spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယခင်နှစ်တွေထက်စောပြီး ကြုံနေရတဲ့ ရေပြဿနာ

Author

Date

Category

ခွန်းကလိုင်းဖရီး

ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်း ကေးလျားကျေးရွာအုပ်စုမှာ ရေရှားပါးတဲ့ ပြဿနာကို စတင် ရင်ဆိုင်နေကြရပါပြီ။ စိမ့်စမ်းရေတွေကို မှီခိုနေရတဲ့ တောင်ပေါ်ဒေသက ပြည်သူတွေအတွက် နေ့စဉ်နဲ့အမျှ ရေရှာဖွေရေးအတွက် လုံးပမ်းကြရပါတယ်။

ဒီနှစ်မှာတော့ နွေမရောက်သေးခင်မှာပဲ ရေရှားပါးမှု ပြဿနာ ကြုံတွေ့နေရတာဖြစ်ပါတယ်။
ခါတိုင်းနှစ်တွေဆို မတ်၊ ဧပြီနဲ့ မေလတွေမှာ ရေရှားပါးမှု အဆိုးဆုံးကာလတွေဖြစ်ပေမယ့် အခုနှစ်မှာတော့ ဒီဇင်ဘာလကတည်းက စိမ့်စမ်းရေထွက်တွေ ခမ်းစပြုနေပါတယ်။

ကေးလျားကျေးရွာအုပ်စု၊ လောခုခူကျေးရွာမှာနေထိုင်တဲ့ ဒေါ်ထွားမယ်က ရေရှားပါးတာကိုစပြီး ကြုံတွေ့နေ ရပြီလို့ ဆိုပါတယ်။

“ဟိုးအရင် တစ်နှစ်၊ နှစ်နှစ်ဆိုလို့ရှိရင် အခုချိန်မျိုးဆို ရေက ရှိသေးတာကော။ ပိုမြှင့်မြှင့်တက်လာသေးတယ်။ ခုလောလောဆယ်ဆို နည်းနည်းတအားကျသွားပြီ။ နောက်နှစ်လ၊ သုံးလနဲ့ဆိုတော့ အဲ့ချိန်ဆို အကုန်လုံး ခမ်းသွားလောက်ပြီ”

ရွာအနီးဝန်းကျင်မှာရှိတဲ့ စိမ့်စမ်းရေထွက်ပေါက်တွေမှာ ရေအထွက်နည်းသွားတာကြောင့် အဲ့ဒီကနေ တဆင့်ရေသို လှောင်ထားတဲ့ ရေလှောင်ကန်တွေမှာလည်း ရေမရှိသလောက် ဖြစ်သွားပါပြီ။

ဒါ့ကြောင့်ပဲ အိမ်ခြေ ၁၀၀ နီးပါးနဲ့ လူဦးရေ ၅၀၀ ကျော်ရှိတဲ့ လောခုခူကျေးရွာသူ၊သားတချို့ဟာ သောက်သုံးရေတွေရရှိဖို့အတွက် ၃ မိုင်ခန့်ခရီးဝေးတဲ့ ဖရူဆိုမြို့ပေါ်အထိ ရေရဖို့ သွားနေကြရပါတယ်။

ကျေးရွာပိုင်ရေလှောင်ကန်ကလည်း ရွာနဲ့ အလှမ်းဝေးတဲ့အတွက် ရေတစ်ခါခပ်ဖို့ မိနစ် ၃၀ ဝန်းကျင်လောက် အချိန်ပေးပြီး သွားခပ်ကြရတယ်လို့ လောခုခူကျေးရွာမှာနေထိုင်တဲ့ ခူးကော်ရယ်က ဆိုပါ တယ်။

“ကျနော်တို့က ရေနဲ့ ပတ်သက်လာရင် ကျနော်တို့ အဝေးကြီးသွားခပ်ရတယ်။ ကျနော်တို့က ဆိုင်ကယ်ရှိတဲ့ လူတွေက ဆိုင်ကယ်နဲ့ သွားခပ်ကြတယ်။ ဆိုင်ကယ်မရှိတဲ့ အိမ်ကျတော့ လူနဲ့ပဲ သွားခပ်ကြတာပေါ့။ တချို့မိန်းကလေးတွေက သူတို့ ပုံးနဲ့သွားခပ်တယ်။ ဒါပေမယ့် ပုလိုင်းနဲ့ လွယ်သွားတယ်။ ကျနော်တို့ ယောင်္ကျားလေးတွေတော့ ဆိုင်ကယ်မရှိတဲ့ လူကျတော့ ဒီလို ပုံးဝါနဲ့ ကျနော်တို့ သွားခပ်ပါတယ်။”

ကေးလျားကျေးရွာအုပ်စုမှာ ရေအခက်အခဲဆုံးကျေးရွာတစ်ရွာဖြစ်တဲ့ လောလျာခူကျေးရွာမှာဆိုရင်လည်း ရေလှောင်ကန်တွေမှာ ရေအလုံအလောက်မရှိတော့ပါဘူး။

“ပြီးခဲ့တဲ့ အရင်တစ်နှစ်၊ နှစ်နှစ်ဆို နွေရာသီဆို ကျနော်တို့ လှောင်ထားတဲ့ ရေပေါ့နော်။ တစ်ပတ်ဆို တစ်ကြိမ်၊ နှစ်ကြိမ် အဲ့လောက်တော့ သုံးကြတယ်။ ဒီတစ်နှစ်ခါကျတော့ တစ်ကြိမ်တောင်မှ မလောက်ဘူး အဲ့မျိုးဖြစ်နေ တယ်။ ဒီတစ်နှစ်တော့ ပိုဆိုးတာပေါ့။”လို့ လောလျာခူကျေးရွာအုပ်ချုပ်ရေးမှူး ခူးတီရယ်က ပြောပါတယ်။

သူတို့ရွာမှာ နိုင်ငံတကာအဖွဲ့အစည်းက ACF အဖွဲ့က မိုးရေနဲ့ စိမ့်စမ်းရေတွေကို သိုလှောင်ဖို့အတွက် ရေလှောင်ကန် အကြီးအငယ်ပေါင်း ၁၀ လုံးတည်ဆောက်ထားပေမယ့် ရေလှောင်ကန်သာရှိပြီး ရေမရှိတော့တဲ့ အခြေအနေဖြစ် နေပါတယ်။

ရေထွက်ဦးတစ်နေရာတည်းကိုပဲ လောလျာခူတစ်ရွာလုံးက မှီခိုနေရပြီးတော့ တခြားရေအရင်းအမြစ်တွေမရှိတဲ့ အခြေအနေဖြစ်ပါတယ်။

“အဲ့လောက်မထွက်ဘူးနည်းနည်းပဲ ထွက်လာတယ်။ နောက် အုတ်ကန်နဲ့ ခံထားတယ်။ ရေလှောင်ကန်ပေါ့။ အရင်နှစ်ခါကျတော့ ပြည့်နေသေးတယ် အခုချိန်။ ဒီနှစ်ကျတော့ လုံးဝမရှိဘူး”လို့ ဦးဝီရယ်က ဆိုပါတယ်။
လောလျာခူကျေးရွာဟာ အိမ်ခြေ ၃၀ ဝန်းကျင်နဲ့ လူဦးရေ ၂၀၀ နီးပါးက ရေအခက်အခဲကို ကျော်လွှား နိုင်ဖို့အတွက် ပူပန်နေရပါတယ်။

လက်ရှိကတော့ ရေလှောင်ကန်ထဲမှာ ကျန်နေသေးတဲ့ရေတွေကို အိမ်ထောင်စုအလိုက် ကျေးရွာက သတ်မှတ်ထားတဲ့ သတ်မှတ်ချက်အတိုင်း ခွဲတမ်းစနစ်နဲ့ မျှပေးနေပေမယ့် နွေရာသီရောက်လာရင်တော့ ရေငတ်ပြတ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

တောင်ယာထဲကနေ အလုပ်ကပြန်လာရင် ရေမိုးမချိုးနိုင်ကြပဲ ရေကို အချွေတာဆုံး သုံးစွဲနေကြရတာပါ။
“ချက်ပြုတ်တဲ့အချိန်မှာလည်း ရေမရှိဘူးပေါ့နော်။ ချက်ပြုတ်တဲ့အချိန်ရေလိုတယ်။ နောက်အဲ့ဒီဆေးကျောတဲ့အ ချိန်လည်း လိုတယ်။ ဆေးကျောတဲ့အချိန် ချွေတာပြီးဆေးကျောနေရတာပေါ့နော်။ အပင်တွေ၊ ဟင်းသီးဟင်း ရွက်တွေဆိုရင်လည်း အခုချိန်က ရေမရှိခါကျတော့ အခြောက်တွေပဲစားရတယ်။ အစိမ်းတွေ စားချင်တော့လည်း အိမ်ခြံစိုက်ပျိုးရေး စိုက်မယ်ဆို ရေမရှိဘူး။ အိမ်ခြံစိုက်လို့ရှိရင် ခြေလက်ဆေးတဲ့ ဟာနဲ့ပဲစိုက်ရတယ်။ ရေလောင်း ရတာပေါ့။” လို့ လောလျာခူကျေးရွာက မတီမိုးက ဆိုပါတယ်။

လောခုခူကျေးရွာမှာတော့ လျှော်ဖွတ်ဖို့နဲ့ ချိုးဖို့အတွက် ရွာအောက်ဘက် တောင်ကြားက လျှိုထဲမှာ ရေကန်တစ်ခု ကျန်နေသေးတဲ့အတွက် သိပ်မစိုးရိမ်ရသေးပေမယ့် သောက်သုံးရေအတွက်တော့ ရှေ့လတွေမှာ ပိုပြီးပြတ် လတ်လာနိုင်လို့ ၎င်းအတွက် ကြံရာမရ ဖြစ်နေကြပါတယ်။

အဆိုပါရေကန်ကနေ သောက်သုံးရေအတွက် ရွာပေါ်အထိ သွယ်ယူဖို့ ကိုယ်ထူကိုယ်ထ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

လောခုခူကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒေဖဲက “ဒီရေကို တွယ်တာကျတော့ ကိုယ်ထူကိုယ်ထပဲပေါ့နော်။ ကျနော်တို့ လုပ်အားပေးနဲ့ ကျနော်တို့ လုပ်တာပေါ့နော်။ ဒါပေမယ့် မအောင်မြင်ဘူးပေါ့။ ကျနော်တို့ ပိုက်က ကော်ပိုက်ဆိုတော့ အကုန်လုံး တောင်မတက်နိုင်တဲ့ခါကျတော့ သူက ပေါက်ကွဲသွားတာပေါ့။ အဲ့လိုမျိုး။ နည်းစနစ်လည်း မမှန်လို့ ဖြစ်မှာပါ”လို့ ဆိုပါတယ်။

တခါ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလည်း ရေသွယ်ယူပေးဖို့ လုပ်ဆောင်ခဲ့ပေမယ့် အလားတူ မအောင်မြင်ပဲ ဖြစ်ရပြန်ပါတယ်။

ဒါပေမယ့်လည်း ဒီလိုရေရှားပါတဲ့ကာလကို ကျော်ဖြတ်နိုင်ဖို့အတွက် ဒေသခံလူထုတွေကတော့ မိသားစုတွင်း သောက်သုံးရေ အလုံအလောက်ရရှိဖို့အတွက် အကူအညီတွေကို မျှော်လင့်နေကြပါတယ်။

“အဲ့မျိုးကားနဲ့ဘာနဲ့လာပို့ နွေရာသီအချိန် သူတို့ အဲ့မျိုးလာပို့ပေးနိုင်ရင် တစ်အိမ်နည်းနည်းသွားခပ်ရင်တော့ အဲ့မျိုးနဲ့ဆို နည်းနည်းတော့ လုံလောက်မယ်လို့ ထင်ပါတယ်။” လို့ လောခုခူရွာက ဒေါ်ထွားမယ်က ဆိုပါတယ်။

နွေရာသီမတိုင်ခင်အထိတောင် တောင့်ခံထားဖို့ အခြေအနေမဟန်တော့တဲ့ လောလျာခူကျေးရွာကတော့ ရေအကူအညီတွေကို မျှော်လင့်နေကြပါတယ်။

လောလျာခူကျေးရွာခံ မတီမိုးက “ဒီအချိန်က ရေမရှိဘူး။ ရေရှားခါကျတော့ လာပို့ပေး၊ ဒီရေကန်လည်း ရှိတာပေါ့နော်။ ရေကမရှိဘူး။ အဲ့မျိုးခါကျတော့ လိုအပ်တဲ့အချိန် လာပို့ပေးလို့ရလားပေါ့။ ရေလည်း ရွာထိ ရောက်အောင်လည်း တွယ်ပေးလို့ ရလားပေါ့။ တောင်းဆိုချင်တာပေါ့နော်။” လို့ ဆိုပါတယ်။

ယခင်နှစ်တွေထက် ဒီနှစ်က စောပြီးရေရှားပါးတဲ့အခြေအနေကို ကြုံနေရပြီး လက်ရှိမှာတော့ ဒီလိုအခက်အခဲကို ဒေသခံတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းတောင့်ခံနေကြဆဲပါ။

spot_img
spot_img

Recent posts