spot_imgspot_imgspot_imgspot_img
Friday, July 19, 2024
spot_imgspot_imgspot_imgspot_img

မြို့ပြစစ်ဆင်ရေးရဲ့ ရှေ့တန်းရဲဘော် “အထွေးလေး”

Author

Date

Category

ကေးဒူ / ကန္တာရဝတီတိုင်း(မ်)

“အား…..သွားပြီ။ ငါ့ဘဝတော့ သွားပြီ”

ရှေ့တန်း စစ်မြေပြင် တနေရာမှာ ကြားရတဲ့ ရဲဘော် “အထွေးလေး”ရဲ့အော်သံပါ။

ကျနော်တို့ လူတဖွဲ့လုံး “အုန်း”ဆိုတဲ့အသံကြားရပြီး နောက်ပြန်လှည့်ကြည့်ကြတဲ့ အချိန်မှာတော့ မြေကြီးပေါ်မှာ သွေးတွေအပြည့်နဲ့ လူးလှိမ့်နေတဲ့ ရဲဘော် “အထွေးလေး”ကို မြင်တွေ့ခဲ့ရတာပါ။

ဆေးမှူးလည်းမပါ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ကြောင်တောင်တောင်ဖြစ်နေကြတဲ့ သူငယ်ချင်းတွေက ဝိုင်းပြီးကူညီပေးကြဖို့ ကြိုးစားနေကြတဲ့ အချိန်မှာပဲ နောက်ထပ် သူ့ဆီက ကြားလိုက်ရတဲ့ စကားတခွန်းကတော့

“ဟာ….ဒီတသက် ငါမိန်းမ မရနိုင်တော့ဘူး ထင်တယ်”

ဒီစကားက သူနဲ့ အတူပါလာတဲ့ သူ့ရဲ့ သူငယ်ချင်းတွေရဲ့ ရင်ဘတ်ထဲကို ဓားနဲ့ ထိုးလိုက်သလိုပါပဲ။ မျက်ရည်တွေ ဝဲနေကြပေမဲ့ သူအားငယ်နေမှာကို စိုးရိမ်ကြတဲ့စိတ်နဲ့ မငိုမိအောင်အတော်လေး ထိန်းခဲ့ကြရတာပါ။

သူ့ကိုလည်း အားပေးစကားလေး အတော်လေးပြောဖြစ်ခဲ့ကြတာပါ။ သို့ပေမယ့် ရဲဘော် အထွေးလေး က သူရဲ့ အခြေအနေကတော့ အရင်လို ပြန်မဖြစ်နိုင်ဘူးဆိုတာကို သိနေခဲ့ပါတယ်။ သူဟာ စိတ်ဓာတ် အလွန်သန်မာသူ တယောက်ပါ။ သူငယ်ချင်းတွေ စိတ်မကောင်းဖြစ်နေတာ၊ စိတ်ဓာတ်ကျဆင်းနေတာကို သူတို့ မပြောပေမဲ့ အတွင်းစိတ်ထဲကနေ သိနေတဲ့ ရဲဘော် အထွေးလေး ကတော့
“မင်းတို့ကို အရင်လို ဘော်လီဘော စိန်ခေါ် မပုတ်နိုင်တော့ဘူးကွာ”

သူရဲ့ ခြေထောက် အသည်းအသန် ဖြစ်နေတာတောင် သူငယ်ချင်းတွေ စိတ်မကောင်းဖြစ်နေမှာကို သိလို့ ပျော်အောင်စနောက်နိုင်သေးတဲ့ သူရဲ့ စိတ်ဓာတ်ကိုတော့ လေးစားလို့ မဆုံးနိုင်ပါဘူး။

နောက်တန်းမှာနေရင် အငယ်ဆုံးလေးမို့ လူတကာကဝိုင်းချစ်ကြတဲ့ ရဲဘော် “အထွေးလေး”…… သူတပါး ပျော်ရွှင်အောင် ဟာသတွေ အမြဲပြောပြောပြီး ရယ်မောနေတတ်တဲ့ ရဲဘော် “အထွေးလေး”……
မိသားစု မှာ အငယ်ဆုံးသား မို့ ဝိုင်းချစ်ကြတဲ့ ရဲဘော်”အထွေးလေး”……
အခုတော သူ့ဘဝကို ပြောင်းလဲစေခဲ့တာတော့ သိပ်ကို အန္တရယ် များလွန်းတဲ့ မြေမြုပ်မိုင်းတလုံးပါ။

သူဟာ လွိုင်ကော်မြို့၊ မြို့ပြတိုက်ပွဲတခုမှာ မနက်ခင်းအစောပိုင်း ရန်သူနဲ့ ရင်ဆိုင်ပြီး ပြန်လည် ဆုတ်ခွာချိန်မှာ မိုင်းနင်းမိခဲ့တာပါ။

အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ရဲဘော် “အထွေးလေး” ဟာ တိုက်ပွဲပေါင်းများစွာကို အန္တရာယ် ကင်းကင်းနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီး၊ အတွေ့အကြုံ ရင့်ကျက်တဲ့ ရဲဘော်တဦးလို့ ပြောရင်လည်း မမှားပါဘူး။ ဒါပေမဲ့ မြို့သိမ်းတိုက်ပွဲ “၁၁၁၁” စစ်ဆင်ရေး စတင်တဲ့ (၁၀) ရက်မြောက်နေ့မှာတော့ သူ့ဘဝ ကံဆိုးမိုးမှောင်ကျခဲ့တာပါပဲ။ တောထဲမှာပဲ အမြဲ တိုက်ပွဲ ဝင်နေကြတဲ့ ရဲဘော်တွေတစုဟာ မြို့သိမ်း တိုက်ပွဲ သွားရတော့မယ် ကြားရတဲ့ အချိန်မှာတော့ အယောက်တိုင်းနီးပါးဟာ ဝမ်းသာ အားရနဲ့ တက်ကြွနေကြတာကို စာရေးသူကိုယ်တိုင် မြင်တွေ့ခဲ့ရတာပါ။

မြိုတွင်းတိုက်ပွဲ၊ တနည်းအားဖြင့် ၁၁၁၁ စစ်ဆင်ရေးမခင် ရက်ပိုင်းအလိုမှာ အထွေးလေး တို့ရှိနေတဲ့တပ်ရင်းက စစ်ကြောင်းမှူး တဦးက သူရဲ့ ရဲဘော်တွေကိုမှာကြားတဲ့ စကားကို စာရေးသူ ကြားခဲ့ရပါတယ်။

“ငါတို့ ခရီးထွက် ဖို့ရှိမယ်။ ၂ ပတ်လောက်ကြာမယ် လိုအပ်တာတွေ အကုန်ပြင်ဆင်ထားကြ”
ဆိုပြီးတော့ ရဲဘော်တွေကို အသုံးစရိတ် နည်းနည်းဆီ ထုတ်ပေးလိုက်ပါတယ်။

ဒီအချိန်မှာတော့ ရဲဘော်တွေဟာ လိုအပ်တာ ထုတ်ပိုးပြီး ပြင်ဆင်နေကြပါပြီ။ စစ်ကြောင်းမှူး ပေးလိုက်တဲ့ အသုံးစရိတ်လေးနဲ့ ဆေးလိပ်၊ ကွမ်းယာ ဝယ်ဖို့ သူငယ်ချင်း ကပြောကြတဲ့ အချိန်မှာတော့ ရဲဘော်”အထွေးလေး”ကဆီက ကြားရတဲ့ ဟာသလေး တခုကတော “ဟျောင့်တွေ အခုငါတို့သွားရမှာက အရင်လို တောထဲမဟုတ်ဘူးကွ။ မြို့ထဲသွားရမှာ ဆေးလိပ် ဝယ်သွားဖို့ မလိုဘူး။ လွိုင်ကော်မြို့ထဲမှာ သွားယူမယ်”လို့ ရယ်မောပြီး သူ့ရဲ့ သူငယ်ချင်း တွေကို လှမ်းစနေတာကို မြင်တွေ့ခဲ့ရပါသေးတယ်။

ဒါပေမဲ့ သူထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။ သိပ်ကြောက်စရာကောင်းတဲ့ မြို့သိမ်းတိုက်ပွဲဟာ နေရာတိုင်းမှာ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့လက်နက်ငယ်မပြောနဲ့၊ လက်နက်ကြီးတွေတောင် မိုးရွာကျသလိုပါပဲ။ တိုက်လေယာဥ် အသုံးပြုလိုက်ပုံကတော့ ကောင်းကင်ပေါ်က သိမ်းငှက်တွေ အစာရှာ နေသလိုပါပဲ။ တဝီဝီနဲ့ ။ နေ့မအား၊ ညမနားကို ပစ်ခတ်နေတာပါ။

မြို့ထဲကနေထွက်ပြီး တခြားနေရာကို စစ်ရှောင်ဖို့ ကြိုးစားနေကြတဲ့ ပြည်သူလူထုတွေကိုတောင်မှ မရှောင်ပဲ နေရာတိုင်းကို လိုက်လံပစ်ခတ်နေတော့တာပါပဲ။ ကူဖော်လောင်ဖက် မဲ့နေကြတဲ့ ပြည်သူတွေကတော့ ဒူးတုန်ရင်တုန်နဲ့၊ နေအိမ်ထဲမှာပဲ ပိတ်မိနေကြတဲ့ ပြည်သူတွေ မြင်တွေ့ရတဲ့အခါ စာရေးသူအနေနဲ့ အထူးစိတ်မကောင်းဖြစ်မိရုံကလွဲပြီး မတတ်နိုင်ခဲ့။ အထူးသဖြင့် စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ၊ လေယာဥ်ဗုံးကြဲမှုတွေကြောင့် မိသားစုတကွဲတပြား ဖြစ်ခဲ့ရတဲ့သူတွေပေါ့ဗျာ။

မြို့သိမ်းတိုက်ပွဲ “၁၁၁၁”စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်းမှာတော့ လွိုင်ကော် မြို့ကြီးဟာလည်း အမှောင်ထု ကျနေသလိုပါပဲ။ “လျှပ်စစ်မြို့တော် ဒို့လွိုင်ကော်” ဆိုတဲ့ ဆိုရိုးစကားရှိခဲ့ပေမဲ့ ဒီအချိန်မှာတော့ လွိုင်ကော်မြို့ကြီးဟာ တိတ်ဆိတ်ပြီး စတင်မှောင်မည်းစပြုလာပါပြီ။ မြို့ထဲမှာဆို အရင်လို လူစည်ကားနေတာတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ တန်းစီပြီး မီးပွိုင့်မိနေတာကို မြင်တွေ့ရမဲ့အစား အခုတော့ လမ်းဘေးတွေမှာ အစာကျွေးမဲ့သူမရှိတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေ ပြေးလွှားနေတာကိုသာ မြင်တွေ့ခဲ့ရတာပါ။

တချို့အိမ်မွေးတိရိစ္ဆာန်တွေဟာ သေနတ်ထိမှန်ပြီး လမ်းဘေးတွေမှာ သေဆုံးနေကြတာပါ။ မြေမြုပ်ပေးမဲ့သူတောင် မရှိကြတော့ပါဘူး။ အခုဆိုရင် လွိုင်ကော်မြို့မှာ တိုက်ပွဲ ဖြစ်ပွားနေတာဟာ ၁၄ ရက် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။ စစ်ရေးကတော့ ဆက်လက်တင်းမာနေဆဲပါ။ လွိုင်ကော် မြို့သူမြို့သားတွေကတော့ သောင်းနဲ့ချီပြီး စစ်ဘေးဒုက္ခကြုံတွေ့ နေကြရပါတယ်။

ပြေးစရာမြေ မရှိတော့တဲ့ ကရင်နီမြေမှာတော့ ကရင်နီပြည်သူပြည်သားတွေ စစ်ဘေးဒုက္ခဒဏ်ကိုခံစားရင်း အလင်းရောင်တဖန် ပြန်လည်ရောက်ရှိလာမှာကို မျှော်လင့်ရင်း၊ အသက်တွေ ချွေးတွေ ဘယ်လောက်ထိ ပေးဆပ်နေရဦးမှာလည်းဆိုတာတော့ မတွေးဝံ့စရာပါပဲ….

အခုချိန်မှာတော့ ရဲဘော် အထွေးလေး စနောက်ပြောခဲ့သလို လွိုင်ကော်မြို့ပေါ်မှာ ကွမ်းတွေ၊ ဆေးလိပ်တွေ ရောင်းတဲ့သူမရှိတော့ပါဘူး။ ဒါပေမဲ့ တော်လှန်ရေး အောင်မြင်သွားတဲ့တနေ့ ရဲဘော်အထွေးလေးတို့ သူငယ်ချင်းတွေ လွိုင်ကော်မြို့မှာ ဆေးလိပ်တွေ၊ ကွမ်းယာတွေ တင်မကပဲ လိုချင်တာတွေအကုန် ဝယ်ယူလို့ရနိုင်မဲ့တနေ့ကို ဧကန်အမှန်ရောက်ရှိလာမယ်လို့ မျှော်လင့်ရင်း။……..

spot_img
spot_img

Recent posts