spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မော်ချီးဒေသအန္တရာယ်ဇုန်မှာနေတဲ့သူတွေ အပြီးပြောင်းရွှေ့ဖို့ မလိုလားကြ

Author

Date

Category

အန်ထော်နီ

မော်ချီးဒေသ အန္တရာယ်ဇုန်ထဲမှာရှိနေတဲ့ ၁၃ကုန်း ခေါ် ယူကော်ခိုကျေးရွာရှိ နေအိမ် တချို့ကို အပြီးရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပေမယ့်လည်း မြေပြင်မှာ နေထိုင်သူတွေက ခေတ္တသာ ရှောင်ရှားနေတာဖြစ်ပြီး အပြီးပြောင်းရွှေ့ဖို့ မဖြစ်နိုင်ဘူး ဆန္ဒမရှိကြပါဘူး။

လက်ရှိအခြေအနေရမှာတော့ အန္တရာယ်ဇုန်ဖြစ်နေတဲ့အတွက် ဒေသခံတွေက မိုးတွင်းကာလမှာဆိုရင်မနေကြပဲ တခြား ဆွေးမျိုးအိမ်တွေမှာ သွားရောက်နေထိုင်ကြပြီး ပွင့်လင်းရာသီရောက်ရင် အဲဒီမှာပြန်လာနေပြီး ခဲလုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။

ဒေါ်ဖြူဖြူဝင်း က “သူတို့ကရွှေ့ခိုင်းတာတော့မဟုတ်ဘူး။ အိမ်ကိုတော့မရွှေ့ခိုင်းဘူး။ လူကိုပဲ ရှောင်ခိုင်းတာပေါ့။ တကယ်လို့ဂဲလုံးတွေကျလာရင် အန္တရာယ်ရှိတယ်ဆိုတော့သူတို့မှာ တာဝန်ရှိတာပေါ့နော်။ အိမ်ရွှေ့လို့တော့ တရားဝင်မကြေငြာသေးဘူး။ အခုထိလည်းမရွှေ့ခိုင်းသေးဘူး။ တကယ်လို့နေမယ်ဆိုရင် ညတော့မအိပ်နဲ့ပေါ့။ ညကြရင်တော့ရှောင်ပေးပေါ့။ မိုးများရင် အန္တရာယ်ဖြစ်မှာစိုးလို့ပေါ့။” လို့ ပြောပါတယ်။

အာဏာပိုင်တွေက ရွှေ့ပြောင်းခိုင်းတာမဟုတ်ပဲ အန္တရာယ်ကျရောက်မှာစိုးလို့ ရှောင်ခိုင်းတာပဲဖြစ်တယ်လို့ သူက ယူဆထားပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းက ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် တခြားသက်ဆိုင်ရာ ဌာနဆိုင်ရာတွေကနေပြီး ကွင်းဆင်းစစ်ဆေးရာမှာ အဲဒီအန္တရာယ်ဇုန်ထဲမှာ မနေကြဖို့ အပြီးပြောင်းရွှေ့ကြဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ညွန်ကြားထားပါတယ်။

၁၃ကုန်းခေါ် ယူကော်ခိုကျေးရွာ အုပ်ချုပ်ရေးမှူးဦးဆန်းဝင်းက “ သူတို့နဲ့လည်း လူစုံမတွေ့ရဘူး။ ဟိုဘက်ဒီဘက်ပြောင်းရွှေ့နေတော့ လူစုံမတွေ့ရဘူး။ ခုနက ပြောသလို သူတို့ကတော့အဲ့လိုမျိုး ဒီ ၂၅ လုံးကိုတော့ ရွှေ့ပြောင်းဖို့ကိစ္စကိုတော့ပြောသွားတယ်။ ခုနကပြောသလိုမျိုးဟိုနားကနေရာလေးကိုတော့ အဲ့ဒီလက်ပွတ်ပင် KB-0 တို့ဆင်းတဲ့လမ်းအဲ့နားတစ်နေရာတော့ ကုမ္ပဏီတွေ ဘာတွေနဲ့ ညိုနိုင်းပြီးတော့မှဆောင်ရွက်ပေးမယ်လို့တော့ရှိတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ဒါ ၅ သောင်းကနေ ၁ သိန်းပေါ့။ သူတို့ကို ထွေအုပ်ကိုမေးလိုက်တော့ ထောက်ပံ့ကြေးက ဘယ်လောက်လောက်ရှိလဲတော့ ၅ သောင်းကနေ ၁ သိန်းလောက်ပဲရှိတယ်အဲလောက်ပဲ။” လို့ ပြောပါတယ်။

ဌာနပေါင်းစုံကနေ တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာကုမ္ပဏီတွေက နှစ်ရက်ဆက်တိုက်လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ပြီးတော့ ရွေ့ပြောင်းဖို့အတွက် ရာအိမ်မှူးတွေကို မှာကြားသွားကြတာဖြစ်ပါတယ်။
အိမ်တန်ဖိုးနဲ့ ရွှေ့ပြောင်းသယ်ယူရေးစရိတ်က ခန့်မှန်း ငါးသောင်းနဲ့ တစ်သိန်းကြားမှာသာ ရတဲ့အတွက် မရွှေ့ပြောင်းနိုင်ဘူးလို့ နေအိမ်ပြောင်းရွှေ့မည့်စရင်ထဲမှာ ပါဝင်နေတဲ့ ဒေါ်တင်မာစိုး ကပြောပါတယ်။

၎င်းက “ ပါတယ် ကျမအိမ်ပါတယ်။ ဒါပေမယ့်တော့ ကျမတော့မပြောင်းရွှေ့နိုင်ဘူး ဘာဖြစ်လို့မပြောင်းရွှေ့နိုင်လဲဆိုရင် ဒီနေရာမှာပဲ ကျမနေလာတယ် ဒီနေရာမှာပဲ လုပ်စားတတ်တဲ့အတွက် အဲ့တာကြောင့်မလို့ ကျမပြောင်းရွှေ့နိုင်ပါဘူး။ နောက်ပြီးတော့လက်ရှိ ကိုယ့်အိုးအိမ်ရှိတဲ့ဟာကို အိုးမဲ့အိမ်မဲ့ဘဝမျိုးလည်း ကျမမရောက်ချင်ဘူး” ဒေါ်တင်မာစိုးကပြောပါတယ်။

ဒေါ်တင်မာစိုးတို့မိသားစုက လက်ရှိ ယူကော်ခိုကျေးရွာထဲက အိမ်နီးနားချင်းတွေမှာ ခေတ္တရှောင်နေရသူဖြစ်ပြီး ပွင့်လင်းရာ သီချိန်ရောက်ရင် အဲဒီနေအိမ်မှာ ပြန်ပြီးတော့နေ့ဘက်မှာ ခဲသတ္တုလုပ်ငန်းကိုလုပ်ကိုင်လျက်ရှိပါတယ်။

အိမ်ရွှေ့ပြောင်းဖို့အတွက် တိကျတဲ့နေရာအသစ်ကို အစိုးရက သတ်မှတ်ထားခြင်းမရှိသေးပေမယ့် ဒေသခံတွေအနေနဲ့ ခဲလုပ်ကွက်နှင့်ဝေးကွာသွားမှာကိုစိုးရိမ်နေကြတာပါ။ ဒါ့အပြင် အခုလိုရွေ့ပြောင်းဖြစ်ခဲ့မယ်ဆိုရင် နောက်ပိုင်းမှာ ကုမ္ပဏီတွေအနေနဲ့ အဲဒီနေရာကို ခဲသတ္တလုပ်ငန်းတွေ လုပ်ကိုင်သွားမှာကိုလည်း ဒေသခံများထင်မြင်စိုးရိမ်နေကြတာဖြစ်ပါတယ်။

ဒီနေရာကိုပြောင်းရွှေ့ခိုင်းပြီး လုပ်ငန်းတွေ တိုးချဲ့ဖို့ အစီအစဉ်မရှိဘူးလို့ မော်ချီးခဲသတ္တုလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ရဲထွဋ်ကျော်ကုမ္မဏီက မန်နေဂျင်းဒါရိုက်တာ ရဲထွဋ်တင်က ပြောပါတယ်။

“သူများလိုကောလဟာလပြောသလို ဒီတောင်မှာ လူတွေကိုရွှေ့တယ်ဖယ်တယ် ပြီးရင် ဒီတောင်ကို ဖြိုချမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဖြိုရင်လည်းရှုံးမှာပဲလေး။ လုပ်လို့လည်းမရပါဘူး။ လုပ်မှာလည်းမဟုတ်ပါဘူး။”

ရွေးကောက်ပွဲတွင်အနိုင်ရရှိပါက ထိုကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမယ်လို့ ဖာဆောင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDPမှ ဒေါ်နော်မာကရက်စိန် ကပြောပါတယ်။

၎င်းက “ကျမတို့လူထုတွေ ခဲ ကိုရေရှည်ဘယ်လိုလုပ်စားမလဲ မပျက်စီးအောင်ဘယ်လိုထိန်းသိမ်းမလဲဆိုတာ။ အခုလက်ရှိပျက်စီးတယ်သူတို့ပြောတယ်နေား အန္တရာယ်ဇုန်လို့ပြောတယ် ကျမသာအနိုင်ရခဲ့မယ်ဆိုရင် ဘယ်လိုထိကောင်းအောင် ဘယ်လိုကာကွယ်မလဲ ဘယ်လိုနည်းပညာတွေရှာတော့မယ်။ နောက်ပြီးလက်ရှိ သတ္တဥပဒေအရဆိုလည်း ပြည်သူတွေအတွက်ဆိုရင်လည်း ပြည်သူအတွက်အကျိုးခံစားခွင့်ကမရှိဘူး ဒီးထက်ကောင်းတဲ့ဥပဒေတွေကို ကျမတို့ဘယ်လိုရေးဆွဲနိုင်မလဲ။ ဒီမော်ချီးတစ်ပိုင်းလုံးမှာရှိတဲ့ပြည်သူတွေအတွက် လုပ်ပေးချင်လို့ပဲ ကျမမှာ အစီအစဉ်တွေရှိပြီးသား အဲ့တာကြောင့် ကျမရွေးကောက်ပွဲဝင်ခြင်းသည် မော်ချီးသူမော်ချီးသားတွေအကုန်လုံး ခဲသတ္တကို ရေရှည်ဘယ်လိုလုပ်စားမလဲ ဘယ်လိုကာကွယ်မလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျမဝင်ရောက်ခြင်းဖြစ်တယ်ပေါ့နော်။” ဒေါ်နော်မာကရက်စိန် ကပြောပါတယ်။

အန္တရာယ်ရှိတဲ့ လုပ်ကွက်တွေမှာ နေထိုင်နေကြသူတွေကို နေအိမ်တွေ ပြောင်းရွှေ့ခိုင်းထားပြီးတော့ ခဲသတ္တုလုပ်ငန်းတွေ ခဲကျင်းလုပ်ငန်းတွေကိုလည်း ရပ်နားထားခိုင်းတယ်လို့ ရဲထွဋ်ကျော်ကုမ္မဏီက မန်နေဂျာဒါရိုက်တာ ရဲထွဋ်တင်က ပြောပါတယ်။

“ကျနော်တို့က အန္တရာယ်ရှိတဲ့ နေရာမှန်သမျှကို လုပ်ကိုင်ခွင့်လည်းမပေးထားဘူး။ နေထိုင်ခွင့်လည်းမပေးထားဘူး။ ဘာကြောင့်လဲဆိုတော့ အသက်အန္တရာယ်ကို ကာကွယ်ပေးတာပဲ။ ဒါပေမယ့် တချို့ မတော်လောဘနဲ့လူတွေက ဘယ်လိုပြောမလဲ ပြောလို့မရဘူး။ ခိုးလုပ်တာရှိတယ်။ တူးနေတာရှိတယ်။ တခုခုဖြစ်သွားရင်လည်း ကုမ္မဏီမှာ တာဝန်ရှိတယ်။ တာဝန်ရှိတဲ့အတွက် ကျနော်တို့က အဖြစ်မခံဘူး။ သက်ဆိုင်ရာဌာနတွေ အစိုးရအဖွဲ့တွေကို တင်ပြပြီးတော့မှ ကျနော်တို့က ပူးပေါင်းဆောင်ရွက်ပေးနေတာပါ။ အထူးသဖြင့်အဓိကကတော့ ကျနော်တို့ရည်ရွယ်က လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းဖို့နဲ့ လူ့အသက်အန္တရာယ်ကို ကာကွယ်ပေးဖို့ပါပဲ။” လို့ ရဲထွဋ်တင်က ပြောပါတယ်။

ပြောင်းရွှေ့ဖို့ မြေနေရာတွေအတွက် လမ်းပန်းဆက်သွယ်ရေး၊ ရေ ၊ လျှပ်စစ်မီး စတဲ့လိုအပ်ချက်တွေကို ရွားသားတွေနဲ့တိုင်ပင်ပြီး ကုမ္မဏီတွေဘက်ကနေ စီစဉ်ပေးနိုင်တယ်လို့ ရဲထွဋ်တင်က ပြောပါတယ်။

၁၃ကုန်းခေါ် ယူကော်ခိုကျေးရွာ အုပ်ချုပ်ရေးမှူးဦးဆန်းဝင်း ပြောကြားချက်အရ ပြောင်းရွှေ့ဖို့ ပါတဲ့စားရင်းတွေကတော့ အိမ်ခြေ ၂၅ လုံးပါရှိပြီး ရဲထွဋ်ကျော်ကုမ္မဏီက မန်နေဂျင်းဒါရိုက်တာ ရဲထွဋ်တင်ရဲ့ ပြောကြားချက်ကတော့ အိမ်ခြေ ၁၇ သာပါရှိတယ်လို့ ပြောပါတယ်။

မော်ချီးဒေသမှာ လက်ရှိအချိန်ထိ ကြီးမားတဲ့ မြေပြိုမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၉၈၅ခုနှစ် မှာ ပထမအကြိမ်၊ ၁၉၈၈ခုနှစ် မှာ ဒုတိယအကြိမ် နဲ့ ၂၀၁၅ခုနှစ်မှာ တတိယအကြိမ် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနဲ့ လူနေအိမ်များ ပျက်ဆီး ခဲ့ရတယ်လို့ သိရပါတယ်။

မော်ချီးခဲသတ္တုလုပ်ငန်းက နှစ်ပေါင်းတစ်ရာကျော်ကြားရှိခဲ့တာဖြစ်ပါတယ်။ မော်ချီးဒေသမှာတော့ တရားဝင် လုပ်ကွက် စုစုပေါင်း ၁၂၆ ကျဉ်း ရှိပြီး လုပ်သားဦးရေ ၁၃၀၇ ဦးရှိပါတယ်။

spot_img
spot_img

Recent posts