spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မော်ချီးဒေသမှာ အနိမ့်ဆုံးဆန်စျေး ကျပ်လေးသိန်းထိ ရှိနေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ အခြေခံစားသောက်ကုန်တွေ အဆမတန်စျေးမြှင့်တက်နေပြီး ပုလဲသွယ်အမျိုးအစား ဆန်တအိတ်ကို ကျပ် လေးသိန်းအထိပေးဝယ်နေရတယ်လို့ မော်ချီးဒေသခံတွေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

“အဓိကကတော့ မော်ချီးမှာ သူတို့ဒီ ရွှေအပ်(ဆန်) ဆိုတော့ ခြောက်သိန်းလောက်တော့ ပေါက်ပြီးပေါ့နော်။ ဟိုတခြားဆန်တွေ ဗမာဆန်တို့ဆိုရင် လေးသိန်းပေါ့နော်။ အဲ့တာက ဆန်အညံ့စားဆုံးဖြစ်မယ်ဗျာ။ ဆန်က ပုလဲသွယ် အမျိုးအစားဗျာ ဗမာဆန်ပေါ့နော်” လို့ ဒေသခံတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ကရင်နီပြည်တွင်းတိုက်ပွဲတွေကြောင့် ပြည်နယ်ထဲကို ကုန်စည်စီးဆင်းမှုတွေ မရှိတော့တဲ့အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့်လည်း ကုန်စျေးနှုန်းတွေ မြင့်တက်နေတာဖြစ်ပါတယ်။ အထူးသဖြင့် ဒီးမော့ဆို – ဖရူဆို- ဘောလခဲ- ဖားဆောင်း လမ်းမကြီးတလျှောက်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် မော်ချီးဒေသကို ကုန်စည်မရောက်ရှိနိုင်တော့တာ ဖြစ်ပါတယ်။

“တနေရာနဲ့တနေရာကတော့ မတူဘူး။ အောက်ရွာ နဲ့ လိုခါးလိုက ဈေးတူတာ နီးစပ်တယ်။ တဆိုင်နဲ့တဆိုင်ကလဲ မတူပြန်ဘူး။ ဈေးကတော့ ပြန်ကျကိန်းမတွေ့တော့ပါဘူး ကားမဝင်တာလည်း ကြာပေါ့ ဟိုး..ဒီးမော့ဆို တိုက်ပွဲစကတည်းက။ ဒီလို ကုန်ဈေးနှုန်းမြင့်တက်တာကြောင့် အခြေခံလုပ်သားတွေ တစ်ရက်လုပ်တစ်ရက်စားအတွက်ကတော့ တအားခက်ခဲနေတာပေါ့။”လို့ မော်ချီးဒေသက အလုပ်သမားတစ်ဦးက ပြောပါတယ်။

မော်ချီး လိုခါးလိုကျေးရွာနဲ့ အနီးတဝိုက်မှာတော့ ကွမ်းသီး တစ်ပိဿာ ၄သောင်း၊ ငရုပ်သီးခြောက် တစ်ပိဿာ တသိန်းခွဲ၊ အာလူးတစ်ပိဿာ ၃သောင်း၊ ကြက်သွန်နီ တစ်ပိဿာ ၃သောင်း၊ ကြက်သွန်ဖြူ တစ်ပိဿာ ၄သောင်းဝန်းကျင်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄သောင်းဝန်းကျင်၊ မုန်ညင်းတစ်စီး ၃ထောင်၊ ကြက်ဥတစ်လုံး ၁၅၀၀၊ ကွမ်းယာတစ်ယာကို တစ်ထောင်၊ ကြက်သားတစ်ပိဿာ ၅သောင်း၊ အမဲသားတစ်ပိဿာ ၄သောင်း၊ ဝက်သားတစ်ပိဿာ ၃သောင်း၊ စားဆီဗူးသေးတစ်ဘူးကို တစ်သောင်းဝန်းကျင်၊ ဓာတ်ဆီတစ်လီတာ တစ်သောင်းဝန်းကျင်၊ ဒီဇယ်တစ်ပီပါကို ကျပ်သိန်း ၂၀ အထိ ပေးဝယ်ရတယ်လို့ သိရပါတယ်။

နေရာအလိုက် ဆန်ဈေးနှုန်းအပြင် အခြားသော အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ကွာခြားမှုရှိနိုင်တယ်လို့ သိရပါတယ်။

spot_img
spot_img