊ရပ်တည်ရမယ့်ခြေထောက်တွေသန်မာဖို့ ချော့တစ်ခါခြောက်တစ်လှည့် ဆုံးမပေးခဲ့တာတွေ တစ်သက်လုံးစာအတွက် လူမခိုးနိုင်မပျက်စီးနိုင်တဲ့ ပညာတွေသင်ဖို့ ကျောင်းပိုပေးခဲ့တာတွေက အခုချိန် သမီးဘဝအတွက် တကယ်ကို အကျိုးပြုရုံမကလို့ အများအကျိုးအတွက်ပါ သမီးပါဝင် ကူညီနိုင်ပြီ မို့မိုရေ…

ပြောမပြတတ်အောင် ကျေးဇူးတင်ရပါတယ်….

စာနဲ့တောင် မို့မိုမေတ္တာတွေ ရေးမကုန်ပြောမကုန်ရပါဘူး…သမီးရဲ့ မို့မိုက သမီးတို့ မောင်နှမတစ်စုအတွက်ပဲမဟုတ်ဘူး အများပြည်သူ့အကျိုးအတွက်ပါ တာဝန်ကျေခဲ့တဲ့ မိခင်မျိုးပါ…

ဘာလို့လဲဆိုရင် သမီးကိုမွေးပေးပြီး စိတ်နှလုံးကောင်းထားတတ်ဖို့ ကိုယ်တတ်ထားတဲ့ပညာနဲ့ အများကောင်းကျိုးလေးတွေ ထမ်းဆောင်ဖို အမြဲဆုံးမပေးခဲ့လိုပါ.. မို့မိုကျေးဇူးနဲ့ သမီးအတွက်ကော အများအတွက်ကော သမီးကောင်းကျိုးပြုနေနိုင်ပြီ မို့မိုရဲ့….
မို့မိုပီတိဖြစ်မယ်လို ယုံကြည်ပါတယ်..

ခုချိန် မထင်ထားတဲ့ ဒီနိုင်ငံရေး ကာလ ခေတ်ပျက်ကြီးထဲမှာ မို့မိုနဲ့အဝေးဆုံးမှာပဲ ရှိနေရတဲ့ သမီး မို့မိုကို အရမ်းလွမ်းတယ် မို့မိုရဲ့ အချစ်တွေနဲ့ မို့မိုအနားပဲနေချင်မိတယ်…

မို့မိုကို လိုလေသေးမရှိ တဲ့ဘဝမှာ ထားပြီး ကျေးဇူးတွေ ပြန်ဆပ်ချင်သေးတယ်…လွမ်းရုံကလွဲပြီး မို့မိုသမီးကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တာရဲ့ ခြေဖျားစာလေးတောင် မီအောင် ကျေးဇူးတွေ မဆပ်နိုင်သေးဘူး မို့မိုရေ…အဆိုးဆုံး မို့မိုအနားမှာတောင် မရှိပေးနိုင်လို့ ပိုပြီး ဝမ်းနည်းရတယ်…။ ဒါပေမယ့် မို့မိုပျော်မှာပါ ပီတိဖြစ်ရမှာပါ မို့မို ဖြစ်စေချင်တဲ့ စိတ်နှလုံးသားကောင်းပြီး လိုအပ်နေတဲ့ အများပြည်သူတွေအတွက် ကောင်းကျိုးပြုပေးနေတဲ့ နှမ်းတစ်စေ့ အနေနဲ့ သမီး ကောင်းကောင်းရှင်သန်နေတယ်ဆိုတာကို သိရင်ပေါ့…။

မို့မိုရဲ့ အဝေးကနေ သမီးဆုတောင်းပေးနေပါတယ်
ချစ်တဲ့မို့မို အမြဲကျန်းမာပြီး နာကျင်မှု ကင်းဝေးပါစေ
ဘေးအန္တရာယ်ကင်းပါစေ…
ဘုရားကောင်းချီးပေးမှုအောက်မှာ မို့မို အမြဲအေးချမ်းရပါစေ …

တနေ့တချိန်တော့ မို့မိုအနားနေနိုင်အောင် အမြဲကြိုးစားပါမယ့် အနီးကပ်ပြုစုပါမယ် ..။အရမ်းချစ်တဲ့ မို့မို အသက်ရှည်ပြီး သမီးအတွက် အမြဲ အားပေးချစ်ပေးပါအုံးနော် မို့မိုနဲ့ဝေးနေရပေမယ့် မို့မိုအချစ်တွေ အမြဲရနေတဲ့ မို့မို သမီး..မို့မို ကို အရမ်းချစ်တယ်…

spot_img
spot_img

Recent posts