spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယာဒိုကျေးရွာက စစ်ရှောင်တချို့ စားနပ်ရိက္ခာအပြင် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်နဲ့ ထိစပ်နေတဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ယာဒိုဒေသမှာ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံ ၂၀၀၀(နှစ်ထောင်)ဝန်းကျင် ဟာ လက်ရှိမှာ စားနပ်ရိက္ခာအပြင် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးသူတွေက ပြောပါတယ်။

လက်ရှိ တောတောင်တွေထဲမှာ ခိုလှုံနေကြရပြီး စစ်ဘေးရှောင်တချို့ဟာ တိုက်ပွဲဖြစ်ပွားတဲ့ ရက်ကြာရှည်လာတာနဲ့အမျှ ကျန်းမာရေးဆိုင်ရာ ဆေးဝါးစောင့်ရှောက်မှု အခက်အခဲရှိနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ ဦးဖိုးဇော်က ပြောပါတယ်။

“ယာဒိုဒေသ တောတောင်ထဲမှာနေနေတဲ့ စစ်ရှောင်၁၀၀ကျော်က ဆေးဝါးစောင့်ရှောက်မှုတော့ မရှိဘူးပေါ့နော်။ ရိက္ခာလည်း ပြတ်ခါနီးပြီ။ ဆေးဝါးစောင့်ရှောက်မှုလည်း မရှိဘူး။ တောတောင်ထဲမှာ ကြုံသလို တဲထိုးပြီးနေကြတော့လေ။ အဲ့အဖွဲ့တွေတော့ တော်တော်လေး အခက်ခဲတွေရှိတယ်။ တော်တော်လေး ဆန်၊ဆီ၊ဆား ရိက္ခာအပြင် ဆေးဝါးလေး ထောက်ပံ့ဖို့လိုအပ်တာပေါ့နော်”လို့ ဦးဖိုးဇော်က ဆိုပါတယ်။

စစ်ရှောင်ဦးရေများတဲ့အတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်း မလုံလောက်တာကြောင့် စစ်ရှောင်တွေဟာ စုပေါင်းချက်ပြုတ်စားသောက်နေကြတယ်လို့လည်း ဆိုပါတယ်။

“စုပေါင်းဘုံစနစ်နဲ့ ချက်ပြုတ်နေကြတယ်။ ပေါင်းပြီးတော့ ချက်စားတာပေါ့နော်။ ပေါင်းပြီးတော့ ထမင်းတို့ ဟင်းတို့ချက်စားတာတို့ လုပ်တယ်။ လတ်တလောတော့ သူတို့ အဲ့မှာ နေတဲ့လူတွေက ဆန်နည်းနည်းရှိသေးတာပေါ့နော်။ အဓိကက သူတို့လိုအပ်တာတွေက အိုးခွက် ၊ပန်းကန်၊ဆန် ၊ခြင်ထောင်ပေါ့နော်။ ထမင်းချက်ဖို့အိုးတွေ ထမင်းစားဖို့ ပန်းကန်တွေပေါ့နော်။ အဲ့ဒါတွေ အဓိကအရေးပေါ် လိုအပ်နေတယ်ပေါ့နော်။ နောက်စောင် ခြင်ထောင် အဝတ်ထည်တွေပေါ့ လိုအပ်နေတယ်။ ကျန်တာတွေက ဟိုဖက်ဒီဖက် အဖွဲ့အစည်းက နည်းနည်းလေး ပေးတာတွေရှိတယ်”လို့ ဦးဖိုးဇော်က ဆိုပါတယ်။

ရွာနဲ့ အနီးဆုံးနေရာတွေမှာ တဲထိုးနေထိုင်ကြတဲ့ စစ်ရှောင်တစ်ချို့မှာလည်း လူဦးရာနဲ့ချီရှိနေပြီး အဲဒီစစ်ရှောင်တွေအပါအဝင် တောထဲရှောင်တိမ်းနေရတဲ့ ယာဒိုစစ်ရှောင်တွေအတွက် နီးစပ်ရာအဖွဲ့အစည်းတွေက ထောက်ပံ့ကူညီပေးတာရှိပေမဲ့ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ယာဒိုဒေသအတွင်း ပြီးခဲ့တဲ့ ဇူလိုင်လ (၁၁)ရက်နေ့မှ စတင်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ယာဒိုကျေးရွာနဲ့ အနီးအနားက ကျေးရွာတွေကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်မှု (၃၃) ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ဇူလိုင်လ (၃၀)ရက်နေ့မှာ ရုပ်သံသတင်းထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts