spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မော်ချီး‌ဒေသမှာ ၂နှစ်အောက် က‌‌လေးငယ်များ ကာကွယ်ဆေး ထိုးနှံခွင့်မရတာ ၃ နှစ်ကျော် ရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသက ၂ နှစ်အောက်ကလေးငယ်တွေဟာ COVID-19ဖြစ်ပွားတဲ့ ကာလက စပြီး ကာကွယ်ဆေးမထိုးနှံပေးနိုင်တာ ၃ နှစ်ကျော်ရှိနေပြီလို့ ကလေးမိခင်တွေက ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက် သွားလာရေး လမ်းခရီးပိုမိုခက်ခဲလာတာကြောင့် ၂၀၂၁ခုနှစ်နောက်ပိုင်း မွေးဖွားတဲ့ ကလေးငယ်တွေဟာ ကာကွယ်ဆေးမထိုးနှံနိုင်သေးဘူးလို့ မော်ချီးဒေသက သူနာပြု ဆရာမတစ်ဦးက အခုလို ပြောပါတယ်။

” COVID ဖြစ်ကတည်းကမထိုးတာဆိုတော့ (၃)နှစ်လောက်ကျော်ပြီ။ လာလည်း မထိုးပေးဖြစ်ကြဘူး။ နိုင်ငံရေးအခြေအနေဖြစ်ပြီးနောက်ပိုင်း ၂၀၂၁၊ ၂၀၂၂ မွေးတဲ့ကလေးတွေ တစ်ယောက်မှတော့ ကာကွယ်ဆေးမထိုးရတော့ဘူး” လို့ အဆိုပါ သူနာပြု ဆရာမတစ်ဦးက ဆိုပါတယ်။

မော်ချီးဒေသမှာ နေထိုင်သူတွေဟာ အခုလို နိုင်ငံရေးအဆင်မပြေဖြစ်တဲ့နောက်ပိုင်း ကလေးကာကွယ်ဆေးကို ဒီးမော့ဆိုမြို့ထိ သွားရောက် ထိုးနှံရတယ်လို့ ဆိုပါတယ်။ မော်ချီးမှာတော့ ဆေးဝါး မစုံလင်မှု နဲ့ တခြား လိုအပ်ချက်ရှိနေတာကြောင့် ကလေးကာကွယ်ဆေး မထိုးနှံဖြစ်ဘူးလို့ ကလေးမိခင်တစ်ဦး က ပြောပါတယ်။

“ဒီးမော့ဆိုမြို့ဖက်ပြန်ရင်တော့ ထိုးရမှာပဲ။ ဒီးမော့ဆိုဖက်ပြန်ရင်တော့ ( OG ) ပြန်အပ်တော့မှာလေ။ ဒီမှာက သွားမေးသေးတယ် ထိုးပေးလို့ရတယ်တဲ့ ဆေးမရှိဘူးတဲ့။ ထိုးပေးလို့ရတယ်ဆိုတော့ ကိုယ့်စိတ်မချတော့ဘူးလေ ဆေးဆရာမတော့ ဆေးဆရာမပဲ။ ဒါပေမယ့် ကလေးပိုင်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ဆရာမ မဟုတ်တော့ ကိုယ်လည်းနည်းနည်းကြောက်တယ်။” လို့ သူက ဆိုပါတယ်။

မော်ချီးဒေသဘက်မှာ တော်လှန်ရေးကာလအတွင်း ကလေးငယ်တွေအတွက် ကာကွယ်ဆေးလာရောက်ထိုးနှံပေးတဲ့ အဖွဲ့အစည်းမရှိဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။ ၂နှစ် အောက်ကလေး ကာကွယ်ဆေး မထိုးနှံနိုင်ပါက နောက်ဆက်တွဲအနေနဲ့ ရေကျောက်ပေါက်တာ ဝက်သက်ပေါက်တာ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

” ကာကွယ်ဆေးကတော့ အမျိုးမျိုးရှိတယ်ပေါ့နော်။ ၂ နှစ်အတွင်းမှာ ထိုးပေးတဲ့ကာကွယ်ဆေးကတော့ အဓိကက ဝက်သက်တို့ ရေကျောက်တို့ဆို တကယ်လို့ဖြစ်ခဲ့ရင်တောင် သက်သာတာပေါ့နော။ ကာကွယ်ဆေးထိုးထားရင်လည်း ခံနိုင်ရည်ရှိတာပေါ့။ ကာကွယ်ဆေးမထိုးထားရင် အဲ့ရောဂါတွေ ပိုပြီး ခံစားရတယ်ပေါ့ ကလေးအသေအကြေလည်း ပိုများမှာပေါ့” လို့ သူနာပြု ဆရာမ တစ်ဦးက ဆက်ပြောပါတယ်။

အာဏာသိမ်းကာလ နောက်ပိုင်း၊ မော်ချီးဒေသမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဆေးဝါးသယ်ယူရေးမှာ ပိုမိုခက်ခဲလာတာဖြစ်ပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ကတော့ တစ်နှစ်တာအတွင်း ကျန်းမာရေးဌာနကနေ ၅ နှစ်အောက်ကလေးငယ် ၇ ထောင်ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ ထိုင်း-ကရင်နီ နယ်စပ်တစ်ကြော၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မိုးဗြဲ စတဲ့ မြို့နယ်က ဒေသတချို့တွေမှာ ထိုးနှံပေးနိုင်ခဲ့ပြီး ဘောလခဲ၊ ဖားဆောင်း၊ ရှားတော စတဲ့မြို့နယ်တွေမှာတော့ ကာကွယ်ဆေး မထိုးနှံနိုင်သေးဘူးလို့ IEC ရဲ့ ကျန်းမာရေးဌာန ၊ ဌာနမှူးကြီး ခွန်းဖိလစ်က ပြောပါတယ်။

“ဆေးက ပြဿနာလေ။ ဆေးက တအားစျေးကြီးတော့ သူများ တစ်ထောင်လောက်ပဲပေးရင် ကျနော်တို့ တစ်ထောင်လောက်ပဲ ထိုးရတယ်။ လူတစ်ထောင်စာ တစ်ထောင်လောက်ပဲ ထိုးရတယ်။ လူနှစ်ထောင်စာ နှစ်ထောင်စာလောက်ပဲ ထိုးလို့ရတယ်။ ဆေးတွေ ရလာလို့ရှိရင် ကျနော်တို့ cover area တွေကို ထပ်ချဲ့မယ်။ cover ပိုယူလို့ရှိရင် ဒီကလေးတွေကိုလည်း ထပ်ချဲ့မယ် အဲဒီလိုမျိုးတော့ ကျနော်တို့ ပြင်ဆင် စဉ်းစားထားတာရှိပါတယ်။”လို့ ဌာနမှူးကြီး ခွန်းဖိလစ်က ပြောပါတယ်။

လက်ရှိ ကရင်နီပြည်မှာ ကာကွယ်ဆေးထိုးနှံဖို့ လိုအပ်နေတဲ့ ၅ နှစ်အောက် ကလေးငယ် ၃ သောင်းကျော်ရှိနေတယ်လို့ ၂၀၂၃ ခုနှစ်ကုန် နောက်ဆုံးရရှိထားတဲ့အချက်အလက်ကို ကိုးကားပြီး IEC ရဲ့ ကျန်းမာရေးဌာန ဌာနမှူးကြီး ဖိလစ်က ပြောပြပါတယ်။ လာမည့်နှစ်တွေမှာ ကလေးငယ်ကာကွယ်ဆေးအတွက် တည်ငြိမ်တဲ့ဒေသတွေမှာ လစဉ်ထိုးနှံဖို့ နဲ့ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ အနည်းဆုံး တစ်နှစ်သုံးကြိမ် ထိုးနှံပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ IEC ရဲ့ ကျန်းမာရေးဌာနက ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts