spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“မြတ်ဗေဒါ”အဖွဲ့နှင့် တစ်နိုင်တစ်ပိုင်ဝက်မွေးမြူရေး

Author

Date

Category

နော်ဒွေးအယ်ခူ

ဒီမော့ဆိုမြို့အနောက်ဖက်ခြမ်းမှာရှိတဲ့ ဒေါက်ရောက်ခူ အုပ်စုအတွင်းက မသန်စွမ်းများ စုစည်းထားတဲ့ အဖွဲ့ငယ်လေးတစ်ဖွဲ့ရှိပါတယ်။ အဖွ့ဲဝင် ၃၇ယောက်နဲ့ဖွဲ့စည်းထားပြီး အဲဒီအဖွဲ့ကို “မြတ်ဗေဒါ” မသန်စွမ်းသူများအသင်း လို့ အမည်ပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ မှ စတင်ဖွဲ့စည်းခဲ့တဲ့ “မြတ်ဗေဒါ” မသန်စွမ်းအသင်းတည်ရှိတာ တစ်နှစ်ပြည့်ပြီပဲဖြစ်ပါတယ်။

ဒေါရောက်ခူအုပ်စုအတွင်းက ဒေါရောက်ခူကျေးရွာ၊ လေမအန်းခူ၊ ခူးဘာတို၊ ဟန်လီ၊ ဒေါဝယ်ကူး၊ ဖေါ်ငံ၊ ဖရူးခေါ စတဲ့ ကျေးရွာ (၇) ရွာမှ မွေးရာပါ အကြားအာရုံ ကိုယ်အင်္ဂါ ညဏ်ရည် မသန်စွမ်းသူများ၊ မတော်တဆကြောင့် ရရှိလာတဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ နဲ့ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။

ဒေါရောက်ခူအုပ်စုမှာ မသန်စွမ်း အများအပြားရှိပြီး တစ်နိုင်တစ်ပိုင် အသေးစားစီမံကိန်းတစ်ခုကို ငွေရေးကြေးရေးအတွက် လျှောက်ထားချင်တာကြောင့် အသင်းအဖွဲ့တစ်ခုအနေနဲ့ တည်ထောင်ဖွဲ့စည်းခဲ့တယ်လို့ “မြတ်ဗေဒါ” မသန်စွမ်းအဖွဲ့ရဲ့ ဒုက္ကဌဖြစ်တဲ့ ခွန်းနန်းရီက စတင်ဖွဲ့စည်းဖြစ်ခဲ့တဲ့အကြောင်းရင်းကို ပြောပြပါတယ်။

“ဒေါရောက်ခူအုပ်စုမှာ မသန်စွမ်းတွေ တအားများတယ် ဆင်းလည်းဆင်းရဲတယ် အဲဒါလည်း ကျတော်လည်းအဖွဲ့အစည်းတည်ထောင်တာပေါ့။ မသန်စွမ်းသူများလည်း မျှမျှတတ တစ်အုပ်စုလုံး တည်ထောင်ချင်တာပေါ့။ရပ်ရွာအလိုက် အုပ်စုလိုက် ဖွံ့ဖြိုးရေးအတွက် တည်ထောင်ချင်တာပေါ့” လို့ သူကပြောပြပါတယ်။

သူတို့အဖွဲ့ကို အသေးစားထောက်ပံ့မှုပေးတဲ့အဖွဲ့ကတော့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ ရုံးဖွင့်လှစ်ထားတဲ့ ABILIS Foundation (မြန်မာနိုင်ငံရုံး) ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်၊ သြဂုတ်လအတွင်းမှာ အသေးစားထောက်ပံ့မှုကို ရရှိခဲ့တာဖြစ်ပြီး စီမံကိန်းကာလ ၂၀၂၂ အထိ ဖြစ်ပါတယ်။ အသေးစားစီမံကိန်းအောင်မြင်မယ်ဆိုရင် ထပ်မံ၍ အသေးစား၊ အလတ်စား စီမံကိန်းကို လျှောက်ခွင့်ရှိတယ်လို့ ABILIS Foundation (မြန်မာနိုင်ငံရုံး) မှ တာဝန်ရှိသူကပြောပါတယ်။

ABILIS Foundation ကို မသန်စွမ်းသူများကိုယ်တိုင် ၁၉၉၈ခုနှစ်မှာ ဖင်လန်နိုင်ငံတွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများရှိ မသန်စွမ်းသူများ အခွင့်အရေးများ တိုးတက်ရရှိလာစေရေး၊ တန်းတူအခွင့်အရေးများ ခံစားရရှိလာစေရေး နဲ့ ဘဝရပ်တည်လာနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။

“အဖွဲ့တွေက စီမံကိန်းလျှောက်တဲ့အခါမှာ သူတို့ရဲ့ လုပ်ချင်တဲ့စိတ်ဆန္ဒဘယ်လောက်ထိရှိလဲ အဖွဲ့ဝင်တွေကော ညီညွတ်လား အဲဒါတွေကို သူတို့ဆီသွားတဲ့အခါမှာ တွေ့တာတွေကို ဒီဖက်မှာတင်ပြရတယ်။ ရုံးချုပ်ကိုပို့ရတယ် ရုံးချုပ်ကနေ စီမံကိန်း အောင်မြင်တယ် မအောင်မြင်ဘူး အကြောင်းပြန်ကြားတယ်ပေါ့” လို့ ABILIS Foundation မှ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူး မစိုးမိုးဦးက ပြောပါတယ်။

ABILIS Foundation ဟာ ရပ်ရွာလူထုအတွင်းရှိ မသန်စွမ်းသူများနှင့် မသန်စွမ်းအဖွဲ့အစည်းများကို ဘဏ္ဍာငွေ နဲ့ နည်းပညာများ ပံ့ပိုးပေးလျက်ရှိပါတယ်။

အဲလိုပံ့ပိုးတဲ့အခါမှာ မသန်စွမ်းအဖွဲ့များ ရေရှည်ရပ်တည်လာနိုင်ရေးနှင့် မသန်စွမ်းသူများ စွမ်းရည်မြှင့်တင့်ရေး လုပ်ငန်းစဉ်များအတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး ဆင်းရဲနွမ်းပါးမှုလျော့ချရေးအစီအစဉ်များ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ဝင်ငွေတိုးလုပ်ငန်းများ၊ မသန်စွမ်းမှုဆိုင်ရာအမြင်ဖွင့်အစီအစဉ်များ၊ မသန်စွမ်သူများအရေးကိစ္စများကို တိုက်တွန်းစည်းရုံးခြင်းအစီအစဉ်များ၊ သတင်းအချက်အလက်များဖြန့်ဝေခြင်း အစီအစဉ်များ စတဲ့ အရာတွေကို ပံ့ပိုးပေးပါတယ်။

နည်းပညာပံ့ပိုးတဲ့နေရာမှာလည်း စီမံကိန်းများရေးဆွဲခြင်း၊ စီမံကိန်းများအား ကြီးကြပ်ခြင်း၊ အစီရင်ခံစာများရေးသားခြင်း၊ စွမ်းရည်မြှင့်သင်တန်းများ ပံ့ပိုးပြီး စီမံကိန်းထောက်ပံ့ငွေများကို ABILIS Foundation ရုံးချုပ်(ဖင်လန်) မှ တိုက်ရိုက်ပံ့ပိုးထားပါတယ်။

ပံ့ပိုးမှုတောင်းခံ့တဲ့အဖွဲ့အစည်းတွေရဲ့လိုအပ်ချက်နှင့် လုပ်ကိုင်နိုင်စွမ်းအပေါ်မူတည်ပြီး အသေးစားပံ့ပိုးမှုအဖြစ် ယူရိုငွေ (၅၀၀)မှ (၃၅၀၀)အတွင်း ပံ့ပိုးပေးခြင်း၊ အလတ်စားပံ့ပိုးမှုအဖြစ် ယူရိုငွေ ၃၅၀၀ မှ၁၀၀၀၀ အထိ ပံ့ပိုးပေးခြင်း၊ အကြီးစားပံ့ပိုးမှုအဖြစ် ယူရိုငွေ ၁၀၀၀၀ မှ ၂၀၀၀၀ အထိ ပံ့ပိုးပေးတာပဲဖြစ်ပါတယ်။

“မြတ်ဗေဒါ” မသန်စွမ်းအဖွဲ့ဟာဆိုရင် အသေးစားပံ့ပိုးမှုရရှိထားပြီး မြန်မာငွေ ၅၂သိန်းကျော်နဲ့ ဝက်မွေးမြူရေးလုပ်ငန်းကို စတင်အကောင်အထည်ဖော်နေပါတယ်။

၎င်းတို့အဖွဲ့အနေနဲ့ အဖွဲ့ဝင်တစ်ဦးလျှင် ၇သောင်းကျပ်နှုန်းဖြင့် တစ်နိုင်တစ်ပိုင် ဝင်ငွေရဖို့အတွက် အသေးစား ဝက်မွေးမြူရေးစီမံကိန်းကို လုပ်ဆောင်နေတာပါ။ ဝက်က လျင်မြန်စွာ ကြီးထွား သားပေါက်နိုင်တာကြောင့် ဝက်မွေးမြူရေးကို ရွေးချယ်ခဲ့ကြပြီး ဒေသထွက် ဝက်ကိုသာ မွေးမြူထားပါတယ်။

ဝက်ရောင်းလို့ရတဲ့ ငွေကနေတဆင့် တစ်စိတ်တစ်ပိုင်းကို အသင်းရဲ့ရန်ပုံငွေအနေနဲ့ထားရှိရမှာပဲဖြစ်ပါတယ်။

“ဘာဖြစ်လို့မွေးတာလဲဆိုရင် ဝက်က ခနလေးနဲ့ အကောင်ထည်တွေ့ရမလားလို့ တစ်နှစ်ဆိုရင် လေး ငါးသုတ်လောက်ရှိတယ်ကော ဒါကြောင့်မလို့ ခနလေးရတဲ့ဟာပဲမြင်ချင်ကြတော့ အမြန်ဆုံးပိုက်ဆံဘာရမလဲလို့ဆွေးနွေးကြတော့ ဝက်မွေးတာ အားလုံးသဘောတူကြပြီးတော့ဝက်မွေးတာပေါ့” လို့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးလီဘယ်ရားသူ က ပြောပါတယ်။

အသင်းအဖွဲ့အနေနဲ့ကိုယ်စားပြုပြီး မသန်စွမ်း စွမ်းဆောင်ရည်မြှင့်တင်တဲ့သင်တန်းတွေကိုလည်း အဖွဲ့ဝင်တွေက သွားတက်ပြီး ရပ်ရွာထဲ ပြန်လည်ပို့ချပေးတယ်လို့ ဆိုပါတယ်။

ဦးလီဘယ်ရားသူ ကဆက်လက်ပြီး “မသန်စွမ်းတွေက တန်းတူအခွင့်အရေးရတယ်ဆိုပြီးတော့ ကိုယ်ကလည်း အားပိုရှိတာပေါ့။ နောက်ပြီး ရွာထဲမှာ ပြန်ပြောပြပေးတယ် ပြန်ပို့ချပေးတယ် ဒါကြောင့်မလို့ ကိုယ်မသိသေးတဲ့ဟာ ဆရာမပြောပြခါကျတော့ ကိုယ်နားလည်သွားတော့ ကိုယ့်အတွက်လည်းအကျိုးရှိတာပေါ့” လို့ဆက်ပြောပါတယ်။

ABILIS Foundation ရဲ့လုပ်ငန်းစဉ်တွေဟာ မသန်စွမ်းအဖွဲ့ငယ်များကို ဗဟိုပြုဆောင်ရွက်သော စီမံကိန်းဖြစ်ပြီး ဘဏ္ဍာငွေ ပံ့ပိုးတဲ့နေရာမှာ မသန်စွမ်းအဖွဲ့အစည်းများ ကိုယ်တိုင်ရေးဆွဲအကောင်အထည်ဖော်သော စီမံကိန်းများကိုသာ ပံ့ပိုးပြီး မသန်စွမ်းအများစုကို ကိုယ်စားပြုတဲ့ စီမံကိန်းများကိုသာ ပံ့ပိုးထားတာပါ။

မြတ်ဗေဒါအသင်းရဲ့အဖွဲ့ဝင်အားလုံးဟာ ကိုယ်ကိုယ်တိုင် မသန်စွမ်းသူများမဟုတ်ပါ။ မတော်တဆမှုကြောင့် မသန်စွမ်းဖြစ်သွားကြတဲ့ ကလေးတွေရဲ့ကိုယ်စား မိခင် သို့မဟုတ် ဖခင် က အသင်းအဖွဲ့ဝင်အဖြစ် ပါဝင်နေကြတာပဲဖြစ်ပါတယ်။

မတော်တဆမှုကြောင့် လက်ကျိုးသွားတဲ့ သားကိုယ်စား အဖွဲ့ဝင်ဖြစ်လာတဲ့ ဒေါ်ဝယ်ကူးရွာရှိ ဒေါ်မူလွမ်းကတော့ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူရေးနဲ့ပတ်သက်ပြီး ခုလိုပြောပါတယ်။

“သားအတွက် ဝက်ကိုကြီးအောင်မွေးမယ်ပေါ့။ ကြီးကျရင် ထုတ်မယ် ထုတ်ပြီး ရတဲ့ပိုက်ဆံကိုတော့ သားအတွက် အသုံးပြုပေးမယ်” လို့ ဒေါ်မူလွမ်းက ပြောပါတယ်။

ဒေါက်ရောက်ခူကျေးရွာမှာနေထိုင်တဲ့ ဒေါ်အန်ဆွန်းသာကလည်း ကျေးရွာဥက္ကဌရဲ့ပြောကြားချက်အရ “မြတ်ဗေဒါ” မသန်စွမ်းအသင်းထဲ သမီးကိုယ်စား အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ သူမရဲ့သမီးဟာ ၆လသားအရွယ်မှာ အပျင်းဖျားပြီး အကြားအာရုံ၊ ကိုယ်အဂါၤ၊ ညဏ်ရည်ချို့တဲ့ သွားတာဖြစ်ပါတယ်။

“ ကိုယ်တအားပူတယ်လေ ဒီရွာမှာပဲနေတယ် ဆေးရုံမတက်ဘူးလေ ဆေးရုံတက်လို့ရှိရင်တော့ ကိုယ်ကူကျနိုင်တယ်ထင်တယ်။ ရွာထဲမှာပဲနေတယ် ဆေးခနခဏထိုးတယ် အရမ်းထိုးတယ် အကြောတက်ပြီးတော့ တစ်လလုံးသတိလစ်ပြီး အဲလိုမျိုးဖြစ်သွားတယ်။ ဆေးလည်းထိုး သောက်လည်းသောက် နှိပ်လည်းနှိပ်ပေးတယ်လေ။ ဒီရွာမှာပဲကုတယ် မသက်သာဘူး ဒီလိုမျိုးဖြစ်သွားတယ်” လို့ သူမကပြောပြပါတယ်။

၎င်းတို့အဖွဲ့ထဲက မသန်စွမ်းအများစုမှာ မွေးရာပါ ကိုယ်အင်္ဂါချို့တဲ့သူ အများစုဖြစ်ပါတယ်။

၂၀၁၅ခုနှစ် ဇွန်လ ၅ရက်နေ့မှာ မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် ပြဌာန်းခဲ့ပြီး နည်းဥပဒေကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလ၂၇ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ မသန်စွမ်းသူများ၏ အခွင့်အရေး ပုဒ်မ ၉၂၊ ပုဒ်မ(ခွဲ)အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နည်းဥပဒေကို ထုတ်ပြန်ခဲ့ပါတယ်။

မသန်စွမ်းသူများ၏အခွင့်အရေး ဥပဒေရဲ့ အခန်း(၁၂) ဖော်ပြချက်အရ မသန်စွမ်းသူများအသင်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် မှတ်ပုံတင်ခြင်းတွင် မသန်စွမ်းအသင်းအဖွဲ့များနှင့် လိုက်ပါဆောင်ရွက်လျက်ရှိတဲ့ အဖွဲ့အစည်းအနေဖြင့် ဥပဒေပါအခွင့်အရေးများ၊ လိုအပ်တဲ့ နည်းပညာများ၊ ကူညီပံ့ပိုးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရရှိရေးအတွက် ၎င်းတို့၏ဆန္ဒအလျောက် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း ပါရှိပါတယ်။

သို့သော် မှတ်ပုံတင်ဆောင်ရွက်ခြင်းလုပ်ငန်းကို ပြည်ထောင်စုအဆင့်မှာ အကောင်ထည်ဖော်ဆောင်ရွက်နေပေမယ့် ကယားပြည်နယ်အတွင်းမှာ လက်ရှိအချိန်ထိ ဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့အတွက် “မြတ်ဗေဒါ” မသန်စွမ်းအသင်းဟာ အစိုးရအသိအမှတ်ပြုထားခြင်းမရှိတာကြောင့် ဥပဒေပါ အခွင့်အရေးများကို မရရှိသေးပါဘူး။

ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာကော်မတီ ဖွဲ့စည်းထားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဥက္ကဌ တာဝန်ယူထားပါတယ်။

၂၀၁၄ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်ခေါင်းစာရင်းအစီရင်ခံမှာ မြန်မာနိုင်ငံရဲ့မသန်စွမ်းသူဦးရေ ၂သန်းကျော်ရှိပြီး လူဦးရေရဲ့ ၄.၆ရာခိုင်နှုန်းရှိပါတယ်။

ကယားပြည်နယ်ရဲ့ မသန်စွမ်းသူဦးရေဟာလည်း တစ်သောင်းကျော်ရှိပြီး ပြည်နယ်လူဦးရေရဲ့ ၅.၈ရာခိုင်နှုန်းခန့်ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မသန်စွမ်းမှုအမျိုးအစားများအနက် အများဆုံးတွေ့ရှိရတာက အမြင်အာရုံခက်ခဲသူဖြစ်ပြီး ၂.၅ရာခိုင်နှုန်း၊ လုပ်ရှားသွားလာမှုခက်ခဲသူ (ကိုယ်လက်အင်္ဂါချို့တဲ့သူ) ၁.၉ရာခိုင်နှုန်း၊ သင်ယူမှုခက်ခဲသူ ၁.၇ရာခိုင်နှုန်း၊ အကြားအာရုံခက်ခဲသူ ၁.၃ရာခိုင်နှုန်းရှိပြီး အမျိုးသမီးမသန်စွမ်းသူဦးရေက အမျိုးသားမသန်စွမ်းသူဦးရေထက် ရာခိုင်နှုန်းပိုများတယ်လို့ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts