spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယင်းတလဲစာပေတွေကို စာသင်ကျောင်းတွေမှာ ထည့်သွင်း သင်ကြားပေးနေ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်ထဲမှာရှိတဲ့ ယင်းတလဲ လူမျိုးစု အနေနဲ့ လူမျိုးမပျောက်ကွယ်အောင် စာပေတွေကို ယင်းတလဲလူမျိုးတွေ အများစုနေထိုင်တဲ့ဒေသက စာသင်ကျောင်းတွေမှာ ဘာသာရပ်တစ်ခုအနေနဲ့ စတင်သင်ကြားပေးနေပြီလို့ ယင်းတလဲလူမျိုး တစ်ဦးက ပြောပါတယ်။

“လူမျိုးလည်း နည်းလာပြီပေါ့နော။ လူမျိုးနည်းလာတော့ အခုကလည်း ဘယ်လိုပြောရမလဲ။ ယဉ်ကျေးမှုပဲ လွှမ်းမိုးတာလား။ လူမျိုးအချင်းချင်းကပဲ လွှမ်းမိုးတာပဲဖြစ်ဖြစ် ကြာလာရင် လူမျိုးပျောက်ကွယ်သွားနိုင်တဲ့ အနေအထားမျိုးမှာရှိတယ်။ ဆိုတော့ ကျနော်တို့ လူမျိုးမပျောက်ကွယ်သွားအောင် စာပေနဲ့ထိန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့လေ။ ကျနော်တို့ အဲဒီလိုမျိုးရည်ရွယ်ချက်နဲ့ ကျနော်တို့စာကို ကျောင်းစာထဲမှာ ထည့်သွင်းရခြင်းဖြစ်ပါတယ်။” လို့ ယင်းတလဲလူမျိုး တစ်ဦးက ပြောပါတယ်။

ဘောလခဲမြို့ထဲမှာရှိတဲ့ ယင်းတလဲလူမျိုးစု အများဆုံးနေထိုင်ရာ ယင်းတလဲ စာသင်ကျောင်းမှာ သင်ကြားပေးနေတာဖြစ်ပြီး လက်ရှိမှာတော့ မူလတန်းကနေ စတင်သင်ကြားနေပြီလို့ ဆိုပါတယ်။

“လောလောဆယ် တစ်ကျောင်းပဲပေါ့လေ။ အဲလိုမျိုး အစမ်းသပ်ကာလပေါ့လေ။ အဲဒါကြောင့်မလို့ ကျနော်တို့ စာသင်ကျောင်းမှာ ထည့်ပေးတဲ့ဟာသည် အတည်ဖြစ်နိုင်ဖို့အတွက် ကျနော်တို့ အစမ်းသင်တယ်။ လိုအပ်တဲ့ဟာတွေကို ကျနော်တို့ ပြန်ချိတ်ဆက်ပြီး လုပ်ကြတာပေါ့နော။ ဒီကယားပြည်နယ်မှာရှိတဲ့ ဌာနေတိုင်းရင်းသား ၆ဖွဲ့လုံးက လုပ်ထားကြတာ။” လို့ ၎င်းက ဆက်ပြောပါတယ်။

ယခင်အစိုးရလက်ထက် ၂၀၁၆ကတည်းက ဌာနေတိုင်းရင်းသားအဖွဲ့တွေနဲ့အတူ ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းကို အသုံးပြုသင်ကြားနေတာဖြစ်ပြီး ၂၀၂၂ခုနှစ်မှာသာ စာသင်ကျောင်းတွင်း ထည့်သွင်းသင်ကြားတာဖြစ်တယ်လို့ ဆိုပါတယ်။

“အခက်ခဲကတော့အများကြီးပေါ့ဗျာ ကျွန်တော်တို့ ဘာလဲဆိုတော့ ကျောင်တွင်းချိန်သင်တဲ့ဟာကျတော့ အချိန်ပေါ့ အတတ်နိုင်ဆုံးတော့ယူတော့ယူထားတာပေါ့ ဒါပေမဲ့ကလေးက ခုမှစသင်တဲ့ခါကျတော့ နည်းနည်းတော့စိမ်းနေတော့ အဲ့ဒါလေးတွေတော့အခက်ခဲရှိတာပေါ့။” လို့ သူက ပြောပါတယ်။

နောက်ပိုင်းတွေမှာ Grade – 1 ကနေ Grade – 2 အဆင့်ဆင့်ထပ်သင်ကြားပေးဖို့ရှိတယ်လို့ ဆိုပါတယ်။ ယင်းတလဲကျောင်းမှာ သင်ကြားပေးနေတာဖြစ်ပေမယ့် တခြားစိတ်ဝင်စားတဲ့ လူမျိုးတွေလည်း တက်ရောက်သင်ယူနိုင်တယ်လို့ ဆိုပါတယ်။

ယင်းတလဲလူမျိုးတွေဟာ တောင်ယာလုပ်ငန်းတွေကို အဓိက လုပ်ကိုင်စားသောက်ကြပါတယ်။ ယင်းတလဲ လူမျိုးစုဟာ ကရင်နီပြည်ထဲက လူမျိုးစုတစ်ခုအနေနဲ့ သတ်မှတ်ကြပြီး လူဦးရေ ၂၀၀၀ ကျော်သာ ရှိတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts