spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယခုတော်လှန်ရေးဟာ ကိုယ့်သမိုင်းကိုယ်ဖန်တီးရေးသားရမယ့် အချိန်ကာလဖြစ်ကြောင်း KNPP ဥက္ကဌပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အင်လိုက်အားလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသလိုနည်းမှန်လမ်းမှန်နဲ့ ကိုယ့်သမိုင်းကိုယ် ဖန်တီးရေးသားရမယ့် ချိန်ကာလဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဌ ခူဦးရယ်က ပြောပါတယ်။

“ ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေးကော လူထုတော်လှန်ရေးပါ အသွင်ပြောင်းပြီးတော့ ပေါင်းစပ်တိုက်ပွဲဝင်နေတဲ့ အခြေအနေမျိုးအောက်မှာ ကျနော်တို့အနေနဲ့ ခုနပြောတဲ့ အားလုံးတတွေ တစ်သဘောတည်းရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို နည်းမှန်လမ်းမှန်နဲ့ ကျနော်တို့သမိုင်းကို ကျနော်တို့ဘာသာ ဖန်တီးပြီးတော့ ရေးသားရမယ့် အချိန်ကာလဖြစ်ပါတယ်။” လို့ ခူဦးရယ်က ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းမှာ အွန်လိုင်းမှတဆင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) မှ ကြီးမှူးကျင်းပပြုလုပ်တဲ့ ပထမအကြိမ် ပြည်သူ့ ညီလာခံဖွင့်ပွဲ မိန့်ခွန်းမှာ ခူဦးရယ်က ပြောဆိုသွားတာ ဖြစ်ပါတယ်။

“ကျနော်တို့ရဲ့တိုက်ပွဲဟာ ဒီမိုကရေစီအရေးမဟုတ်ဘဲနဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တက်လှမ်းကြမယ်ဆိုပြီးတော့ ကျနော်တို့အတူတကွ သဘောထပ်တူကျရင်းနဲ့ ခုလို အင်တိုက်အားတိုက်နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။” လို့ ခူဦးရယ်က ဆက်ပြောပါတယ်။

တိုင်းရင်းသားတွေဟာ ဒီမိုကရေစီရေး၊ တိုင်းရင်းသားတန်းတူညီရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုင်ပွဲဝင်ကြတာ နှစ်ပေါင်း (၇၀)ကျော်ကြာမြှင့်နေပြီဖြစ်သလို သမိုင်းအမှားနဲ့ မတရားမှုတွေကို ဖြေဖျောက်ပြီးတော့ မှန်ကန်တော်သင့်တဲ့သမိုင်းနဲ့ တန်းတူရည်တူအခွင့်အရေးကို လှည်းနေ လှေအောင်းမကျန် ရှိသမျှသော ပြည်သူတစ်ရပ်လုံးက လက်နက်ကိုင်ခုခံတော်လှန်ရေးနဲ့ လူထုတော်လှန်ရေးပေါင်းစပ်ပြီး အရှိန်အဟုန်နဲ့ တိုက်ပွဲဝင်နေတဲ့ကာလဖြစ်တယ်လို့ ခူဦးရယ်က ဆက်ပြောပါတယ်။

အသက်၊ သွေး၊ ချွေး ရင်းပြီး တော်လှန်တိုက်ပွဲဝင်နေတာဟာ မျိုးဆက်သစ်တွေရဲ့ အနာဂတ်လှပဖို့အတွက် ရှိသမျှ ညာဏ်စွမ်းရှိသမျှ နဲ့ ရှိသမျှအားနဲ့ အတူတကွရုန်းကန်ပြီး တိုက်ပွဲဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ပြည်သူ့ ညီလာခံအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့မှစ ဇန်နဝါရီလ ၃၀ ရက်နေ့ အထိ ၄ရက်တာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ညီလာခံမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို အတည်ပြုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

နှစ်ရှည်လများ မျှော်လင့်တောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ညီလာခံမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်မှာပါတဲ့ မူဝါဒနဲ့အညီ ဥပဒေပြုရေး မဏ္ဍိုင်အနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွှန့်က ပြောပါတယ်။

ညီလာခံကြီးမှ ဖက်ဒရယ်ပဋိညာဉ်ကို အတည်ပြုပြီးတာနဲ့ ဆောလျင်စွာ လွှတ်တော်ကိုခေါ်ယူပြီးတော့ ထုတ်ပြန်ပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပြည်သူ့ညီလာခံမှာပါဝင်မယ့် အဖွဲ့တွေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို သဘောတူတဲ့ အစုအဖွဲ့အသီးသီးရဲ့ ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊ နိုင်ငံရေးပါတီများ၊ သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်များ၊ လူနည်းစုဆိုင်ရာအစုအဖွဲ့များအပါအဝင် အရပ်ဖက်အဖွဲ့အစည်းများ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာပါဝင်နေကြတဲ့ နိုင်ငံဝန်ထမ်း CDMများ၊ CDM လုပ်ရှားမှုဆိုင်ရာအဖွဲ့အစည်းများ၊ လူထုသပိတ်လုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ကြားကာလ ဖက်ဒရယ်ယူနစ် ကိုယ်စားပြုကော်မတီများ ပါဝင်တက်ရောက်ကြပါတယ်။

spot_img
spot_img

Recent posts