spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မြေပြင်တိုက်ခိုက်စွမ်းရည်အားနည်းမှုကြောင့် လေကြောင်းပိုမိုအသုံးပြုနေတဲ့ စစ်ကောင်စီ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီတပ်ဟာ မြေပြင်တိုက်ခိုက်မှုစွမ်းရည် လျော့နည်းလာနေတဲ့အတွက် လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူ ကို ပိုမို အသုံးပြုတိုက်ခိုက်လာနေတာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုကြပါတယ်။ တော်လှန်ရေးအင်အားစုတွေ နဲ့ ထိတွေ့တဲ့ တိုက်ပွဲတွေမှာ အထိနာ ရင်ဖြစ်စေ၊ တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်လာတဲ့ချိန်မှာဖြစ်စေ စစ်ကောင်စီက လေကြောင်းပစ်ကူကို သုံးစွဲနေတာဖြစ်ပါတယ်။

“ စစ်ကောင်စီကတော့ လေကြောင်းတိုက်ခိုက်မှုကို တကယ် ပြင်းထန်တဲ့ တိုက်ပွဲတွေမှာ သူတို့ သုံးလေ့ရှိတယ်။ သူတို့ အထိနာတဲ့ တိုက်ပွဲတွေမှာ သူတို့သုံးတယ်။ သူတို့တပ်စခန်းတွေ အဝိုင်းခံရပြီ သူတို့လူတွေ အထိခိုက်များပြီ ဆိုတဲ့ စစ်မြေပြင်မှာ သူတို့က လေယာဉ်သုံးတာပေါ့နော။ လေကြောင်းပစ်ကူနဲ့ သုံးပြီး တိုက်ခိုက်တာတွေရှိတယ်။ “ လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFသတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦး ကဆိုပါတယ်။

ကရင်နီပြည်မှာ ၂၀၂၂ခုနှစ်အတွင်းမှာ စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း သုံးရာကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၁၅၃) ကြိမ် ဆောင်ရွက်ခဲ့တယ်လို့ KNDFက ဇန်နဝါရီလ ၆ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီအတွက် စစ်ကောင်စီကို နိုင်ငံတကာက လေယာဉ်ဆီ မကန့်သတ်ထားနိုင်ရင် တော်လှန်ရေးအင်အားစုတွေအပေါ် လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေက ဆက်လက်ရှိနေမှာဖြစ်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် ပြည်သူအိုးအိမ်ပျက်စီးမှုတချို့

“လက်ရှိစစ်ကောင်စီရဲ့လေကြောင်းသုံးစွဲမှုသည် လေယာဥ်ဆီရှိနေသေးသမျှ လေယာဥ်ဆီမရရှိအောင်ကို နိုင်ငံတကာက မကန့်သတ်နိုင်သေးသမျှ ဆက်လက်ပြီးတော့လုပ်ဆောင်နေမှာဖြစ်တယ်။ သူတို့လုပ်ဆောင်နေခြင်းကလည်း သူတို့အားနည်းချက်ကို ဖုံးကွယ်နိုင်ဖို့ဖြစ်ပြီးတော့ သူတို့တွေကနေ လူထုကို သူတို့ရဲ့လက်ရှိကာလ အားအသာဆုံးဆိုတဲ့ လေတပ်အသုံးပြုနိုင်ခွင့်ကို အသုံးချပြီးတော့မှ ခြိမ်းခြောက်ဖို့အတွက်ကို ဆက်လက်တော့အသုံးပြုနေမှာဖြစ်တယ်။” လို့ စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

ကရင်နီမှာဆိုရင် တော်လှန်ရေးကာလ ၂နှစ်နီးပါး အချိန်အတွင်း တော်လှန်ရေးအင်အားစု တွေဟာ စစ်ရေးအတွေ့အကြုံတွေ၊ စုစည်းမှုတွေ၊ စွမ်းရည်တွေ ပိုမြင့်လာသလို လက်နက်ခဲယမ်းတွေလည်း တဖြည်းဖြည်းပြည့်စုံ လာနေတဲ့ အနေအထား ဖြစ်ပြီး စစ်ကောင်စီဖက် ကတော့ အင်အားဆုတ်ယုတ်လာတာတွေကို တွေ့မြင်ရတယ်လို့ ကရင်နီပြည်အစိုးရ ကာကွယ်ရေး ဒု-ဝန်ကြီး ခူးဒယ်နီယာယ်က ဆိုပါတယ်။

“ စစ်ကောင်စီဖက်ကတော့ သူတို့စစ်ဆင်ရေးတွေ မလုပ်လာနိုင်တော့ဘူး ဆိုတာကတော့ သူတို့ဖက်မှာ အင်အားတွေ ကျလာပြီ။ စိတ်ဓာတ်အရလည်း ကျလာပြီ ဆိုတာကလည်း သိသာနေပါတယ်။ သူတို့က အခုလောလောဆယ် အားကိုးနေတာက လက်နက်ကြီး သုံးနေတယ်။ နောက်ပြီး တော့မှ ခုနကပြောတဲ့ တိုက်လေယာဉ်တွေ သုံးနေတယ် အဲဒါကလွဲပြီး မြေပြင် မှာက ကြီးမားတဲ့ စစ်ဆင်ရေးမျိုး မတွေ့ရတော့ဘူး။ “

တော်လှန်ရေး အင်အားစုတွေနဲ့ မြေပြင်မှာ တိုက်ခိုက်ရေးစွမ်းရည် ချင်း မယှဉ်နိုင် တဲ့ စစ်ကောင်စီဟာ လေကြောင်းပိုမို အသုံးပြုလာတဲ့အပြင် စစ်တလင်းမြေပြင် နေရာမဟုတ်တဲ့ ပြည်သူလူထုတည်ရှိတဲ့နေရာ၊ စစ်ရှောင် နေရာတွေကိုပါပါ ရောပြီး လေကြောင်းတိုက်ခိုက်မှု နဲ့ အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ကိုပါ လုပ်ဆောင်နေတာကို တွေ့ရှိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၂၀၊ ၂၁၊ ၂၃ ရက်တွေမှာဆိုရင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် ကရင်နီပြည် တချို့နေရာတွေကို စစ်ကောင်စီက တိုက်လေယာဉ် ခေါက်တုံ့ခေါက်ပြန် ပျံဝဲတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲ့ဒီလို လူထုတွေဆီ စစ်သုံးယာဉ် ပျံဝဲ ခြိမ်းခြောက်တာဟာ လူထုတွေနေလို့မရအောင် ထွက်ပြေးအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာဖြစ်တဲ့အတွက် လူမျိုးနွယ်စု အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလို့တောင် ပြောလို့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ဆိုပါတယ်။

“ ကျနော်တို့ အနေနဲ့က ကာကွယ်စရာ ဘားမရှိဘူး။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ ဘာပြောချင်သလဲဆိုရင် ဒီစစ်ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့ ဟာကို ရပ်ဖို့လိုအပ်တယ်။ နိုင်ငံတကာ ကလည်း ဒီဟာကို ကြည့်ပြီးတော့မှ ဒီဟာ မဖြစ်သင့် မဖြစ်ထိုက်ဘူးဆိုတာကိုလည်း သိရှိနားလည်ပေးဖို့လိုအပ်တယ်။ ကြိုတင်ကာကွယ်မှုနဲ့ ဖိအားပေးမှုကသာလျှင် ကာကွယ်မှုကို တစ်ခုကို ကျနော်တို့ လုပ်နိုင်မှာဖြစ်တယ်ပေါ့နော။ “

လေကြောင်းတိုက်ခိုက်မှုရန်ကနေ ကာကွယ်ဖို့အတွက် လူထုဖက်ကတော့ ပြင်ဆင်ထားဖို့လိုအပ်ပြီး လေယာဉ်အနီးကပ်လာတာတွေ၊ ဗုံးကြဲနိုင်တဲ့ အခင်းအကျင်းတွေ မှာဆိုရင် ပြင်းအားပြင်းတဲ့ ဗုံးကြဲတာတွေ ကို ကာကွယ်နိုင်ဖို့ မသေချာပေမယ့် ကာဗာ ကျင်း၊ ပုန်းခိုကျင်းတွေ ကိုတော့ အဆင်သင့် ဆောင်ရွက်ထားဖို့လိုအပ်ပါတယ်။

၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့ မနက် ၁နာရီအချိန်မှာ တိုက်လေယာဉ်တစ်စင်းမှ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ရီခီးဘူး စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်နှစ်ဦးနဲ့ အသက် ၅၂နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

မတ်လ ၁၁ရက်နေ့ မနက်ပိုင်းအချိန် ဒီးမော့ဆိုမြို့နယ် ဒေါရောက်ခူကျေးရွာမှာ စစ်ကောင်စီ တိုက်လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် အရပ်သား ၂ဦး သေဆုံးခဲ့ပါတယ်။ တစ်ရက်တည်းမှာပဲ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် KNDFတပ်ရင်း ၉ ရဲဘော်တစ်ဦး ထိခိုက် ကျဆုံးသွားခဲ့ရပါတယ်။

ဩဂုတ်လ ၉ရက်နေ့ မှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်း တီးလုံကျေးရွာအုပ်စု ဒေါပါပါးကျေးရွာကို လေကြောင်း၊လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာဆေးခန်းမှာ ဆေးကုသမှုခံယူနေတဲ့ လူနာတစ်ဦး သေဆုံးခဲ့ရသလို ဆေးခန်းလည်း ပျက်စီးသွားခဲ့ရပါတယ်။

စစ်ကောင်စီဟာ လေကြောင်း အင်အားအလွန်အကျွံ သုံးတာတွေအပြင် စစ် ရဲ့ စည်းကမ်းပိုင်း ကို လိုက်နာမှုမရှိတဲ့အတွက် အခုလိုတိုက်ခိုက်မှုက ဆက်လက်ရှိနေမှာပဲဖြစ်တယ်လို့ ခူးဒယ်နီယာယ်က ဆက်ပြောပါတယ်။

“ သူတို့အပြည်ပြည်ဆိုင်ရာကို နားထောင်နေတဲ့လူတွေလည်း မဟုတ်ဘူး။ နောက် ဒီအပြည်ပြည်ဆိုင်ရာ စစ်ရေးဥပဒေရှိပါတယ်။ သို့သော် သူတို့က နားထောင်တဲ့လူတွေ မဟုတ်ဘူးလေ။ နောက်ပြီးတော့မှ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တွေကတော့ အပြည်ပြည်ဆိုင်ရာ ဥပဒေ အကြောင်းတရားပဲ သူတို့လုပ်နိုင်မယ်။“ ခူးဒယ်နီယာယ်က ဆက်ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ မြေပြင် တိုက်ခိုက်ရေးစွမ်းရည် အားနည်းမှုကြောင့် လေကြောင်းပိုမို သုံးစွဲလာပေမယ့် စစ်အာဏာရှင်ကို တစ်နိုင်ငံလုံးတော်လှန်နေပြီး စစ်ကောင်စီရဲ့ လေယာဉ်စီးရေ၊ ဗုံးအလုံးရေ၊ လေယာဉ်ဆီ အသုံးပြုနိုင်မှုတွေအရ ဒေသတစ်ခုတည်း နေရာအနှံ့အပြား ကို ဗုံးကြဲနိုင်တဲ့ အခြေအနေ မဟုတ်တဲ့အတွက် စိုးရိမ်စရာ မလိုဘူးလို့ သုံးသပ်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူတစ်ဦး ကဆိုပါတယ်။

“ ကျနော်တို့ ဗီယက်နမ် စစ်ပွဲကာလတွေမှာ အမေရိကန်က လေကြောင်းအင်အား အများကြီး သုံးပြီးတော့ တိုက်ခိုက်ခဲ့ပေမဲ့ မြေအောက်တော်လှန်ရေးနဲ့ မြေအောက်လမ်းကြောင်းတွေကို ဖော်ဆောင်နိုင်တဲ့ မြောက်ဗီယက်နမ်ရဲ့စစ်အောင်နိုင်သွားမှုတွေကို ကျတော်တို့အတုယူသင့်ရင်လည်း အတုယူရမှာဖြစ်သလို ကျနော်တို့လက်ရှိ ရှိနေတဲ့ထင်ထင်ရှားရှားစခန်းတွေကို ရွေ့ပြောင်းနိုင်အောင်ကို အမြဲတမ်း လုပ်ကိုင်ဆောင်ရွက်သွားမယ်ဆိုရင်တော့ စစ်ကောင်စီရဲ့လေကြောင်းတိုးမြှင့်မှုကို တော်လှန်ရေးအင်အားစုတွေက ကြံ့ကြံ့ခံနိုင်တဲ့အခြေနေတစ်ရပ်ရှိတယ်ဆိုတဲ့ဟာမျိုးကို ကျနော်တို့သုံးသပ်တယ်။”လို့ စစ်ရေးလေ့လာသုံးသပ်သူတစ်ဦး ကဆိုပါတယ်။

စစ်ကောင်စီရဲ့ တပ်အင်အားဟာ ဖွဲ့စည်းပုံအရ အင်အား ၄သိန်းကျော်ရှိတယ်လို့ ဆိုထားပေမယ့် တကယ်တမ်း မြေပြင်ဖွဲ့စည်းမှုအရ ၂သိန်းကျော်သာရှိတယ်လို့လည်း သူက ဆိုပါတယ်။

စစ်တပ်မှအတွဲလိုက်ဒုံးများ အသုံးပြုပြီး တိုက်ခိုက်
spot_img
spot_img

Recent posts