spot_imgspot_imgspot_imgspot_img
Tuesday, March 18, 2025
spot_imgspot_imgspot_imgspot_img

မော်ချီး‌ဒေသမှာ ခဲစျေးကျဆင်းနေတာကြောင့် ခဲကျင်း ပိုင်ရှင်များ အခက်တွေ့ဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ မော်ချီးဒေသမှာ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေတဲ့ ခဲလုပ်ငန်းဟာ ပြီးခဲ့တဲ့ မေလ ဒုတိယပတ်ကစလို့ ခဲစျေးကျနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ခဲလုပ်ငန်းမှာ အသုံးပြုရတဲ့ အသုံးစရိတ်တွေဟာ များတာကြောင့် အခုလို ခဲစျေးကျနေခြင်းက ခဲကျင်းပိုင်ရှင် တွေအတွက် အခက်တွေ့ရတယ်လို့ ခဲကျင်းပိုင်ရှင် ကိုပေါ်တီးက အခုလိုပြောပါတယ်။

“ခဲစျေးကျလို့ရှိရင်လည်း ကျင်းသုံးပစ္စည်းတွေကျတော့ လုံးဝမကျဘူးလေး။ တက်လာဖို့ပဲ ရှိတယ်။ ခဲစျေးဘယ်လောက်ကျကျ ကျနော်တို့ အခုကျင်းသုံးတဲ့ ဒီဇယ်တို့ ၊ကဒ်တို့ ၊ ယမ်းတို့ ၊ ပုလဲတို့ အဲဒီပစ္စည်းတွေက စျေးတက်နေတော့ အဆင်မပြေဘူး အလုပ်လုပ်ရင်။ ” လို့ သူက ပြောပါတယ်။

လမ်းခရီးပေါ်မူတည်ပြီး ခဲစျေး အတက်အကျရှိနေတယ်လို့ ဆိုပါတယ်။ လမ်းကြောင်း အဆင်ပြေကောင်းမွန်ပါက ခဲစျေးထိုးတက်ပြီး လမ်းကြောင်းခက်ခဲနေရင် ခဲစျေးကျတယ်လို့ သိရပါတယ်။ မော်ချီး‌ဒေသထွက် ခဲ ကို တရုတ်ကုမ္ပဏီကို အများဆုံးတင်သွင်းကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ခဲစျေးကျခြင်းက ခဲလုပ်သားတွေအပေါ် ရိုက်ခတ်မှု သိပ်မရှိပေမဲ့ ခဲကျင်း ပိုင်ရှင်တွေ အပေါ် ရိုက်ခတ်မှု ကြီးမားတာကြောင့် တချို့သော ခဲကျင်းတွေကို ပိတ်ထားလိုက်ရတာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခဲကျင်းပိုင်ရှင်တစ်ဦးရဲ့ တစ်နေ့တာ ထွက်ငွေဟာ ကျပ်ငွေဆယ်သိန်းနီးပါး ရှိတယ်လို့လည်း ကိုပေါ်တီးက ပြောပါတယ်။

“အလုပ်သမားတွေများလို့ရှိရင် တစ်ရက်တစ်ရက်သူတို့ရဲ့ စားစရိတ်က အနည်းဆုံးမသွားဘူးဆိုရင် နှစ်သိန်း၊ တစ်သိန်း အဲလောက်တော့ ကျတယ်။ အလုပ်သမားစရိတ်နဲ့ ဘာညာနဲ့ဆိုရင် ကျနော်တို့ Owner(ပိုင်ရှင်) တွေဆိုရင်ထွက်ငွေက အနည်းဆုံး ဆယ်သိန်းနီးပါးရှိတယ်ပေါ့”လို့ သူက ဆက်ပြောပါတယ်။

ခဲကောင်းတစ်ပိဿာကို မူလစျေးတစ်သိန်းကျပ်မှ လက်ရှိမှာ ရှစ်သောင်းကျပ် ကျဆင်းသွားတာဖြစ်ပါတယ်။ မော်ချီးဒေသမှာ ကုန်စျေးနှုန်း အဆမတန်မြင့်မားနေတာကြောင့် ခဲလုပ်ငန်း မလည်ပတ်နိုင်ခြင်းကလည်း ဒေသခံတွေရဲ့ စားဝတ်နေရေးအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုတစ်ခုဖြစ်လာစေနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

spot_img
spot_img
spot_img

Recent posts