spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယခုနှစ်အတွင်း စိုက်ပျိုးမြေရဲ့ သုံးရာခိုင်နှုန်းကိုသာ စိုက်ပျိုးနိုင်တဲ့အတွက် ရိက္ခာအခက်အခဲဖြစ်လာမှာကို စိုးရိမ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က ဆန်စပါးတွေ အဓိကထွက်ရှိရာ နယ်မြေတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး၊ အာဏာမသိမ်းခင်ကာလက စိုက်ပျိုးနိုင်တဲ့ဧရိယာရဲ့ သုံးရာခိုင်နှုန်းလောက်ကိုသာ စိုက်ပျိုးထုတ်လုပ်နိုင်ကြတော့တဲ့အတွက်၊ ရေရှည်စားနပ်ရိက္ခာတွေအတွက် စိုးရိမ်ရတယ်လို့ ကရင်နီ စစ်ရှောင်ကူညီရေးအသင်းရဲ့ အသင်းဝင်တဦးက ပြောပါတယ်။

“ပြန်စိုက်ပျိုးဖို့က အရမ်းခက်ခဲတယ်။ ပြန်မစိုက်ရတဲ့ ပြည်သူတွေနေတဲ့ တချို့စစ်ရှောင်တွေလည်း အလှူရှင်တွေလည်း မရောက်တဲ့နေရာလည်းများတယ်။ လယ်ယာတွေက စစ်ဖြစ်တဲ့နေရာနဲ့နီးလို့ ပြန်လုပ်လို့ ဆင်မပြေဘူး။ပုံမှန် စိုက်ပျိုးလို့ရနိုင်တဲ့နေရာတွေက အခုချိန်က တိုက်ပွဲဧရိယာတွေလို့ပြောလို့ရတာ‌ပေါ့။ စိုက်ပျိုးလို့မရတော့ အခြားနေရာကနေ လမ်းကြေးပေးပြီး ဒီဖက်လာရောင်း စျေးတင်ရောင်း စျေးကပိုတက်သွားဗျ။ လက်ရှိဆို တော်တော်လေးနည်းလာတယ်ဗျ စိုက်ပျိုးလို့ရတဲ့ နေရာက သုံးရာခိုင်နှုန်းလောက်ပဲ ရတော့မယ်ဗျ”လို့ ကရင်နီ စစ်ရှောင်ကူညီရေးအသင်းရဲ့ အသင်းဝင် တဦးကပြောပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက် စစ်ရှောင်လူဦးရေ နှစ်သိန်းခွဲရှိလာပြီး၊ စစ်ရှောင်အများစုဟာ အလှူရှင်ရဲ့ ပံ့ပိုးမှုကိုသာ မှီခိုနေရတာပါ။ ဆန်စပါးအဓိက စိုက်ပျိုးထုတ်လုပ်နေတဲ့ ဒီးမော့ဆို နဲ့ လွိုင်ကော် မြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေအများဆုံး ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

စစ်ရှောင်ရင်း တနိုင်တပိုင် စိုက်ပျိုးမှုတွေလည်းရှိနေပေမဲ့ စိုက်ပျိုးနိုင်တဲ့ မြေနေရာ အခက်အခဲနဲ့ စစ်ရှောင်ဦးရေတွေမမျှတတာကြောင့် စားနပ်ရိက္ခာတွေဖူလုံမှုမရှိဘူးလို့သိရပါတယ်။

“အဓိကကတော့ တိုက်ပွဲ ကြာရှည်လာတာနဲ့အမျှ အလှူရှင်ရှားပါးမှုကို ကြုံလာရတာပေါ့နော်။ ပြီးတော့မှ ဒီ ရိက္ခာပြတ်လပ်မှုတွေလည်း ကြုံလာတာပိုများလာတယ်။ နောက်ပြီးမှ ဒီကုန်စျေးနှုန်း တွေတက်လာတယ် ။ ပြီးတော့မှ နောက်တခုက လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲလာတယ်ပေါ့နော်။ အဆိုးဆုံးက ကျနော်တို့ ပြည်နယ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး မလုပ်နိုင်တဲ့အတွက်ကြောင့်ပါ။” လို့ ကရင်နီပြည် စစ်ရှောင်ကူညီရေး အသင်းဝင်တဦးက ဆိုပါတယ်။

ကရင်နီပြည် ကြားကာလ စီမံအုပ်ချုပ်ရေး ကောင်စီ ရဲ့ သတင်းထုတ်ပြန်ချက်အရ စစ်ရှောင်လူဦးရေ တသိန်းခွဲ အတွက် တလတာ ဆန်ရိက္ခာကုန်ကျမှုက ဆန်အိတ်ပေါင်း ငါးသောင်း အထိရှိနေတာပါ။ ဒီလို ဆန်ရိက္ခာ တွေရရှိနိုင်ဖို့က အလှူရှင်တွေကို အဓိကထားမှီခိုနေရဆဲဖြစ်ပါတယ်။

“တတ်နိုင်သလောက်တော့ သူတို့စိုက်ကြတယ်။ သူတို့ စိုက်ပျိုးကြတယ်။ ဥပမာ သူတို့ နေတဲ့ တဲနားမှာတို့ ပေါ့နော်။ ဒါပေမဲ့ အများကြီး ကျယ်ကျယ်ပြန့်ပြန့်တော့ မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် တချို့က လုပ်ပြီးတော့ ပြန်ပြေးနေရတယ်လေ။ ကျည်ဆံကျတာတို့ လက်နက်ကြီး ကျတာတို့ ပြီးတော့ လေယာဉ်လာကြဲတာတို့ဆို သူတို့ ခဏခဏ ပြေးရလို့ပေါ့နော်၊ အဲ့လိုအခြေအနေတော့ရှိတယ်။ ဟုတ်တယ် တော်တော်များများက သူတို့မစိုက်နိုင်ဘူးပေါ့နော်။ သူတို့စိုက်ပြီးတော့ သူတို့ သီးနှံတွေပွင့်‌တော့မဲ့ အချိန်မှာ အဲ့မျိုး ပြန်ပြေးရတာမျိုးတို့ ခဏခဏ ကြုံရတယ်ပေါ့နော် စစ်ရှောင်တွေက” လို့ ကရင်နီစစ်ရှောင်တွေကို ကူညီနေတဲ့ CTER အဖွဲ့က မော်သဲမာက ပြောပြပါတယ်။

လက်ရှိစစ်ရှောင်စခန်းတွေမှာ ဆန်ရိက္ခာပြတ်လပ်မှုတွေ မကြာခဏကြုံတွေ့နေရပြီး ထမင်းလျော့စားနေရတဲ့ စစ်ရှောင်စခန်းတွေရှိနေသလို၊ အစာအာဟာရ ပြည့်ဝအောင်မစားသောက်နိုင်တဲ့ ကလေးတွေမှာ အာဟာရချို့တဲ့မှုတွေကိုလည်း တွေ့နေရတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေဆီကနေ သိရပါတယ်။

“အရင်တုန်းက အာဏာမသိမ်းခင်တုန်းက ကျမတို့ တောင်ယာတွေ လယ်ယာတွေလုပ်လာခဲ့တယ်။ အရမ်းအဆင်ပြေခဲ့တာပေါ့‌နော်။ ဒါမဲ့ ဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျမတို့တွေက လုံးဝအဆင်မပြေတော့ဘူးဖြစ်တယ်။ စစ်မြေပြင်တွေက အရမ်းများခါကြတော့ မစိုက်နိုင်တဲ့နေရာတွေ အရမ်းများတာပေါ့နော်။ ဒါကြောင့်မို့လို့ သုံးပုံတပုံလောက်ပဲ စိုက်နိုင်တယ်လို့ ကျမတော့ တွေးတယ်”လို့ စစ်ရှောင်အမျိုးသမီးတဦးက အခုလိုပြောပါတယ်။

ကရင်နီပြည်မှာ စစ်ရှောင်ဦးရေ နှစ်သိန်းခွဲကျော်ရှိနေပြီး ဒီးမော့ဆိုမြို့နယ်မှာ အများဆုံးရှိနေပါတယ်။

spot_img
spot_img

Recent posts