spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မြေယာ အငြင်းပွားမှုတွေကိုဖြေရှင်းဖို့ လွတ်လပ်သော မြေဆိုင်ရာ သီးသန့် တရားစီရင်ရေးစနစ်ကို ဖော်ဆောင်ပေးဖို့ ကရင်နီပြည် မြေညီလာခံကနေ တောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

လွတ်လပ်သော မြေဆိုင်ရာ သီးသန့်တရား စီရင်ရေးစနစ်တစ်ရပ်ကို ဖွဲ့စည်းပြီး မြေဆိုင်ရာ အငြင်းပွားမှုတွေအတွက် တရားမျှတမှု ဖော်ဆောင်ပေးဖို့ကို ကရင်နီပြည် မြေညီလာခံကနေ ဧပြီလ ၁၆ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

လက်ရှိ ကြားကာလမှာ မြေယာပြဿနာကို မဖြေရှင်းနိုင်ရင် အနာဂတ်မှာ အကျိုးသက်ရောက်မှုကြီးမားလာနိုင်တယ်လို့ ကရင်နီပြည် မြေမူဝါဒ ရေးဆွဲရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“မြေယာ ပြဿနာကလည်း အရေးကြီးတဲ့ ပြဿနာတစ်ခုဖြစ်တယ်။ ဒီအပေါ်မှာလည်း ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီအနေနဲ့ ဒီအပေါ်မှာ အသိအမှတ်ပြုပြီးတော့ သူတို့ ဌာန တစ်ခုဖွဲ့စည်းနိုင်ဖို့အတွက်တော့ ပြင်နေတယ်။ ဆိုတော့ ဘယ်လောက်အရေးပါလဲဆိုတော့ ဒီတော်လှန်ရေးနဲ့အတူ တော်လှန်ရေးပြီးသွားခဲ့သော် ဒီမြေယာခန့်ခွဲမှုတွေကို တော်လှန်ရေးပြီးသွားခဲ့ရင် နောက်ကျလိမ့်မယ်။ ဆိုတော့ ဒီကြားကာလကနေ ဖြေရှင်းပေးဖို့လိုမယ့် အပိုင်းတွေရှိလိမ့်မယ်။ နောက်ပြီးတော့ ဒီအနာဂတ်မှာလည်း သံယံဇာတနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေကို အခုကတည်းက လုပ်ဆောင်ဖို့ လိုအပ်တာဖြစ်တယ်။“ လို့ ကရင်နီပြည် မြေမူဝါဒ ရေးဆွဲရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဌာနေတိုင်းရင်းသားနဲ့ ပြည်နယ်သူ/သား တို့ရဲ့ မူလမြေယာပိုင်ဆိုင်ခွင့် ပြည်လည်ရရှိနိုင်ဖို့နဲ့ ခေတ်အဆက်ဆက် မြေယာပိုင်ဆိုင်ခွင့် ဆုံးရှုံးခဲ့ရသူအတွက် ပြည်လည်ဆောင်ရွက်ပေးဖို့အပြင် ဖယ်ဒရယ်အခြေပြု မြေအုပ်ချုပ်စီမံမှု ယန္တာရားတစ်ရပ် အမြန်ဆုံးဖော်ဆောင်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ကရင်နီပြည်မှာ မြေယာနဲ့ပတ်သက်တဲ့ ဥပဒေ၊ ပြဌာန်းချက်တွေပေးပြီး နည်းဥပဒေကို ထုတ်ပြန်ပေးဖို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် ကရင်နီမြေမူဝါဒကို ကရင်နီပြည်ရဲ့ မြေမူဝါဒအဖြစ် တရားဝင် အသိအမှတ်ပြုပြီး ပြည်နယ်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေမှာ ထည့်သွင်းအားမခံပေးဖို့လည်း ပါရှိပါတယ်။

အဲဒီအချက်တွေအပါအဝင် စုစုပေါင်း ၅ ချက်ကို ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC )၊ ကရင်နီပြည် ကြားကာလလွှတ်တော် ( KSIP )၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( KSIEC ) တို့ထံ တောင်းဆိုထားတာပါ။

လက်ရှိ ကြားကာလ အုပ်ချုပ်ရေးကောင်စီမှာတော့ မြေယာနဲ့ ပတ်သက်ပြီး သီးသန့်ဌာနဖွဲ့စည်းနေတာ မရှိသေးပေမယ့် ဖွဲ့စည်းဖို့ ပြင်ဆင်နေတာရှိတယ်လို့ သိရပါတယ်။

အဲဒီကရင်နီပြည် ညီလာခံကို ဧပြီလအတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကရင်နီပြည်တွင်းက ဒေသအသီးသီးက ဒေသခံကိုယ်စားလှယ်တွေ၊ ကျေးရွာခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ အရပ်ဘက်လူမှုအသင်းအဖွဲ့ ကိုယ်စားလှယ်၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် စုစုပေါင်း ၂၁၀ ဦးပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts