spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မြန်မာနှစ်ဆန်း ၁ ရက်နေ့ စစ်ကောင်စီလွတ်ငြိမ်းခွင့်ထဲမှာ နိုင်ငံရေးအကျဥ်းသား ၁၀၁ ဦးသာပါဝင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက အကျဥ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဥ်းသား ၁၀၁ ဦးသာ ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် ( PPNM ) က ဧပြီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာနှစ်သစ်ကူးအနေနဲ့ စစ်ကောင်စီက အကျဥ်းသား ၃၃၀၃ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဥ်းသား ၄ ရာခိုင်နှုန်းသာ ပါဝင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ကသာ၊ ပေါင်းတည်၊ ကလေး၊ လွိုင်ကော်၊ တောင်လေးလုံး၊ ပဲခူး စတဲ့ အကျဥ်းထောင်တွေကနေ လွတ်မြောက်လာသူတွေမှာ နိုင်ငံရေးအကျဥ်းသားတွေ မပါဝင်ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံရေးအကျဥ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်ပေးလေ့မရှိဘူးလို့ ကရင်နီနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံး (KPPA) ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ထားဖိုးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“အဲ့ဒီမှာ နိုင်ငံရေး လွတ်ငြိမ်းချမ်းသာခွင့်ပေးလို့မရတဲ့ အမှုကြီးတွေရှိတယ်ပေါ့နော။ အဲ့ဒီအမှုကြီးမှာ နိုင်ငံရေးပုဒ်မတွေပါတယ်။ အဲ့ဒီအတွက် နိုင်ငံရေးအကျဥ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် မပေးတာပေါ့။ နောက်တစ်ချက်က စစ်ရေးဖြစ်နေတဲ့အချိန်မှာ ရန်သူနဲ့ မိတ်ဆွေပဲရှိတယ်။ ရန်သူနဲ့ မိတ်ဆွေပဲရှိတော့ ဒီနိုင်ငံရေးအကျဥ်းသားတွေကို ဘယ်လို သုံးနှုန်းလို့ရလဲဆိုတော့ စစ်သုံ့ပန်းပုံစံ သုံးနှုန်းလို့ရတယ်။ ကိုယ့်ရဲ့ ရန်သူကို ဆက်လက်ထိန်းသိမ်းထားတဲ့ သဘောနဲ့ သူတို့က အကျဥ်းသားတွေကို နိုင်ငံရေးအကျဥ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့မရှိဘူးပေါ့နော။ သို့ပေမယ့် သူက လွတ်ခါနီးလူတွေကိုတော့ သူတို့က နိုင်ငံတော် ပေးလေ့ရှိတယ်။ ဒါကတော့ နိုင်ငံရေးအမြင်မှာ မျက်နှာပန်းလှအောင် တည်ဆောက်တဲ့သဘောမျိုးပေါ့။”လို့ သူက ပြောပါတယ်။

အကျဥ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း ကြေညာပြီးနောက် ဒီကနေ့ ( ဧပြီလ ၁၉ ရက်နေ့ အထိ ) လွိုင်ကော်အကျဥ်းထောင်မှာ လွတ်မြောက်လာတဲ့ အကျဉ်းသားဦးရေ စာရင်းကိုတော့ ကန္တာရဝတီတိုင်း(မ်)အနေနဲ့ စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။

၁ လေးလုံး စစ်ဆင်ရေး စတင်ပြီးနောက် လွိုင်ကော်အကျဥ်းထောင် အနီးအဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာတွေရှိခဲ့တဲ့အတွက် အကျဥ်းသားတွေ လွတ်ငြိမ်းခွင့်ရရင်တောင် အခြေအနေတွေကို စောင့်ကြည့်ပြီး စစ်ကောင်စီက လွတ်ပေးတာမျိုး ပြုလုပ်တယ်လို့ KPPA ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းအတိုင်းအတာနဲ့ နှစ်စဥ်နှစ်တိုင်း မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အကျဥ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးလေ့ရှိတာဖြစ်ပါတယ်။ လက်ရှိလွိုင်ကော်အကျဥ်းထောင်မှာတော့ နိုင်ငံရေးအကျဥ်းသား ၁၀၀ ကျော်အပါအဝင် အကျဥ်းသား ၅၀၀ ကျော်ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

လွိုင်ကော်အကျဥ်းထောင်မှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဥ်းသားတွေဟာ ၅၀၅ ( က ) နဲ့ တရားစွဲဆိုခံရသူ နှစ်ဦးသာ ကျန်ရှိပြီး ကျန်သူတွေဟာ နှစ်ရှည်လများ ထောင်ဒဏ်ချမှတ်ခံရတဲ့ ပုဒ်မတွေနဲ့ တရားစွဲခံရသူတွေဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ လက်ရှိ ကျန်ရှိနေသေးတဲ့ အကျဥ်းသားတွေဟာ ကျန်းမာရေးစောင့်ရှောက်ခွင့်နဲ့ လုံလောက်တဲ့ အစားအသောက်တွေ မရရှိကြဘူးလို့ သိရပါတယ်။

spot_img
spot_img

Recent posts