spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့ အခက်အခဲကြုံတွေ့နေရ

ကန္တာရဝတီတိုင်း ( မ် )

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့အတွက် အခက်အခဲကြုံတွေ့နေကြရတယ်လို့ ထိုင်းနိုင်ငံကို ရောက်ရှိ အလုပ်လုပ်ကိုင်နေသူတွေက ပြောပါတယ်။

လက်ရှိ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့အတွက် ဘန်ကောက်မှာရှိတဲ့ သံရုံးတစ်ခုသာ ဆောင်ရွက်ပေးနေတဲ့အတွက် သက်တမ်းတိုးဖို့အတွက် အချိန်ပို့ကြန့်ကြာနေတယ်လို့ ဆိုပါတယ်။

“ ဘန်ကောက်သံရုံးတောင်မှ အခုပြောမယ်ဆိုရင် ကိုယ့်ဟာကိုယ် သွားလုပ်လို့မရဘူး။ အရင်တုန်းက ကိုယ့်ဟာကိုယ်လုပ်လို့ရသေးတယ်။ အခုက ပွဲစားတွေ၊ အေးဂျင့် တွေပေါ့နော။ အေးဂျင့်တွေကို လုပ်ခွင့်ပေးလိုက်တယ်ဗျာ။ အေးဂျင့်တွေနဲ့ပဲ လုပ်လို့ရတယ်။ ကိုယ့်ဟာကိုယ် သွားလုပ်ရင်တော့ ရဖို့မလွယ်ဘူးပေါ့နော။ ဘယ်လိုမှ မရနိုင်တော့ဘူး။ ” လို့ ထိုင်းရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောပြပါတယ်။

လက်ရှိထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေထဲက နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးသူ သုံးသိန်းကျော်ရှိနေတယ်လို့ သံရုံးနဲ့ နီးစပ်သူတွေဆီက သိရပြီး ၂၀၁၉ခုနှစ်ကတည်းက သက်တမ်းကုန်ဆုံးသူတွေလည်း လက်ရှိအချိန်အထိ သက်တမ်းတိုးလို့ မပြီးသေးဘူးလို့ သိရပါတယ်။

အဲဒီလို နိုင်ငံကူးလက်မှတ်တွေ သက်တမ်းကုန်ဆုံးနေတဲ့အတွက် ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ တရားမဝင် အလုပ်သမားတွေ ပိုများလာနိုင်ပါတယ်။ ဒါ့အပြင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု ပိုများလာနိုင်ပြီး လူကုန်ကူးမှုတွေအထိ ဖြစ်လာနိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) မှ အမှုဆောင်ဒါရိုက်တာ ဆရာထူးချစ် က ပြောပါတယ်။

“ အဓိက က ပြည်တွင်းမှာ ပတ်စပို့ ပိတ်လိုက်တာရယ် ဒီမှာ သက်တမ်းတိုးဖို့ အခက်အခဲရှိတာကြောင့် တရားမဝင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ပိုများလာတယ်။ နေ့တိုင်းကျနော်တို့ကို ဖုန်းဆက် အကူအညီတောင်းတဲ့သူတွေရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ထိုင်းပဲဖြစ်ဖြစ် မြန်မာမှာပဲဖြစ်ဖြစ် ထိုင်းအစိုးရနဲ့ မြန်မာအစိုးရက ချစ်ကြည်ရေး ကျနော်တို့ ပတ်စပို့တွေ နိုင်ငံကူးလက်မှတ်ကို မြန်မြန်ဆန်ဆန် မထုတ်ပေးဘူးဆိုရင်တော့ ထိုင်းနိုင်ငံမှာ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေ ပိုများလာမယ် လူကုန်ကူးမှုတွေ ပိုများလာမယ် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ပိုများလာမှာလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ ” လို့ ဆရာထူးချစ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုတွေဟာ အလုပ်အကိုင်ရှားပါးမှု၊ စီးပွားရေးအကြပ်အတည်းနဲ့ ကုန်စျေးနှုန်းအဆမတန်မြှင့်တက်မှုဒဏ်တွေကို ခံစားနေကြရတဲ့အတွက် ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်အကိုင်ရှာဖွေသူတွေ ပိုများလာနေပါတယ်။

ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ ကိုးရီးယား စတဲ့ နိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ကြပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၄ သန်းဝန်းကျင်ရှိနေပြီး အဲဒီအထဲက ၂ သန်းဝန်းကျင်ဟာ တရားဝင်ရွှေ့အလုပ်သမားတွေဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီကနေ နိုင်ငံကူးလက်မှတ်တွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ ကစလို့ ကွန်ပျူတာစနစ် အဆင့်မြှင့်တင်မယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ လက်မှတ် ထုတ်ပေးရေးလုပ်ငန်းတွေကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

spot_img
spot_img