spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မော်ချီးဒေသကို စစ်ကောင်စီတပ်တွေဆုတ်ခွာ၊ စစ်ကောင်စီရဲ့ စခန်းတချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ မီးရှို့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ အခြေစိုက် စစ်ကောင်စီတပ်စခန်းနဲ့ စစ်ဆေးရေးဂိတ်တွေ၊ စခန်းကုန်း‌တွေမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စခန်းကို ဆုတ်ခွာသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

မော်ချီးဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့အမှတ်(၂) ကျောက်ကြားစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကနေ ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ မှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ကန္တာရ၀တီတိုင်း(မ်)ကို ပြောပါတယ်။

“မော်ချီးက အမှတ်(၂)ကျောက်ကြား စခန်းက အဖွဲ့ က နေ့လည် ၁၂နာရီလောက်မှာ ဖာဆောင်းဖက်ကို‌ရောက်ရှိသွားကြတယ်။ အဲ့ဒီ အမှတ်(၂) စခန်းကို သွားရောက်ရှင်းလင်းလိုက်တာပေါ့။ ဝင်ရောက်မီးရှို့လိုက်တာပေါ့။ ရန်သူဖက်က သူတို့ဘာသာပြန်ဆုတ်ကြတာ တိုက်ပွဲမဖြစ်ဘူး” လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် က ကန္တာရ၀တီတိုင်း(မ်)ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့တာကြောင့် မော်ချီးဒေသ တစ်ခုလုံးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်စိုးမိုးနိုင်ခဲ့ပြီဖြစ်တယ်လို့လည်း ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ကရင်နီအမျိုးသားများကာကွယ်ရေး(KNDF) က အသိပေးထုတ်ပြန်ထားပါတယ်။

“မော်ချီးအဝင်က စစ်ဆေးရေး ဂိတ်တစ်ခုရယ် တောင်ကုန်းပေါ်မှာရှိတဲ့ ကုန်း စခန်း တစ်ခုပေါ့နော်။ အဲ့ဒီနှစ်ခုကို ကျ‌နော်တို့ သိမ်းပိုက်ရရှိတယ်။ အဲ့ဒီစခန်းက စစ်ကောင်စီတပ်သားတွေက အဲ့ဒီစခန်းကနေ ၂၆ ရက်နေ့မှာ ဖာဆောင်းဖက်ကို ဆုတ်ခွာသွားတာဖြစ်ပါတယ်။” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ တပ်စခန်းမှာ စစ်ကောင်စီတပ်အင်အား ၆၀ ဝန်းကျင်ရှိတဲ့ ဘောလခဲအခြေစိုက်တပ်က ဖြစ်တယ်လို့လည်း အဆိုပါ KNDF တာဝန်ရှိသူက ဆက်ပြောပါတယ်။

ကရင်နီပြည်မှာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ (၁၁.၁၁) စစ်ဆင်ရေး ဆင်နွှဲခဲ့ပြီးတဲ့နောက် မော်ချီးဒေသ နဲ့ ရွာသစ်မြို့တွေကို တော်လှန်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်နိုင်ခဲ့တဲ့အပြင် လွိုင်ကော်၊ ဒီးမော့ဆို ၊ မိုးဗြဲ၊ ဖယ်ခုံ နဲ့ ရှားတောမြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း အပါအ၀င် စခန်းကုန်း ၂၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယပတ်မှာ ဘောလခဲမြို့နယ်က ရွာသစ်မြို့နဲ့ ဘောလခဲမြို့ကြားက (၁၂) မိုင်ကုန်း စစ်ကောင်စီတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက် ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts