ယဉ်ကျေးမှု ခေါင်းစီးအောက်က အသားကျနေတဲ့ မျက်ရည်

စူးမယ်

ဒီးမော့ဆိုမြို့နယ် ဒေါညေးခူကျေးရွာမှာနေထိုင်တဲ့ အသက် ၃ဝ အရွယ် မော်မီမာ( နာမည်လွဲ )ဟာ ဈေးရောင်းပြီး တောင်ယာကိုအဓိကလုပ်ကိုင်စားသောက်နေတဲ့  အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။

အသက်သုံးဆယ် အရွယ်ပေမယ့် သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကတော့ သိမ်မွေ့လှတာ မဟုတ်ပါဘူး။ သူမဟာသူမနဲ့ ရင်းနှီးတဲ့ အမျိုးသားတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုခံရပြီး  (နှစ်ဦးသဘောတူ အတူနေထိုင်ခဲ့ပေမယ့်လည်း တကယ်တမ်း ကိုယ်ဝန်ရှိလာတဲ့ အခါမှာတော့ အမျိုးသားက တာဝန်မယူခဲ့ပါဘူး။) မကြာသေးခင်က တောင်ယာအလုပ်တွေ လုပ်နေရင်းနဲ့ပဲ အဲဒီ ကိုယ်ဝန်လည်း ပျက်ကျခဲ့ရပါတယ်။

အဲဒီ အတွက် သူမကို ဘယ်လို ဖြေရှင်းပေးကြပါသလဲ။ ရိုးရာဓလေ့တွေအရပဲ ဖြေရှင်းခဲ့ရပါတယ်။ အဲဒီလို အစဉ်အလာတွေကို ယခုတိုင် ပယ်ဖျက်လို့ မရနိုင်တာကြောင့် သူမဘက်က မကျေနပ်ပေမယ့်လည်း အဲဒီ ရိုးရာဓလေ့ကိုပဲ လက်ခံ လိုက်ရပါတယ်။

ရိုးရာ ဓလေ့နဲ့ ဖြေရှင်းပေးတဲ့ချိန်မှာ နစ်နာကျေးအနေနဲ့ သူမ  ငွေကျပ် တစ်သိန်းနဲ့ ပဲ ကျေနပ်လိုက်ရပါတယ်။

မော်မီမြာက ” နာမည်ပျက်တာတော့ အဆုံးထိ ပါသွားမယ်။ အရမ်းနစ်နာလွန်းတော့ သူ့ကို ဘယ်လိုလုပ်လို့ လုပ်ရမှန်းမသိတော့ဘူး။ လျော်ကြေးကို ပိုက်ဆံနည်းနည်းပေးလိုက်တယ်။ ပိုက်ဆံက ဘာနဲ့ လုပ်လို့ရမှာလဲ။”လို့ မျက်ရည်မကျအောင် မျက်တောင်ခတ်ပြီး အဝေးကို ငေးပြီးပြောပြပါတယ်။

ဒေါညေးခူကျေးရွာ အသက် ၃ဝ အရွယ် အမျိုးသမီးတစ်ဦးရဲ့ ရင်ဖွင့်ဟမှုတွေ

ရွာကတာဝန်ရှိတဲ့သူတချို့ကတော့ တရားရုံးနဲ့ ဖြေရှင်းဖို့ သဘောတူကြတာရှိသလို တချို့ကတော့ သဘောမတူကြဘူးလို့ သိခဲ့ရပါတယ်။

ကယားပြည်နယ်ရဲ့ ဒုတိယမြို့တော် ဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ်နဲ့ ၂၈ မိုင်လောက် ဝေးတဲ့ ကယားရွာတွေမှာ ဒီလိုမျိုး ရိုးရာ ဓလေ့တွေကို ထိန်းသိမ်း သုံးစွဲနေဆဲ ဖြစ်ပြီး မော်မီမာလို အမျိုးသမီးတွေ အများအပြား ရှိပါတယ်။

အိမ်ထောင် မကျခင် နှစ်ဦး သဘောတူ အတူတူ နေထိုင်ခဲ့သော်လည်း ကိုယ်ဝန်ရှိလာပြန်တော့ တာဝန်မယူတာ။ အိမ်ထောင် ကျပြီးသော်လည်း အမျိုးသားက ဖောက်ပြန်မှုတွေကြောင့် ပထမအိမ်ထောင်က ကွဲပေးရသော်လည်း  ရိုးရာဓလေ့နဲ့ ကျေအေး ပေးလိုက်ရတာကြောင့် ထိုက်တန်တဲ့ ဖြေရှင်းမှု မရတာမျိုးတွေဟာ အဲဒီဘက်က ကျေးရွာတွေမှာ သိပ်ပြီး ထူးဆန်းလှတဲ့ အကြောင်းအရာတွေ မဟုတ်ပါဘူး။

ခံရသူဘက်က ကျေနပ်သည် ဖြစ်စေ မကျေနပ်သည် ဖြစ်စေ၊  ရိုးရာဓလေ့တမ်း ဥပဒေ ကို ထိန်းသိမ်းသုံးစွဲနေမြဲဖြစ်ပါတယ်။ ရိုးရာဓလေ့ထိန်းသိမ်းသုံးစွဲတဲ့နေရာမှာလူမှုရေးပြဿနာတွေဖြစ်တဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ပြဿနာကိုထုံးတမ်းစဉ်လာနဲ့ပဲ အများဆုံး ဖြေရှင်းကြတာကို တွေ့ရပါတယ်။

ဒီလိုဓလေ့ထုံးတမ်းရိုးရာအစဉ်အလာကိုထိန်းသိမ်းတဲ့ အဲဒီလိုဒေသတွေမှာနေထိုင်ကြတဲ့ အမျိုးသမီးတွေ ဟာရိုးရာဓလေ့နဲ့ ဖိနှိပ်ခံနေရမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ဒါတွေဟာ ဖိနှိပ်ခံရမှု၊ အကြမ်းဖက် ခံရမှု အမျိုးအစားတွေထဲမှာ ပါတယ်ဆိုတာ မသိရှိကြပါဘူး။

မြို့နဲ့ အလှမ်းဝေးတဲ့ ကျေးရွာတွေမှာနေထိုင်ကြတဲ့ အမျိုးသမီးတွေဟာကျေးရွာရဲ့ ဓလေ့ကိုလက်ခံရတာ ဖြစ်သလိုရိုးရာဓလေ့အရဖိနှိပ်ခံနေရမှုကိုမကျေနပ်လို့ ဥပဒေအတိုင်းဆောင်ရွက်ရန် တောင်းဆိုဖို့ အင်အားတွေလည်းမရှိကြပါဘူး။

ဒီလိုကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဥပဒေရေးရာ ကုစားရေးအဖွဲ့(မြန်မာ) Legal Clinic Myanmar မှ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ရိုးရာဓလေ့ဖြင့် ဖြေရှင်းပေးတဲ့ ဥပဒေမှာ အမျိုးသမီးတွေဘက်ကို ထိခိုက်မှုရှိစေတဲ့အတွက် အသိပညာအပိုင်း အများကြီးလိုအပ်နေသေးတယ်လို့ မှတ်ချက်ပြုပြောဆိုသွားပါတယ်။

ဒေါ်လှလှရီက ” ဒီဖြေရှင်းပေးမှု ကိစ္စတွေဟာ အမျိုးသမီး အခွင့်အရေးနဲ့ ပြဌာန်းဥပဒေ ဆန့်ကျင်လို့မရပါဘူးဆိုတာကို ဒီဖြေရှင်းပေးနေတဲ့ လူမှုပါတ်ဝန်းကျင် တစ်ခုလုံးက နားလည်သဘောပေါက်ထားတယ်ဆိုရင်တော့ ကျမတို့ မျှတတဲ့ဟာတွေ ဖြစ်လာဖြစ်တော့ အမျိုးသမီးတွေကလည်း ပြောရဲဆိုရဲ ပိုရှိလာမယ်လို့ ကျမထင်ပါတယ်”လို့ ပြောပါတယ်။  

 

တချို့သောတိုင်းရင်းသားဒေသတွေမှာကျင့်သုံးလာတဲ့ ရိုးရာဓလေ့အရဖြေရှင်းမှုတွေ ရှိနေပြီးအမျိုးသမီးဖက်မှ မိမိတို့ မကျေနပ်ချက်တွေကို ပြန်လည်ပြောဖို့ အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။

 

ဒီလိုရိုးရာအရဖြေရှင်းမှုတွေကို အဖက်ဖက်ကမကျေနပ်မှုတွေ ရှိနေမယ်ဆိုရင် မြန်မာနိုင်ငံက ပြဌာန်းထားတဲ့ ပြဌာန်းဥပဒေ ပြစ်မှုဆိုင်ရာဥပဒေရာဇတကြီးနဲ့ တရားစွဲလို့ ရတယ်လို့ ဒေါ်လှလှရီကဆက်ပြောပါတယ်။

 

ဒေါ်လှလှရီက “ဥပဒေထဲမှာ အမျိုးသမီးတစ်ယောက်ကို ကာမကို လိမ်လည်ပြီးတော့ ကိုယ်ဝန်ရှိသွားသည် ဖြစ်စေ မရှိသည်ဖြစ်စေ ကာမကို လိမ်လည်ပြီးတော့ မယူတော့ဘူးဆိုရင် လက်လွတ်စပယ်ငြင်းပယ်တယ်။ လက်ထပ်ဖို့အတွက်လည်း ကန့်ကွက်တယ်ဆိုရင် ပစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁ရ လိမ်လည်မှုနဲ့ ကျမတို့ တရားစွဲတယ်လို့ ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် ကျူးလွန်တဲ့သူက ထောင်ဒဏ် ၃ နှစ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရလုံးဖြစ်စေ ကျခံနိုင်ပါတယ်”လို့ ပြောပါတယ်။

 

တရားဥပဒေနဲ့ ဖြေရှင်းလို့ရပြီဖြစ်ပေမယ့် ကျေးရွာတွေမှာနေထိုင်ကြတဲ့ သူတွေအတွက်ကတော့ ဥပဒေအရဖြေရှင်းနိုင်ဖို့ကအခက်အခဲတွေ ရှိနေပါသေးတယ်။ ခံရသူအမျိုးသမီးဖက်ကဥပဒေသိရှိနားလည်မှု အားနည်းနေသေးတာဖြစ်သလိုဒေသရဲ့ ရိုးရာဓလေ့အပေါ် သုံးစွဲမှုအားကောင်းနေတာဟာဥပဒေနဲ့ ဖြေရှင်းနိုင်ဖို့ အမျိုးသမီးတွေအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။

 

လင်မယားကွဲ၊ ကာမလိမ်လည်ရယူမှု စတဲ့ ဖြစ်စဉ်တွေဟာကျေးရွာတွေမှာအများအပြားရှိနေပြီးရိုးရာဓလေ့နဲ့ ဖြေရှင်းမှု တခုတည်းလုပ်ဆောင်နေတာမျိုးမဟုတ်ပဲပစ်ပယ်သင့်တဲ့ ရိုးရာတွေကိုပစ်ပယ်ပြီးထပ်မံဖြည့်စွက် ထိန်းသိမ်းသင့်တဲ့ ဓလေ့ကိုလည်း ထိန်းသိမ်းရင်းဥပဒေအကြောင်းအရာများနဲ့လည်းဖြေရှင်းမှုတွေ ပြုလုပ်သင့်ကြောင်း ဒေါတမကြီးကျေးရွာ ဥက္ကဌ ခူးကိုရယ်ကပြောပါတယ်။

ကရင်နီအမျိုးသမီးအစည်းအရုံးမှ အကြမ်းဖက်ခံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ကူညီစောင့်ရှောက်မှု – ကြီးကြပ်သူ မော်ဘျားမာဦးက ” ကျမတို့ ကြုံနေရတဲ့ ဒီကယားပြည်နယ်ထဲမှာပဲကို သူတို့ရဲ့ နေရာတစ်နေရာနဲ့ တစ်နေရာက ဖြေရှင်းပုံ သူတို့ရဲ့ ရိုးရာဓလေ့အရပဲပြောပြော သူတို့ရဲ့ ဖြေရှင်းပုံက မတူကြဘူးပေါ့နော။ တချို့ဆိုရင် အမျိုးသမီးတွေ ခံနေရတယ် အမျိုးသမီးဖက်ကနေပြီးတော့မှ လျော်ကြေးတွေ ပြန်ပြီးတော့မှ ပေးနေရတဲ့ဟာမျိုးတွေ ရှိတယ်ပေါ့နော ခုနကပြောသလိုပဲ ဒေသတခုနဲ့တခုကတော့ သူတို့ရဲ့ ရိုးရာဓလေ့အရတော့ မတူဘူးပေါ့နော။”လို့ ပြောပါတယ်။

မော်မီမာ( နာမည်လွဲ )လိုပဲရိုးရာဓလေ့နဲ့ ဖြေရှင်းလိုက်ရတဲ့ ဒေါတမကြီးကျေးရွာမှာနေထိုင်တဲ့ မော်စုမြာကတော့ အိမ်ထောင် နှစ်ဆက် ကွဲပြီးအခုဆိုရင် ကလေးနှစ်ယောက်နဲ့ မိသားစုစားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

မော်စုမြာဟာပထမအိမ်ထောင်နဲ့ မိဘတွေရဲ့ တိုက်တွန်းမှုကြောင့် အိမ်ထောင်ကွဲပြီးကလေးတစ်ယောက်နဲ့ ကျန်နေခဲ့ရပါတယ်။ ဒုတိယအိမ်ထောင်ထပ်ပြုချိန်မှာအမျိုးသားကထိုင်းနိုင်ငံမှာအလုပ်သွားလုပ်ရင်းနောက်အိမ်ထောင် ထပ်ပြုလို့ မော်စုမြာနဲ့ ကွာရှင်းဖို့ ဖြစ်လာပါတယ်။ မော်စုမယ်ဟာ အိမ်ထောင် နှစ်ဆက် လုံးကို ရပ်ရွာလူကြီးတွေနဲ့ပဲရွာဓလေ့အရ ဖြေရှင်းခဲ့ ပါတယ်။

 

ကွာရှင်းတိုင်းငွေသားကျပ် ၄သောင်းနဲ့ ဆန် ၃ အိတ်သာရရှိတဲ့အပြင် ရိုးရာဓလေ့အရဖြေရှင်းမှုမှာ လိုက်ပါဆောင်ရွက်ပေးသူတွေကိုဧည့်ခံဖို့ကလည်းသူမရရှိတဲ့ ကျပ် ၄ သောင်းထဲကနေထုတ်သုံးနေရပါတယ်။

 

မော်စုမယ်က “ပြန်ပြောဖို့မှမရတာ။  သူတို့ပြောတာကိုလက်ခံပြီး ကိုယ့်စိတ်ကိုကောင်းကောင်းထားဖို့ပဲ ရှိတော့တာပေါ့”လို့ အသံ တိမ်တိမ်လေးနဲ့ ပြောပြပါတယ်။

 

မော်မီမာကတော့ “ရိုးရာနဲ့ ဖြေရှင်းတာမျိုး မရှိစေချင်တော့ဘူး။ တရားဥပဒေအတိုင်း ဖြေရှင်းတာမျိုးကို လိုချင်တယ်။ ကျမတို့ အမျိုးသမီးတွေအတွက် ရွာတွေမှာ ရိုးရာနဲ့ ဖြေရှင်းတော့ မိန်းမတွေက ဈေးမရှိသလိုဖြစ်သွားတယ်။

 

ဒီလို ဖြေရှင်းတော့ အမျိုးသားတွေက ဒီလောက်ပဲ ပေးရတာလေဆိုပြီးတော့ လုပ်နေကြတာ။ ဥပဒေအတိုင်းသွားမယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်”လို့ မျက်ရည်ကို မကျအောင် ထိန်းပြီး ပြောပါတယ်။ 

 

သူတို့လိုပဲရိုးရာဓလေ့အရဖိနှိပ်ခံနေရတဲ့အမျိုးသမီးတွေဟာကလေးတွေနဲ့ ဒုက္ခရောက်ပြီးစားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေရတဲ့ အမျိုးသမီးတွေဟာသူတို့နေထိုင်တဲ့ ဒေသမှာတော်တော်များများရှိနေပါတယ်။

ဒီလိုဓလေ့နဲ့ ဖြေရှင်းမှုမျိုးကိုမကြိုက်ပေမယ့် ဥပဒေအရဖြေရှင်းနိုင်ဖို့ကလည်းသူတို့ရဲ့ ပါတ်ဝန်းကျင်းမှာပထမဆုံးရိုးရာကို ပြန်လည် အာခံပြီးပြောတဲ့ အမျိုးသမီးအနေနဲ့ မဖြစ်ချင်ကြပါဘူး။

 

မော်မီမာက “အမျိုးသမီးတွေရဲ့ တန်ဖိုးကကျပ် တစ်သိန်းခွဲပဲရှိတာလား။ ကျမတို့လိုမျိုးသူများတွေ မဖြစ်အောင် ဥပေဒနဲ့ ဖြေရှင်းချင်တယ်။ ဒါပေမယ့် အရင်ကဒီလိုမျိုးတခါမှ မလုပ်ခဲ့ဖူးတော့ ကျမပထမဆုံး ပြန်ပြောတဲ့သူတစ်ယောက်အနေနဲ့ မဖြစ်ချင်ဘူး”လို့ ပြောပါတယ်။  

 

ဒေါတမကြီး ကျေးရွာဥက္ကဌ ဦးကိုရယ် “ကျနော့် တယောက်ထဲသဘောကတော့ တရားဥပဒေသဘောအတိုင်း လိုက်နာချင်တယ်။ ဒါပေမဲ့ ကျနော်တို့ ဒီမှာက တရားဥပဒေစိုးမိုးမှုကမရှိတဲ့အခါကျတော့ ၊ ဥပဒေကို နားလည်တဲ့သူတွေ မရှိတဲ့အခါကျတော့ တယောက်ထဲ လိုက်နာ(ဥပဒေ) လို့လည်းမဖြစ်နိုင်တဲ့ သဘောမှာရှိတယ်။ ဘာလိုအပ်လဲဆိုရင်တော့ တခြားအဖွဲ့အစည်းတွေဖြစ်ဖြစ် ၊ အမျိုးသမီးအဖွဲ့တွေဖြစ်ဖြစ် အကြမ်းဖက်မှုဥပဒေတွေကို လာရောက်ရှင်းပြ တာတွေလုပ်ပေးသင့်တယ်။”လို့ ပြောပါတယ်။

 

အကြမ်းဖက်မှုများထဲတွင် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စီးပွားရေးပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် ယဉ်ကျေးမှုပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့ ဖြစ်ပါတယ်။ မော်မီမာတို့ ကြုံတွေ့နေရတဲ့ ဖြစ်ရပ်များဟာ အကြမ်းဖက်မှုဖြစ်ပြီး ယဉ်ကျေးမှုပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းထဲမှ ထိခိုက်နစ်နာစေသော မိရိုးဖလာ ထုံးတမ်းစဉ်လာများထဲမှာ အကျုံးဝင်တာ ဖြစ်ပါတယ်။

 

Comments

comments

Next Post

ပြည်နယ်အစိုးရ ဌာနဆိုင်ရာအသံများကိုသာနားထောင်သည်ဟုဆို

Thu May 11 , 2017
ထျိုးမြာ ကယားပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့တာဝန်ထမ်းဆောင်ရာတွင် လူထုအသံနားထောင်မှုအားနည်းပြီး ဌာနဆိုင်ရာများ၏အသံကိုသာအဓိကနားထောင်နေသည်ကိုတွေ့ရသည်ဟု တစ်ချို့သောလွှတ်တော်အမတ်နှင့် အခြားနိုင်ငံရေးပါတီတစ်ချို့က သုံးသပ်ပြောဆိုသွားပါသည်။ လွှတ်တော်အမတ်များအနေနှင့် မိမိမဲဆန္ဒနယ်ရှိလူထုများနှင့် အခြားလူထုများ၏အခက်အခဲကိုသိရှိနိုင်ရန်အတွက် ကွင်းဆင်းလေ့လာလျက်ရှိသည်။ သို့သော် အစိုးရဝန်ကြီးများဖြစ်သွားသော ကိုယ်စားလှယ်တစ်ချို့သည် ပြည်သူလူထု၏ အသံနားထောင်ပြီး ပူးပေါင်းဆောင်ရွက်သည့် အပိုင်းအားနည်းနေသည်ကိုတွေ့ရသည်ဟု ပြည်နယ်လွှတ်တော် မယ်စဲမဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်အမတ် ဦးအောင်နိုင်ဦးက ပြောပါသည်။ “ ကျနော်တို့က ကိုယ့်မြို့နယ်ကို ကိုယ်သွားရတယ်။ ပြည်သူလူထုတွေရဲ့အခက်အခဲတွေကိုလည်း လွှတ်တော်မှာ ကျနော်တို့ပြန်မေးတယ်။ မေးတဲ့အချိန်ကျလို့ရှိရင်လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ထိထိရောက်ရောက် လွှတ်တော်ကိုယ်စားလှယ်ကသိတယ်။ ဒီအစိုးရ ၊ လက်ရှိ ရှိတဲ့ ဝန်ကြီးတွေက ကွင်းမဆင်းမလေ့လာတော့မသိလာဘူး။ သူတို့ပြန်ဖြေတဲ့ မေးခွန်းတွေကကျနော်တို့အတွက်မလုံလောက်ဘူး။ ကျနော်တို့သိချင်တဲ့မေးခွန်းကတစ်မျိုး သူတို့ဖြေလာတဲ့ဟာက သူတို့ဌာနဆိုင်ရာက အကြီးအကဲတွေကပေးလာတဲ့စာရွက်ပေါ်မှာ ဖြေတဲ့အသိလောက်ပဲသိတာကိုး.. […]