
အမည် – မော်မိုးမြာ
အသက် – ၂၇
လူမျိုး – ကယား
မဲဆန္ဒနယ် – ရှားတောမြို့နယ်(ပြည်သူ့လွှတ်တော်)
ပါတီ – ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ
ပညာအရည်အချင်း – B.A(Geog)
အလုပ်အကိုင် – လယ်ယာ
ပါဝင်လှုပ်ရှားခဲ့သော အဖွဲ့အစည်းများ –
ကရင်နီအမျိုးသားလူငယ်အစည်းအရုံး(KNYO)
ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY)
နိုင်ငံရေးလှုပ်ရှားမှု –
သူမသည် ၂၀၁၃ ခုနှစ်တွင် ကရင်နီအမျိုးသားလူငယ်အစည်းအရုံး(KNYO)သို့ စတင်ဝင်ရောက်ခဲ့ပြီး ပြည်နယ်တွင်းရှိ လူငယ်နှင့် အမျိုးသမီးတို့၏ အသိပညာမြင့်တင်ရေးအစီအစဥ်များတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။
ပြည်နယ်ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ကြီးမားသောတက်ရောက်မှုဖြစ်စေနိုင်သည့် အကြီးစားစီမံကိန်းများအား စောင့်ကြည့်လေ့လာခြင်းတို့တွင် အချိန်ပြည့်ပါဝင်ဆောင်ရွက်ခဲ့သည်။
ထို့နောက် သူမ၏ စိတ်အားထက်သန်မှု နှင့် ခေါင်းဆောင်မှု စွမ်းရည်တို့ကြောင့် ကရင်နီအမျိုးသားလူငယ်အစည်းအရုံး(KNYO)တွင် (၂၀၁၆ မှ ၂၀၁၈အထိ) အတွင်းရေးမှူး(၂)အဖြစ်လည်းကောင်း (၂၀၁၈ မှ ၂၀၂၀အထိ) အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။
၎င်းတာဝန်များ ထမ်းဆောင်ရင်းတစ်ချိန်တည်းမှာပင် ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY)တွင်လည်း မိခင်အဖွဲ့အစည်းဖြစ်သည့် ကရင်နီအမျိုးသားလူငယ်အစည်းအရုံး(KNYO)၏ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့ရာမှ ၂၀၁၆ခုနှစ်တွင် ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY)တွင် ဗဟိုကော်မတီဝင် ဖြစ်လာပြီး ၂၀၁၉ ခုနှစ်အထိ ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY)၏ အထွေထွေအတွင်းရေးမှူး(၂)အဖြစ် တာဝန်ယူကာ ပြည်နယ်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား သင့်မြတ်ရေးလုပ်ငန်းတွင် ဦးဆောင်ပါဝင်ခဲ့သည်။ တဆက်ထဲမှာပင် ကရင်နီပြည်အမျိုးသားညီလာခံ၏ ရည်မှန်းချက်များကို ဖော်ဆောင်ခြင်း နှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဥ်တို့တွင် ဦးဆောင်ပါဝင်ခဲ့သည်။
လွိုင်ကော်၊ဒီမောဆို၊ဖရူဆိုမြို့နယ်များတွင် တပ်မတော်နှင့် ကုမဏ္ဏီအချို့တို့၏ လယ်ယာမြေ သိမ်ဆည်းခြင်းကို ခံခဲ့ရသော အဖိနှိပ်ခံ ရှမ်း၊ကယန်း၊ကယား တိုင်းရင်းသားလူထုများနှင့်အတူ သိမ်းဆည်းမြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲများကိုလည်း ရဲရဲတောက် ဆင်နွှဲခဲ့သူ ဖြစ်ပါသည်။
၂၀၁၇ တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ရဲဘော်(၃)ဦး နှင့် အရပ်သား(၁)ဦးကို တပ်မတော်မှ ပစ်သတ်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဥ်တွင် ပြည်နယ်အဆင့်ငြိမ်းချမ်းရေး မပျက်ပြားစေရေး နှင့် တရားမျှတမှုအတွက် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ရာတွင် အမျိုးသမီးခေါင်းဆောင် အနေဖြင့် ပါဝင်ခဲ့ပါသည်။
သူမသည် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အား ကန့်ကွက်သော လှုပ်ရှားမှုတွင်လည်း အမျိုးသမီးခေါင်းဆောင်အနေဖြင့် စစ်ကြောင်းတစ်ခုကို ဦးဆောင်ပါဝင်ခဲ့ပါသူ ဖြစ်သည်။၎င်းကိစ္စနှင့်ပတ်သတ်၍ အာဏာပိုင်တို့ရဲ့ တရားစွဲဆိုခြင်းကြောင့် တစ်နှစ်ကျော်ကြာ အမှုရင်ဆိုင်ခဲ့ရသည်။
ပြည်နယ်အဆင့်၊ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်လည်း နည်းပညာအထောက်အကူပေးသူအဖြစ်ပါဝင်ကာ ငြိမ်းချမ်းရေးဖြစ်စဥ်များကို အနီးကပ်လေ့လာ သင်ယူထားသူ ဖြစ်သည်။
လူမှုရေးလှုပ်ရှားမှုအနေဖြင့် သူမသည် သူမထံလာရောက်တိုင်ကြားသော မုဒိမ်းမှု၊အိမ်တွင်းအကြမ်းဖက်မှုအပါအဝင် အခြားသောပြဿနာများကိုပါ သူမတတ်နိုင်သည့်ဘက်မှ စိတ်အားထက်သန်စွာ ပါဝင်ကူညီလေ့ရှိသူလည်း ဖြစ်သည်။
တန်းတူညီမျှ ခံစားခွင့်မရှိသေးသော လူနည်းစုတိုင်းရင်းသားများအတွက် လွှတ်တော်နိုင်ငံရေးနည်းလမ်းဖြင့် လုပ်ဆောင်နိုင်ပါက ပိုမိုထိရောက်မည်ဟု ယုံကြည်၍ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီသို့ ဝင်ရောက်ခဲ့သည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ရှားတောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာသို့ ဝင်ရောက်အရွေးကောက်ခံရန် သူမအား တာဝန်ပေးခဲ့ပါသည်။