ယင်းတလဲ(တလိုင်း) မျိုးနွယ်စုရဲ့ ရိုးရာ တစေ့တစောင်း

စူးမယ်

စိုးရိမ်ဖွယ်ရာဖြစ်နေတဲ့ တလိုင်းဆိုတဲ့ ယင်းတလဲ လူမျိုးဟာ ဘောလခဲမြို့ ကယားပိုင်းရပ်ကွက်၊ စလဲလုံရွာ နဲ့ သံလွင်မြစ် စီးဆင်းနေတဲ့ ဖားဆောင်းမြို့နယ်က သံလွင်မြစ်ကမ်းဘေး ဝမ်အောင်းရွာတို့မှာ ယင်းသလဲ(တလိုင်း) လူမျိုးတွေ အများဆုံးနေထိုင်ကြတဲ့ ဒေသတွေဖြစ်ပါတယ်။

ယင်းတလဲ(တလိုင်း) စကားအရ ရှေးယခင်က တလိုင်၊ မနှု၊ မူထမ်း၊ လောင်ခိုက် ဆိုတဲ့ လူလေးစု ရှိတယ်လို့ ပြောကြတယ်။ နေဝင်တဲ့ဖက်မှာ နေတဲ့သူကို မူနှု၊ သံလွင်အရှေ့ဖက်မှာ နေတဲ့ ကယားကို မူထမ်း၊ ချောင်းဖျားမှာ နေတဲ့ ကယန်းကို လောင်ခိုက်လို့ ခေါ်ဆိုပြီး အောက်ပိုင်းမှာ နေတဲ့ ယင်းတလဲကို တလိုင်းလို့ ခေါ်တာဖြစ်တယ်လို့ ရန်နိုင်စရိုင်းက ပြောပါတယ်။

ယင်းတလဲလို့ အများသိထားကြတဲ့ တလိုင်းရဲ့ အဓိပ္ပါယ်ဟာ မူရင်းနေတဲ့သူ (ပျိုင်သလိုင်)လူမျိုး သို့မဟုတ် အောက်လူမျိုးလို့လည်း အဓိပ္ပါယ် ရပါတယ်။

ဘောလခဲမြို့ ကယားပိုင်းရပ်ကွက်မှာ နေထိုင်ကြတဲ့ ယင်းတလဲ (တလိုင်း)လူမျိုးတွေရဲ့ နေအိမ်တွေမှာ အရင်ဦးဆုံး မြင်တွေ့ရတာက တောကောင်ရဲ့ ဂျိုတွေပါ။ သူတို့ရဲ့ အိမ်မှာဆိုရင်တော့ တောလိုက်ဖို့ တူမီးသေနတ်တွေလည်း ရှိနေတတ်တာကို ကြည့်ခြင်းအားဖြင့် သူတို့တွေဟာ အမဲလိုက်တဲ့ ဓလေ့လေး ရှိတယ်ဆိုတာလည်း မှန်းမိမှာပဲ ဖြစ်တယ်။

သူတို့တွေမှာ တစ်နှစ်တစ်ခါ ပြုလုပ်လေ့ရှိတဲ့ ရိုးရာပွဲတွေဖြစ်တဲ့ ဒီးကူပွဲ၊ ကောက်သစ်စားပွဲ၊ တောလိုက်ပွဲ၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် ရေနတ်ပူဇော်ပွဲ၊ ကေ့ထျိုးဘိုးပွဲ စတဲ့ ဓလေ့တွေကိုလည်း ပြုလုပ်လေ့ရှိကြပါတယ်။

ရိုးရာပွဲတွေမှာ အသုံးပြုတဲ့ သူတို့ရဲ့ တူရိယာတွေ အစစ်ကဖြစ်တဲ့ ဗုံ၊ မောင်း၊ ဝါးလက်ခုတ် ၊ ပုလွေ၊ ဝါးခေါက်တို့ ဘယ်လိုဖြစ်လာပြီး ဘယ်လိုပွဲမျိုး တွေမှာ အသုံးပြုကြသလဲ ဆိုတာနဲ့ပါတ်သက်ပြီး စလဲလုံရွာမှ အသက် ၆ဝ ကျော် ဦးရန်နိုင်စရိုင်းက ” တူရိယာတွေ ဘယ်ကနေ စပေါ်လာတာလဲဆိုရင် ယာထဲမှာ ငှက်ကို စောင့်တဲ့အချိန်မှာ ငှက်ကို ခြောက်တယ်။ တစ်ယောက်က ဝါးလက်ခုတ်ကို လုပ်တယ်။ ပျင်းလို့ လုပ်တာ။ ငှက်ခြောက်တာ။ နောက်တစ်ယောက်က ပုလွေမှုတ်တယ်။ တစ်ယောက်က ဝါးကို တိတ်တုန်းတိတ်တုန်း ခုတ်တယ်။ သုံးယောက်ပေါင်း ပေါင်းပြီးတော့မှ တီးကြတာပေါ့။ တီးပြီးတော့မှ ကျနော်တို့ ကောက်ညှင်းထုတ်ပွဲဆို ရှေးအစဉ်အလာက ကောက်သစ်စားပွဲ ခေါ်တာပေါ့။ (အားမိဘောက်တစ) ဆိုတာ ကောက်သစ်စားပွဲပေါ့။ တီးတဲ့အခါကျတော့ သူတို့ ရွာပြန်တာပေါ့။ ပြောင်းကောက်တွေ ပြီးတာက ရိုတ်တာက ဒီဇင်ဘာကိုး။ ချမ်းတဲ့အခါ မီးပုံ ပုံပြီးတော့မှ တီးတာကိုး။ အဲဒီအဖွဲ့တွေက သုံးယောက်ပေါင်းပြီးတော့မှ တီးတာ။ တီးတဲ့အခါ အသံက ဪ နားဝင်ချိုတယ်ကွာ မင်းလုပ်တဲ့သူက မင်းတို့ ဘယ်ကနေ ရလာတာလဲလို့မေးတော့ ပျင်းလို့ လုပ်တာဆိုတော့ အင်း ဘာမှမထူးဘူးကွာ ငါတို့ တူရီယာကို လုပ်ရအောင်လို့ ပြောတယ်။ မာကို့ထို့မောင်း လုပ်ရအောင်ကွာ ဆိုပြီးတော့မှ လုပ်တာ။ အရင်တုန်းက ကောက်ညှင်းထုတ်ပွဲလို့ မခေါ်ဘူးလေ။ အားမိဘောက်တစ ကောက်သစ်စားပွဲလို့ခေါ်တယ်။ အက ကတာက တောင်ယာခုတ်တဲ့အချိန်ကနေ သိမ်းတဲ့အထိ ကရတယ် အရင်တုန်းက အခုတော့ မရှိတော့ဘူး ရိုးရိုးပဲ ကတော့တယ်။ တစ်နှစ်တစ်ခါ ကောက်သိမ်းပြီးမှ ကောက်ညှင်းထုတ်ပွဲလုပ်တယ်။”လို့ အကြောင်းအရာ အသေးစိတ်ပြောပြပါတယ်။

ယင်းတလဲ(တလိုင်း)လူမျိုးတွေမှာ အမျိုးသမီးတွေရဲ့ နာမည် နောက်မှာဆိုရင် မိန်း ( ကော်မိန်း၊ ဘောက်မိန်း) ဆိုပြီး မှည့်ထားကြသလို အမျိုးသားတွေရဲ့ နာမည်နောက်မှာလည်း ရိုင်း ( စရိုင်း၊ ဘရိုင်း) ဆိုပြီး မှည့်ထားကြပါတယ်။

ဒါ့အပြင် ဝတ်စားဆင်ယင်မှုတွေမှာလည်း အခုခေတ် ယင်းတလဲ(တလိုင်း)တွေ ဝတ်ထားတဲ့ ထမိန် အရှည်မဟုတ်ဘူးလို့ အသက် ၈ဝ ကျော် ယင်းတလဲ အမျိုးသား ရီရိုင်းက ပြောပါတယ်။

ရီရိုင်းက “ရှေးခေတ်က ယင်းသလဲအမျိုးသမီးတွေဆိုရင် ထမိန်အတို ဝတ်ကြတယ်။ ယောကျာင်္းတွေလည်း ဘောင်းဘီ အတိုပဲ ဝတ်ကြတယ်။ နောက်ပိုင်းကျတော့ ထမိန်အရှည်ကို ဝတ်လာကြတယ်”လို့ ဆေးလိပ်ခြောက် တဖွာဖွာနဲ့ ပြောပြနေပါတယ်။

အခုဆိုရင် ယင်းသလဲ (တလိုင်း) လူမျိုးတွေဟာ အားလုံးပေါင်း လူဦးရေ တစ်ထောင်ဝန်းကျင်သာ ကျန်နေတော့တယ်ဆိုတာ သူတို့တွေကလည်း သိနှင့်ပြီးသားဖြစ်ပါတယ်။ သမိုင်းအမွေအနှစ်တွေနဲ့ ရိုးရာ ယဉ်ကျေးမှုတွေ ထိန်းသိမ်းစောင့်ရှောက်ဖို့ စာပေမရှိခြင်းကလည်း ယင်းသလဲလူမျိုး( တလိုင်း) တွေရဲ့ သမိုင်းတွေ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါတယ်။

ယင်းတလဲ(တလိုင်း)တွေရဲ့ ယင်းတလဲ လူမျိုးတွေမှာ ရှေးယခင်ကတည်းက တစ်စုတစ်ပေါင်းတည်း နေထိုင်လာခဲ့ရာပြီး ကမာ္ဘစစ်ကြောင့် ပြေးရှောင်ရင်း ရေကြည်ရာ မြက်နုရာ လုပ်ကိုင်စားသောက်ပြီး တစ်ကွဲတစ်ပြားစီ ဖြစ်နေကြတာဖြစ်တယ်လို့ ပြောပါတယ်။

ရှေး ယခင်က လူဦးရေ များတဲ့ ယင်းတလဲလူမျိုးဟာ ကယားပြည်နယ်အတွင်းမှာ ရွာပေါင်း ၆ဝ ကျော်ရှိခဲ့ဖူးပြီး စစ်ဘေးဒဏ်အပြင် နှစ်ပေါင်း ရာကျော်အတွင်းမှာ ပလိပ် ကပ်ဘေးကြောင့် ရွာလုံးကျွတ် သေခဲ့တာမျိုးလည်း ရှိကြောင်းကို ဘိုးဘွားတွေ ပြောပြချက်အရ သိရတယ်လို့ ရန်နိုင်စရိုင်းက ပြောပါတယ်။

၁၈ ရာစုနှစ်က အိမ်ခြေ ၁ဝ အိမ်ခန့်နဲ့ ရွာတည်ဆောက်ခဲ့တဲ့ ဝမ်အောင်းကျေးရွာဟာ အခုဆိုရင် အိမ်ခြေပေါင်း ၁၀ဝကျော်နဲ့ လူဦးရေ ၅၀ဝ ကျော်ခန့် ရှိလာပါပြီ။

လက်ရှိ အိမ်ခြေ ၃၆ ရှိပြီး လူဦးရေ ၁၂ဝ ကျော် ရှိတဲ့ စလဲလုံရွာဟာလည်း ကပ်ဘေးအပြီး ယင်းတလဲ လူမျိုး ပြန်လည်ပေါင်းစည်းနေချိန် အိမ်ထောင် ၃ စုနဲ့ ရွာပြန်လည် တည်ဆောက်ခဲ့တာ ဖြစ်တယ်။

ယင်းတလဲလူမျိုးတွေဟာ တောင်ယာလုပ်ကိုင်ခြင်းနဲ့ တောကောင်လိုက်ခြင်းတွေနဲ့ အသက်မွေးဝမ်းရေးအတွက် အဓိက မှီခိုအားထားကြပါတယ်။ မြစ်ချောင်းများနဲ့ တောတောင်တွေကို မှီခိုပြီး တောင်ယာနှမ်းခင်းတွေနဲ့ ပြောင်းကောက်တွေ အဓိက စိုက်ပျိုးကြပြီး ငါးဖမ်းခြင်းနဲ့ တောကောင်လိုက်တာတွေကို မှီခိုအားထားနေကြတာ ဖြစ်တယ်။

ယင်းတလဲ(တလိုင်း) လူငယ်တစ်ဦးဖြစ်တဲ့ ကိရိုင်းက “ကျနော်တို့ ယင်းတလဲ လူမျိုး ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် ကျနော်တို့ စာပေကို အဓိကထား လုပ်ဆောင်ရမှာပေါ့။ ကျနော်တို့ သွေးနှောလိုက်လို့ လူမျိုးပျောက်တယ်။ အဓိက အားနည်းချက်က ကျနော်တို့မှာ စာပေမရှိတာ အားနည်းတာပေါ့နော်။ အခုနောက်ပိုင်းမှပဲ နိုင်ငံတော် အစိုးရရဲ့ နည်းနည်းပွင့်လင်းမြင်သာတယ်လို့ပဲပြောရမှာပေါ့ စာပေတွေ ယဉ်ကျေးမှုတွေ ဓလေ့ထုံးတမ်းတွေ နည်းနည်းပါးပါး လွတ်လွတ်လပ်လပ်နဲ့ လုပ်လာနိုင်တာပေါ့။ နောက်ကျရင် စာပေနဲ့ပဲ ထိန်းသိမ်းသွားမယ် ကျနော်တို့ လူမျိုးတွေအတွက်။ အခုက လူမျိုးတွေ ပျောက်တယ်။ စာပေတွေ ပျောက်တယ်ဆိုတာက ကျနော်တို့ လူမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် တချို့လူတွေက ကိုယ့်ကို မခံယူတဲ့ အနေအထားမျိုးမှာ ရှိတာပေါ့နော်။ ဆိုတော့ ကျနော်တို့ရဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ကျနော်တို့ မချပြနို်င်တာ တစ်ကြောင်း စိတ်ပါဝင်စားမှုကလည်း နည်းတာပေါ့။ အဲဒါကြောင့်မလို့ ကျနော်တို့စာပေနဲ့ ယဉ်ကျေးမှုကို မြင့်တင်မှာပေါ့။ စာပေနဲ့ ယဉ်ကျေးမှုကို မြင့်တင်မှပဲ စာပေမြင့်မှပဲ ကျနော်တို့ လူမျိုးလည်း မြင့်မယ်လို့ သုံးသပ်မိတယ်”လို့ ပြောပါတယ်။

ယင်းတလဲ(တလိုင်း) လူမျိုးတွေ မပပျောက်သွားအောင် လူဦးရေနဲ့ စာပေကို မြင့်မားရုံတင်မကပဲ တလိုင်း ဖြစ်လာတဲ့ သမိုင်းအကြောင်းကိုလည်း ပြန်လည်ပြုစုသင့်တယ်လို့ လူငယ်တွေက ပြောပါတယ်။

လူမျိုး မပျောက်ကွယ်သွားဖို့အတွက် စာပေတာ အရေးကြီးတာ ဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဆယ်သဲ သင်ယူလေ့လာရေး ဆုံရပ်ကျောင်းဆင်း ယင်းတလဲ(တလိုင်း) လူငယ်တွေက ယင်းတလဲ စာပေ တီထွင်အောင်မြင်ပြီး ရပ်ရွာတွေမှာ သင်ပြ ပို့ချတာတွေ ရှိနေခဲ့ ပါတယ်။

အခုလက်ရှိ ကယားပြည်နယ် ဘောလခဲ မြို့နယ်ထဲက ကရင်နီတို့ရဲ့ စောဖျာ စဝ်လဖော်နေထိုင်ခဲ့တဲ့ စောလုံရွာရဲ့ အထက်ပိုင်းမှာ ရေကာတာတည်ဆောက်ဖို့ လျာထားတဲ့ အစီအစဉ်ရှိခဲ့ပါတယ်။ ဒေသခံ ပြည်သူတွေက ရေကာတာ တည်ဆောက်ဖို့ ကန့်ကွက်ထားတဲ့အတွက် ရပ်ထားပေမယ့် ပြန်လည်ဆောက်မှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်စိတ်တွေ ရှိနေကြပါတယ်။

ပွန်ချောင်းနဲ့ သံလွင်မြစ်ကို အခြေပြုပြီး နေထိုင်ကြတဲ့ ယင်းတလဲ(တလိုင်း) လူမျိုးတွေအတွက် ဒီ မြစ်ချောင်းပေါ်မှာ ရေကာတာ ဆောက်မယ်ဆိုရင် လူအနည်းစုဟာ ပိုမို ပျောက်ကွယ်သွားမလား ဆိုတဲ့ မေးခွန်းကလည်း သူတို့တွေကြားမှာ မေးစရာ ဖြစ်လာပါတယ်။

ရေကာတာနဲ့ ပါတ်သက်ပြီး ဒေသခံ ပြည်သူတွေ သဘောမတူလျှင် ဆောက်ခွင့်မရှိဘူးလို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကပြောပါတယ်။

ဝန်ကြီးချုပ်က ယင်းတလဲ( တလိုင်း ) လူဦးရေ နည်းတာနဲ့ ပါတ်သက်ပြီး “ကျနော့်အထင်ကတော့ ကျနော်တို့ တိုင်းရင်းသားတွေက ရေကြည်ရာ မျက်နုရာကိုသွားပြီး နေထိုင်စားသောက်ကြတယ်။ ဒီအပေါ်မှာ ပြန့်သွားတဲ့နေရာလည်း ရှိမယ် စုသွားတဲ့နေရာလည်း ရှိမယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျနော့်အနေနဲ့ ဖြစ်စေချင်တာကတော့ အကြံပေးချင်တာကတော့ ကျနော်တို့သည် ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေဖြစ်တယ် ဘယ်နေရာကိုပဲရောက်ရောက် ပြည်တွင်းက တိုင်းရင်းသားတွေဖြစ်တဲ့အတွက် ကိုယ်ပြည်နယ်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ကြိုးပမ်းဆောင်ရွက်သွားနိုင်ဖို့သာလျှင် အဓိကကျတယ်လို့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။

စာပေ တရားဝင် အတည်ပြုပေးနိုင်ဖို့နဲ့ ပါတ်သက်ပြီး အစိုးရသစ် လက်ထက်မှာ တိုင်းရင်သား လူမျိုးတွေရဲ့ စာပေကို အလေးအနက်ထားတဲ့အတွက် အတည်ပြုပေးနိုင်ဖို့ ဥပဒေနဲ့အညီ တင်ပြနိုင်ရေးကို ဖိတ်ခေါ်တယ်လို့ ဝန်ကြီးချုပ်က ဆက်ပြောသွားပါတယ်။

Comments

comments

Next Post

FHI 360 အပါအဝင် မဟာမိတ်အဖွဲ့အစည်း ၂၂ ဖွဲ့မှ အတည်ပြုလက်မှတ်ရေးထိုး၍ USAID မှ ထောက်ခံသော နိုင်ငံတကာအမျိုးသမီးနေ့ ကြေညာချက်

Wed Mar 8 , 2017
FHI 360  အပါအဝင် မဟာမိတ်အဖွဲ့အစည်း ၂၂ ဖွဲ့မှ အတည်ပြုလက်မှတ်ရေးထိုး၍ USAID   မှ ထောက်ခံသော နိုင်ငံတကာအမျိုးသမီးနေ့ ကြေညာချက် BeBoldForChange (Approved by USAID and with 22 Endorsements) (English) (Word) BeBoldForChange (Approved by USAID and with 22 Endorsements) (English) (PDF) IWD Statement (Approved by USAID, with 22 Endorsements) (Burmese) (Word) IWD Statement (Approved by USAID, with 22 Endorsements) […]